သားကလေးကသာ အရာရာမှာ အနိုင်ယူသွားတယ်လို့ ဆိုတဲ့ မင်းသမီး ဆုပန်ထွာ

ဆုပန်ထွာနဲ့ ခင်ပွန်းသည် ကိုဥက္ကာကျော်တို့ကို သူတို့သားလေး Roar Roar အတွက် ရည်ရွယ်ကျင်းပတဲ့ Baby Shower ပွဲမှာ တွေ့ရစဉ်။ နေမခ/ဆုပန်ထွာဖေ့စ်ဘွတ်ခ်မှဆုပန်ထွာနဲ့ ခင်ပွန်းသည် ကိုဥက္ကာကျော်တို့ကို သူတို့သားလေး Roar Roar အတွက် ရည်ရွယ်ကျင်းပတဲ့ Baby Shower ပွဲမှာ တွေ့ရစဉ်။ နေမခ/ဆုပန်ထွာဖေ့စ်ဘွတ်ခ်မှ

သရုပ်ဆောင် ဆုပန်ထွာတစ်ယောက် သားဦးလေး ကိုယ်ဝန်လွယ်ထားရတာ ခုနစ်လရှိသွားပါပြီ။

သားကလေးရဲ့ အမည်ကိုလည်း ချစ်စနိုးနဲ့ Roar Roar လို့ ရွေးထားပြီးပါပြီ။

ဆုပန်ထွာရဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း မကြာခင်မှာ မွေးဖွားလာတော့မယ့် သားကလေးကို
ကြိုဆိုတဲ့ အနောက်တိုင်းဆန်ဆန် Baby shower ပွဲလေးကို ဇူလိုင်လ ၂၄ ရက်နေ့က
ကျင်းပပေးခဲ့ပါတယ်။

"ဒီလိုပွဲလေးကို မပန်ကိုယ်တိုင်တောင် အရင်က ဘာမှန်းမသိဘူး။ နောက်မှ အမျိုးသားကရှင်းပြတော့
နိုင်ငံခြားမှာ ကလေးမမွေးခင် ကလေးကို ကြိုတဲ့ပွဲမျိုးဆိုတာ သိရတယ်။ နောက်ပြီး ဒီပွဲကို ကာယကံရှင်
ကိုယ်ဝန်ဆောင်တွေ မသိအောင် သူ့ရဲ့ အမျိုးတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေက
လုပ်ပေးကြတာမျိုးပါ။ မိခင်တယောက်ရဲ့ ဘ၀မှာ သူ့ကိုချစ်တဲ့ ခင်တဲ့သူတွေ ဘယ်လောက်ရှိသလဲ၊
သူ့အပေါ် ဂရုစိုက်တဲ့သူတွေ ဘယ်လောက်ရှိသလဲဆိုတာ သိရတယ်။ အခုလည်း ကိုယ်တွေ
အကုန်အကျခံပြီးလုပ်ရတဲ့ ပွဲမျိုးမဟုတ်ပါဘူး။ ဒီလိုပွဲမျိုးလုပ်ပေးတော့ လုပ်ပေးခဲ့တဲ့သူတွေကို
အရမ်းကျေးဇူးလည်း တင်တယ်။ အရမ်းပျော်ခဲ့ကြရပါတယ်"လို့ အသက် ၃၅ နှစ်ကျော်သွားပြီဖြစ်တဲ့
မိခင်လောင်း ဆုပန်ထွာက ဆိုပါတယ်။

ပွဲလုပ်ဖြစ်တဲ့အပေါ် တချို့သူတွေက တခြားမှာလှူလိုက်တာကမှ ပိုအဓိပ္ပာယ်ရှိသေးတယ်ဆိုပြီး
ဝေဖန်ပြောဆိုကြပေမဲ့ အဲဒီအပေါ်မှာ ဘာမှပြန်ပြီး အပြစ်မပြောလိုပါဘူးလို့လည်း ဆုပန်ထွာက
ဆိုပါတယ်။

