အယ်မလီဖြိုးရဲ့ ၃၆၅ ရက်မှာ ၃၆၅ ယောက်စာ ဖြစ်တည်မှု

ကိုယ်တိုင် ပေကြိုးစည်းကာ ဓာတ်ပုံရိုက်ခံခဲ့သည့် အယ်မလီဖြိုး။ အောင်ခန့်/မြန်မာတိုင်း(မ်)ကိုယ်တိုင် ပေကြိုးစည်းကာ ဓာတ်ပုံရိုက်ခံခဲ့သည့် အယ်မလီဖြိုး။ အောင်ခန့်/မြန်မာတိုင်း(မ်)

အနုပညာရှင် အယ်မလီဖြိုးဟာ ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံးမှာ လူပေါင်း ၃၆၅ ဦးကို ဓာတ်ပုံရိုက်ယူနိုင်ဖို့
ကြိုးစားခဲ့ပါတယ်။

သူ ဘယ်လိုပုံစံမျိုး ရိုက်ကူးခဲ့တာလဲ ...။

လူတွေရဲ့ မျက်လုံးကို ပေကြိုးနဲ့ပိတ်စည်းပြီး မျက်လုံးမှိတ်ထားရတဲ့အချိန်မှာ လူတစ်ယောက်ရဲ့
ဖြစ်တည်မှုကို စဉ်းစားစေပြီး မျက်နှာသွင်ပြင်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ရိုက်ကူးတာဖြစ်ပါတယ်။

အယ်မလီဖြိုးဟာ ဓာတ်ပုံရိုက်ခံမယ့်သူကို နေ့စဉ်မပြတ် တစ်နှစ်ပတ်လုံး လိုက်ရှာပြီး
ဓာတ်ပုံရိုက်ကူးခဲ့တဲ့ သူ့ရဲ့စီမံကိန်းကို ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

သူ့စီမံကိန်းရဲ့အမည်ကို 'ဖြစ်တည်မှု' လို့ပေးခဲ့ပြီး ပေကြိုးနဲ့ မျက်လုံးကို ပိတ်လိုက်တဲ့အခါမှာ လူတွေရဲ့
လက်ရှိရောက်ရှိနေတဲ့ အသက် (ပေကြိုးပေါ်က နံပါတ်)ကို မျက်ခုံးနှစ်ခုကြား အလည်တည့်တည့်မှာ
ထားပြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

စီမံကိန်းကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မှာ အောင်မြင်စွာပြီးဆုံးသွားပြီးတဲ့နောက် ခုနစ်လအကြာမှာ
"Being 365" ဆိုတဲ့ အမည်နဲ့ လူအများကို ပြသလိုက်ပြီဖြစ်ပါတယ်။

ပြပွဲကို ဩဂုတ် ၁၃ ရက်ကတည်းက ကျင်းပနေတာဖြစ်ပြီး ၂၇ ရက်အထိ ပြသသွားမှာဖြစ်ပါတယ်။

နေရာကတော့ အမှတ် ၉၈၊ သုံးလွှာ၊ ဗိုလ်ကလေးဈေးလမ်းက Myanmar/Art အနုပညာပြခန်းမှာ
ဖြစ်ပါတယ်။

"ကျွန်မက စက်ချုပ်တဲ့သူဆိုတော့ အ၀တ်တိုင်းတဲ့ ဒီပေကြိုးတွေက နေ့တိုင်း ထိတွေ့နေရတဲ့
အရေးကြီးတဲ့အရာတွေပါပဲ။ ဒါပေမဲ့ တစ်ခါတလေတော့ ကျွန်မ အဲဒီပေကြိုးတွေကို
မကိုင်ချင်လောက်အောင် ငြီးငွေ့ပါတယ်။ အနုပညာကိုချစ်ပေမဲ့ တစ်ဖက်က ၀င်ငွေရအောင်လည်း
စက်ချုပ်ရပါသေးတယ်"လို့ ပေကြိုးနဲ့ သူ့ရဲ့ကြားက ဆက်နွှယ်မှုကို အယ်မလီဖြိုးက ပြောပြပါတယ်။

နောက်ဆုံးမှာတော့ အသက်မွေးဝမ်းကျောင်းအလုပ်က အရေးပါတဲ့ အရာတစ်ခုကို
အနုပညာတင်ဆက်မှုအဖြစ် ပြောင်းလဲလိုက်တဲ့အခါ ခုလို လူအများကိုဝေမျှနိုင်တဲ့ အနုပညာပွဲတစ်ခု
ဖြစ်လာပါတော့တယ်။

မျက်လုံးပေါ်က ပေကြိုးကိုကြည့်ပြီး ဓာတ်ပုံအရိုက်ခံခဲ့ သူတွေရဲ့ အသက်တွေကို သိနိုင်မှာဖြစ်သလို
တချို့ကတော့ မျက်လုံးမှိတ်ထားတဲ့အချိန်မှာ စဉ်းစားမိနေတဲ့ ဖြစ်တည်မှုတွေကို နာမည်အရင်းနဲ့
ဖွင့်ပြောခဲ့ကြပြီး အဲဒီမှတ်တမ်းတွေကိုလည်း ပြပွဲမှာ ပြသထားပါတယ်။

တစ်နှစ်တာအတွင်းမှာ လူအမျိုးမျိုးရဲ့ ဖြစ်တည်မှုတွေကို မှတ်တမ်းယူရာမှာ နိုင်ငံရေး၊ စီးပွားရေး၊
ဘာသာရေး စတာတွေ ဖွင့်ဟခဲ့ကြပြီး ရွေးကောက်ပွဲကာလအတွင်းက ဓာတ်ပုံရိုက်ကူးမှုတွေမှာတော့
ရွေးကောက်ပွဲဆိုင်ရာမျှော်လင့်ချက်တွေ ထည့်သွင်းပြောဆိုခဲ့ကြပါတယ်။

