အာဆီယံဆုကို အမိမြေဆီ ဆောင်ယူလာနိုင်ခဲ့တဲ့ ကချင်ဒီဇိုင်နာ ဆန်းဘောက်ရာ

ဒီဇိုင်နာ ဆန်းဘောက်ရာရဲ့ ၀တ်စုံတွေကို ဘန်ကောက်မြို့က Siam ပြတိုက်မှာ ဩဂုတ် ၁၅ ရက်ကနေ ၂၁ ရက်အထိ ခင်းကျင်းပြသခဲ့ပါတယ်။ ဓာတ်ပုံ - Suppliedဒီဇိုင်နာ ဆန်းဘောက်ရာရဲ့ ၀တ်စုံတွေကို ဘန်ကောက်မြို့က Siam ပြတိုက်မှာ ဩဂုတ် ၁၅ ရက်ကနေ ၂၁ ရက်အထိ ခင်းကျင်းပြသခဲ့ပါတယ်။ ဓာတ်ပုံ - Supplied

ဒီဇိုင်နာတစ်ယောက်ဟာ နိုင်ငံတစ်နိုင်ရဲ့ သံအမတ်တစ်ယောက် ဖြစ်နိုင်တယ်လို့ဆိုရင် မအံ့ဩသွားပါနဲ့။

ကချင်တိုင်းရင်းသူ ဒီဇိုင်နာ ဆန်းဘောက်ရာဟာ ထင်ပေါ်လို့ စင်တော်က ကောက်ယူခံရတဲ့အခါ
နိုင်ငံတကာစင်မြင့် ထက်ကနေ ကိုယ့်နိုင်ငံ၊ ကိုယ့်မွေးရပ်မြေ၊ ကိုယ့်ရိုးရာအ၀တ်အထည်တွေကို
အကောင်းဆုံးမိတ်ဆက်ပြီး ကြော်ငြာပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်ကနေ ၂၁ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပပြု
လုပ်သွားတဲ့ ASEAN Selections 2016 ပွဲမှာ အာဆီယံ ၁၀ နိုင်ငံက ဒီဇိုင်နာ ၁၀ ဦးကို ရွေးချယ်ပြီး
ASEAN Selections 2016 Award ဆုတွေကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

အဲဒီမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဒီဇိုင်နာ ဆန်းဘောက်ရာကလည်း ဒီဆုကို ရရှိခဲ့ပါတယ်။

ဒီပွဲဟာ ထိုင်းနိုင်ငံက Support Arts and Crafts International Centre of Thailand (SACICT)
အဖွဲ့ကနေ စိစစ်ပြုလုပ်တာဖြစ်ပြီး ရိုးရာအနုပညာနဲ့ ကုန်သွယ်မှုအနေအထားကို တိုးတက်
မြင့်မားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ပွဲပဲ ဖြစ်ပါတယ်။

"ဒီပွဲက ဆုပေးပွဲလေးပါပဲ။ ပြိုင်ပွဲလုပ်ပြီး ဆုပေးတာမျိုး မဟုတ်ဘူး။ Asean Selections 2016 အတွက်
ဆုတွေပေးမယ်ဆိုကတည်းက အာဆီယံဆယ်နိုင်ငံကနေ တစ်နိုင်ငံမှာတစ်ယောက် ပေးမယ်ဆိုပြီး
သူတို့တွေက ရှာတာပေါ့။ ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက အစ်မဆီကို အီးမေးလ်နဲ့
ဆက်သွယ်လာတယ်။ အစ်မ အရင်တုန်းက နိုင်ငံတကာပွဲတွေမှာ ပြခဲ့တဲ့ ၀တ်စုံတွေရဲ့ ပုံကို
အစ်မဆီပြန်ပို့ပြီး ဒါ အစ်မချုပ်ခဲ့တာ ဟုတ်သလားဆိုပြီး အတည်ပြုချင်လို့ ပို့လာတယ်။ အစ်မကလည်း
ဟုတ်တယ်ဆိုတဲ့အကြောင်း ပြန်ပို့တယ်။ အဲဒီမှာ သူတို့ဘက်က နင့်ကို ဒီဆုအတွက် ဆန်ခါတင်ထဲမှာ
ထည့်ချင်တယ်ဆိုပြီး အစ်မရဲ့ ကိုယ်ရေးအကျဉ်းကို တောင်းတယ်။ အဲဒါနဲ့ အစ်မလည်း ပို့ပေးလိုက်တယ်။
ပို့ပေးပြီး နောက်နှစ်ပတ်လောက်ကြာတော့ အစ်မကို ဆက်သွယ်လာတယ်။ Asean Selections
2016 မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နင့်ကို ရွေးလိုက်တယ်ဆိုပြီး ပို့လာတယ်"လို့ ဆုလက်ခံရရှိပုံကို
ဒီဇိုင်နာဆန်းဘောက်ရာက ပြောပြပါတယ်။