"အဓိကကတော့ အနုပညာသမားဆိုတာက ကိုယ့်ကို ချစ်တဲ့သူတွေရှိသလို မုန်းတဲ့သူတွေလည်း
ရှိမှာပဲ။ အားလုံးကိုတော့ အစ်မက အချိန်တန်ရင် အကြောင်းမှန်ကို သိသွားမှာပဲလို့ ယုံကြည်တယ်။
ကိုဥက္ကာနဲ့ အစ်မတို့ ဘ၀အစတုန်းကလိုပေါ့။ လူတွေက အဖြစ်မှန်ကို သေချာမသိတော့
ဝိုင်းဆဲကြတယ်။ အထင်တွေ လွဲကြတယ်။ ခုချိန်ထိလည်း အထင်တွေလွဲနေကြတဲ့သူတွေ ရှိတယ်။
ပထမအိမ်ထောင် တစ်ခုကို သူတရားဝင်ပြတ်စဲပြီးသွားလို့ အစ်မကို ချစ်ရေးဆိုတယ်၊
လက်ထပ်ယူတယ်။ အစ်မဆိုလည်း ဒီတိုင်းပဲ။ ကိုယ်က အပျိုဖြစ်တဲ့အတွက် သူ့ကို လူလွတ်ဆိုတာ
တရားဝင်သိပြီးမှ ယူခဲ့တာ။ နို့မို့ဆို ဘယ်ရပါ့မလဲ။ အစ်မတို့ အခြေအနေလေးကို သိတဲ့သူ၊ မသိတဲ့သူ
ရှိတယ်။ ဆဲကြလည်း ခွင့်လွှတ်ပါတယ်။ အခုလည်း ဒီအတိုင်းပဲ ဒီပွဲလေးလုပ်တာကို
ပြောကြတယ်"လို့ ဆုပန်ထွာက ပြောပါတယ်။

ခုလို ကိုယ်ဝန်ရလာတာကလည်း အဓိဋ္ဌာန်ဝင်ပြီး ဘုရားမှာ ဆုပန်ခဲ့တာလို့လည်း မင်းသမီးက
ပြောပြပါတယ်။

"ဒီကိုယ်ဝန် စမရခင်ကတည်းက နှစ်ယောက်စလုံး ကလေးလိုချင်ခဲ့တယ်။ သားလေးဖြစ်ဖြစ်၊
သမီးလေးဖြစ်ဖြစ်ပေါ့။ အဲဒါနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ပုဂံသွားတော့ ပုဂံက
အလိုတော်ပြည့်ဘုရားမှာ ကလေးဆုတောင်းခဲ့တယ်။ ငါးပါးသီလခံယူတယ်၊ အဓိဋ္ဌာန်ဂါထာတွေ
ရွတ်တယ်၊ ဂုဏ်တော်ပဋ္ဌာန်းကို အကျယ်တစ်လရွတ်ပြီး အဓိဋ္ဌာန်လုပ်ခဲ့တယ်။ တစ်လပြည့်တဲ့
ဒီနှစ်ဆန်းမှာပဲ ကလေးရမှန်း သိခဲ့တယ်"လို့ ကလေးရဖို့ စိတ်အားထက်သန်ခဲ့ပုံကိုလည်း
ပြောပြပါတယ်။

"အစ်မကတော့ ယောက်ျားလေး ပိုလိုချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ 'ငါ့တုန်းက မေမေ
တောက်လျှောက်လိုက်ခဲ့ရသလို ငါလည်း လိုက်ရမှာပါလား'ဆိုပြီး ဖြစ်မိ၊ စိတ်ပူမိတယ်။
ကိုယ်ဝန်ဆောင်ပြီး လေးလလောက်ကျတော့မှ အယ်ထရာဆောင်းရိုက်ကြည့်တော့
ယောက်ျားလေးမှန်း သိရတာ။ နှစ်ယောက်လုံး လိုချင်တဲ့ ယောက်ျားလေးရတော့ ပိုပျော်ရတာပေါ့။
သူ့အတွက်လည်း စိတ်တစ်ဝက်အေးနေတယ်"လို့လည်း ဆုပန်ထွာက ပြောပါတယ်။

ကျန်းမာရေးအတွက် ခင်ပွန်းသည်ဖြစ်တဲ့ ကိုဥက္ကာကျော်က အွန်လိုင်းကနေလေ့လာပြီး ရှောင်ရ၊
ဆောင်ရမှာတွေ၊ နေထိုင်ပြုမူရမှာတွေကို ပြောလေ့ရှိတဲ့အပြင် သူကိုယ်တိုင်ကလည်း သူကြိုက်တဲ့
ကော်ဖီ၊ အားဖြည့် အချိုရည်တွေကို ရှောင်နေပြီး အဲဒီအစား ငှက်ပျောသီး၊ ကြက်ဥ၊ နွားနို့၊
အုန်းစိမ်းရည်တို့သာ သောက်ဖြစ်၊ စားဖြစ်တော့တယ်လို့လည်း ဆိုပါတယ်။