တစ်ရက်ချင်းစီအလိုက် တစ်နှစ်စာ လူ ၃၆၅ ယောက်ရဲ့ဓာတ်ပုံ ရိုက်ကူးဖို့ဆိုတာ လွယ်ကူတဲ့
အလုပ်တော့ မဟုတ်ပါဘူး။

အယ်မလီအတွက် ပိုလို့ခက်ခဲခဲ့ပါတယ်။

သူ့ရဲ့ သားကလေးကို မွေးပြီးပြီးချင်းမှာ စလုပ်ခဲ့တာမို့ ကလေးကို အချိန်ပေးရတာတွေအပါအ၀င်
စိန်ခေါ်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

"ကိုယ်ဝန်နဲ့ကတည်းက အဲဒီဓာတ်ပုံရိုက်တဲ့ အစီအစဉ်ကို လုပ်ချင်ပေမယ့် ငြိမ်နေခဲ့ရတယ်။
သားလေးမွေးပြီးတော့ ဓာတ်ပုံစရိုက်တော့လည်း ကလေးငိုတဲ့အချိန်တွေ၊ ကလေးကို
အချိန်ပေးရတာတွေ ရှိနေတော့ တစ်ခါတလေ သူအိပ်ပျော်သွားတဲ့အချိန် ည ၁၁ နာရီလောက်မှ
ကင်မရာကိုင်ပြီး ဓာတ်ပုံအရိုက်ခံမယ့်လူ လိုက်ရှာရတာလည်း တကယ်ကို စိတ်တွေ
ပင်ပန်းခဲ့ရပါတယ်"လို့ လက်ရှိမှာ တစ်နှစ်နဲ့ ရှစ်လအရွယ်ဖြစ်လာပြီဖြစ်တဲ့ မိခင် အယ်မလီဖြိုးက
ပြောပါတယ်။

လူငါးယောက်ကို ဓာတ်ပုံရိုက်ခံပေးဖို့ ကြိုးစားကြည့်တဲ့အခါ တစ်ယောက်လောက်ပဲ လက်ခံတတ်ကြပြီး
အများစုက အ၀တ်တိုင်းတဲ့ ပေကြိုးနဲ့ မျက်လုံးစည်းခံရမှာကို ငြင်းဆန်ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ရည်ရွယ်ထားတဲ့အတိုင်းပဲ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

"လူတော်တော်များများက ကလေးငယ်လေးနဲ့ ကျွန်မ အမျိုးမျိုးသော လူတွေက
နေ့စဉ်လိုက်ဓာတ်ပုံရိုက်တဲ့ ဒီပရောဂျက်ကို မအောင်မြင်နိုင်ဘူးလို့ ဝေဖန်ကြပါတယ်။
ဒါပေမဲ့ မြန်မာအနုပညာပန်းချီပြခန်းပိုင်ရှင် သူငယ်ချင်းကတော့ ဒီပြပွဲနဲ့ သူ့ပြခန်းဖွင့်ပွဲ
လုပ်မယ်ဆိုတဲ့အထိ အားပေးခဲ့ပါတယ်။ သူ့ရဲ့ ခွန်အားပေးမှုတွေအတွက်လည်း
ကျေးဇူးတင်မိတယ်"လို့ အယ်မလီဖြိုးက ပြောပါတယ်။

"မနှစ်က ဒီဇင်ဘာ ၃၁ ရက်နေ့ညမှာ လူတွေက နှစ်သစ်ကူးအတွက် ပျော်ခဲ့ကြသလို ကျွန်မက
ပရောဂျက်တစ်ခုကို အောင်မြင်စွာ အဆုံးသတ် နိုင်ခဲ့တဲ့အတွက် တကယ်ကို
ပေါ့ပါးပျော်ရွှင်ခဲ့ရပါတယ်" လို့လည်း သူက ဆက်ပြောပါတယ်။

ဓာတ်ပုံတွေကို ကင်မရာတစ်မျိုးတည်းနဲ့ ရိုက်ကူးတာ မဟုတ်ဘဲ လက်ကိုင်ဖုန်းအပါအ၀င်
ကင်မရာအမျိုးမျိုးနဲ့ ရိုက်ယူခဲ့တာကြောင့် ဓာတ်ပုံအရည်အသွေး ပြည့်မီချင်မှ ပြည့်မီမှာဖြစ်ပေမဲ့
သူအဓိက ပြသချင်တာကလည်း ဓာတ်ပုံအရည်အသွေးမဟုတ်ပါဘူးလို့ ဆိုပါတယ်။

အယ်မလီဖြိုးက ပြပွဲလာမယ့်ပရိသတ်တွေကို သူဘာကြောင့် ပြပွဲလုပ်တယ်၊ ဘယ်လိုခံစားစေချင်တယ်
စတဲ့ အကြောင်းတွေကို ထုတ်မပြောဘဲ ပြပွဲလာသူတွေက ပြသထားတဲ့ဓာတ်ပုံတွေကို ကြည့်ပြီး
အတွေးတစ်ခုခုရသွားရင်ကို ကျေနပ်ပါပြီလို့ဆိုပါတယ်။

Being 365 ပြပွဲ

ပြခန်းနေရာ - Myanmar/Art အနုပညာပြခန်း
ပြခန်းဖွင့်ချိန် - မနက် ၁၁ နာရီကနေ ညနေ ၅ နာရီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်