တစ်နိုင်ငံကနေ တစ်ယောက်ကို ရွေးချယ်ဆုပေးတဲ့အထဲမှာ ၀တ်စုံဖန်တီးတဲ့ ဒီဇိုင်နာဆိုလို့
ဆန်းဘောက်ရာအပြင် ဗီယက်နမ်နိုင်ငံက ဒီဇိုင်နာတစ်ယောက်သာ ပါဝင်ဖြစ်ပြီး ကျန်တဲ့ဒီဇိုင်နာ
ရှစ်ဦးကတော့ လက်ဝတ်လက်စားဖန်တီးတဲ့ ဒီဇိုင်နာ၊ ပ၀ါဒီဇိုင်းဖန်တီးတဲ့ ဒီဇိုင်နာ စသူတို့
ဖြစ်ကြတဲ့အတွက် ဒီပွဲက ၀တ်စုံဖန်တီးတဲ့ ဒီဇိုင်နာတွေကိုပဲ ဆုပေးတဲ့ပွဲတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ သူတို့တစ်တွေ အကုန်လုံးရဲ့ တူညီတဲ့ အချက်ကတော့ သူတို့ရဲ့ ပစ္စည်းတွေကို ကိုယ့်မိခင်နိုင်ငံက
ရိုးရာပစ္စည်းတွေ အသုံးပြုကာ ရိုးရာအငွေ့အသက်တွေပါအောင် ထည့်သွင်းပြီး ခေတ်မီတဲ့
ဒီဇိုင်းလက်ရာတွေကို ဖန်တီးကြတာပဲဖြစ်ပါတယ်။

ဒီအချက်ဟာ ဆန်းဘောက်ရာရဲ့ Shayi ဖက်ရှင်ဝတ်စုံတွေနဲ့ ကွက်တိဘောင်ဝင်လို့နေပါတယ်။

သူ့ဖန်တီးလိုက်တဲ့ ပေါ့ပေါ့ပါးပါးဝတ် ဖက်ရှင်ထည်တွေပဲဖြစ်ဖြစ်၊ ပွဲတက်ဝတ်စုံတွေပဲဖြစ်ဖြစ်
ကချင်ရိုးရာ အငွေ့အသက်တွေ အမြဲလွှမ်းခြုံ နေတာက သူ့ရဲ့အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ်။

"ဒီဆုက ခေတ်ပေါ်ဒီဇိုင်းတွေကို ပေးတာ မဟုတ်ဘူး။ အစ်မအထင် အစ်မကို သူတို့ရွေးတာကလည်း
အစ်မက ကချင်ရိုးရာအထည်ကို အသုံးပြုပြီး ခေတ်မီတဲ့ ဒီဇိုင်းကို ဖန်တီးချုပ်လုပ်တဲ့
ဒီဇိုင်နာမို့ပေးတာ"လို့ ဆန်းဘောက်ရာ ကပြောပါတယ်။

ဒီပွဲမှာ ဒီဇိုင်နာ ၁၀ ဦးစလုံးဟာ ဆုယူရုံတင်မဟုတ်ဘဲ ထိုင်းနိုင်ငံက Siam ပြတိုက်မှာလည်း သူတို့ရဲ့
ဖက်ရှင် လက်ရာတွေကို ပြသခွင့် ရရှိခဲ့ပါတယ်။