"ကိုဥက္ကာဆိုရင် အစ်မက ရှပ်ပြာနိုင်တော့ အစ်မ ကိုယ်ဝန်စလွယ်ကတည်းက ချော်လဲမှာကြောက်လို့
အစ်မနားမှာပဲ နေတယ်။ အစ်မရှုတင်ကို လိုက်တယ်။ အခုဆိုရင် သူ့အလုပ်တွေကို သူ့တပည့်တွေနဲ့
လွှဲထားပြီး ကိုယ့်ကိုပဲ ဂရုစိုက်တယ်။ အစ်မဆိုရင်လည်း ဖျားနာတာ မခံဘူး။ ကိုယ်ကြိုက်တာ၊
မကြိုက်တာထက် ကလေးအတွက် အာဟာရရှိမယ့်အစားအစာကို စားတယ်။ တချို့အစားအစာတွေ
ဆိုရင် စားရတာ ခုနစ်လရှိနေ ပြီဆိုတော့ အီနေပြီ။ ဒါပေမဲ့ သားသားအတွက် စားတာပဲဆိုပြီးတော့
စားတယ်။ အရင်က ကိုယ့်စိတ်ကြိုက် ကိုယ်ဘ၀ကိုယ့်ဘာသာ ဖန်တီးတယ်ဆိုပေမဲ့
အခုဖြစ်နေတာတွေက တမင်တကာလုပ်ယူလို့မရဘူး။ ကိုယ်မိခင် ဘ၀ဖြစ်လာတဲ့အပေါ်မှာပဲ
စိတ်က ပြောင်းလဲသွားတာ။ အရာရာကို ကလေးကသာ အနိုင်ယူသွားတာ။
ဒါပေမဲ့ အစ်မ ပျော်ပါတယ်"လို့ အနုပညာသက်တမ်း ၁၅ နှစ် ကျော်သွားပြီဖြစ်တဲ့
မင်းသမီး ဆုပန်ထွာက ဆိုပါတယ်။

စက်တင်ဘာလ ၁၉ ရက်မှာ ခွဲပြီးမီးဖွားဖို့ ဆရာဝန်က သတ်မှတ်ပေးထားတာမို့ မီးမဖွားခင်မှာ
ဇာတ်နဲ့ ကိုက်ညီပြီး ကိုယ်ဝန်အစစ်နဲ့ ရိုက်ကူးချင်လို့ လာကမ်းလှမ်းထားတာတွေကို လတ်တလောမှာ
ရိုက်ကူးနေပါတယ်။

ခင်ပွန်းသည်ဖြစ်တဲ့ ကိုဥက္ကာကျော်က သူ့ရဲ့ သရုပ်ဆောင်အလုပ်ကို ချုပ်ချယ်ကန့်သတ်မှု မရှိဘူးလို့
ဆိုတာမို့ အိမ်ထောင်သည်ဘ၀ကနေ မိခင်လောင်းဘ၀၊ နောက်ပိုင်း ကလေးမီးဖွားပြီးတဲ့အခါမှာလည်း
သရုပ်ဆောင်အလုပ်ကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

နေအိမ်မှာလည်း သားသားလေး Roar Roar အတွက် ကိုယ်ပိုင်အခန်းလေးကို နှစ်ယောက်အတူ
ပြင်ဆင်နေပြီလို့လည်း ဆိုပါတယ်။

ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးရတာ အိမ်တစ်အိမ် တည်ဆောက်သလိုပဲလို့ဆိုတဲ့ သူက
ကျန်းမာရေး လိုက်စားမှု၊ ကုသိုလ်ကောင်းမှု စတာတွေလုပ်ပြီး ခြင်္သေ့ဟိန်းဟောက်တဲ့ အသံလိုမျိုး
ချစ်စနိုးနဲ့ပေးထားတဲ့ သားဦးလေး Roar Roar ကို စောင့်ကြိုနေပါပြီ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်