"ဆုရတယ်လို့ အီးမေးလ်ပို့လာကတည်းက အစ်မကို အခန်းငယ်လေးတစ်ခုပေးမယ်၊ အဲဒီမှာ အစ်မကို
ကိုယ်စားပြုတဲ့ အစ်မရဲ့ ဖန်တီးမှုတွေကို ပြပေးပါလို့ သူတို့က ပြောတယ်။ Mini collection လေးလုပ်ပြီး
ပြစေချင်တာပေါ့။ အဲဒါနဲ့ အစ်မလည်း စုစုပေါင်း ခုနစ်စုံ လုပ်သွားတယ်။ ဒါပေမဲ့ သူတို့ ပေးတဲ့နေရာက
အစ်မရဲ့ Dress အရှည်တွေနဲ့တင် ပြည့်နေတော့ ကျန်တဲ့ Short Dress လေးထည်ကို မပြတော့ဘဲ
Dress အရှည် သုံးထည်ပဲ ပြလိုက်တယ်။ ၀တ်စုံ သုံးစုံအပြင် အစ်မရဲ့ ပြသတဲ့နေရာလေးကို
ပိုပြီး ကြည့်ကောင်းသွားအောင် ကြိမ်ခြင်းလေးထဲမှာ ကချင်ရိုးရာအထည်လေးတွေ လိပ်ပြီးတော့လည်း
ပြထားတယ်။ အဲဒီအတွက်ကို အစ်မ ဒီမှာ တစ်လလောက် ပြင်ဆင်ခဲ့ရတယ်"လို့ ဆိုပါတယ်။

ပွဲမှာ ခင်းကျင်းပြသခဲ့တဲ့ ၀တ်စုံ သုံးစုံကိုလည်း ကချင်ရိုးရာအထည်တွေနဲ့ ချုပ်လုပ်ဖန်တီးတာဖြစ်ပြီး
ကချင်ရိုးရာ အငွေ့အသက်တွေနဲ့အတူ လှပကျော့ရှင်းပြီး ခေတ်မီတဲ့ အရသာကိုလည်း ပေးစွမ်းနိုင်အောင်
ကြိုးစားခဲ့တယ်လို့ ဒီဇိုင်နာက ဆိုပါတယ်။

သက်တမ်းရင့် ဒီဇိုင်နာတစ်ဦးအနေနဲ့ သွားခဲ့တဲ့ နိုင်ငံတကာပွဲတွေကတော့ အများကြီးပါပဲ။

ဒါပေမဲ့ ဒီပွဲကတော့ အရင်ကသွားပြခဲ့တဲ့ ပွဲတွေလိုမျိုး ဖက်ရှင်ရှိုး လျှောက်တာမျိုး မပါတာကြောင့်
အလုပ်လည်း အရမ်း မရှုပ်ဘူးလို့ ဆိုပါတယ်။

"အစ်မ ဘန်ကောက်ကို ရောက်တာကတော့ ၁၄ ရက်နေ့ပေါ့။ အဲဒီနေ့မှာပဲ ကိုယ်ပြမယ့်နေရာအတွက်
ပြင်ဆင်တယ်။ ၁၅ ရက်နေ့မှာ စပြတယ်။ အဲဒီနေ့မှာပဲ ဂျပန်က ဒီဇိုင်းနဲ့ ပတ်သက်တဲ့
ပရော်ဖက်ဆာတွေက Talk Show လိုမျိုး လုပ်ပေးပြီး အစ်မတို့ကို Sharing လုပ်ပေးတယ်။ ပြီးတော့
အစ်မတို့ ဒီဇိုင်နာ ဆယ်ယောက်လည်း၊ တစ်ယောက်စီ စင်ပေါ်မှာတက်ပြီး စကားပြောရတယ်။
ကိုယ့်ရဲ့ ဖန်တီးမှု ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး ရှင်းပြရတယ်။ ပြီးတော့ SACICT Gallery ကို အစ်မတို့ကို
လိုက်ပို့တယ်။ အဲဒီမှာလည်း တကယ့်ကို လက်မှုပစ္စည်းမျိုးစုံကို မြင်တွေ့ခဲ့ရတယ်။ အရမ်းကို
တန်ဖိုးထားစရာကောင်းတဲ့ ပစ္စည်းတွေကို လေ့လာခဲ့ရတယ်။ ၁၆ ရက်နေ့မှာ သတင်းသမားတွေနဲ့
တွေ့တယ်။ ပြီးတော့ ဆုပေးတယ်။ ညနေမှာ Thank You Party လုပ်ပေးတယ်။ အစ်မ ၁၇ ရက်နေ့မှာ
ရန်ကုန်ကို ပြန်ရောက်တယ်။ အစ်မပြန်လာပေမဲ့လည်း ၀တ်စုံတွေကတော့ ၂၁ ရက်နေ့အထိ
Museum Siam မှာပဲ ခင်းကျင်းထားတာပေါ့"လို့ သွားခဲ့တဲ့ ပွဲအကြောင်းကို အသေးစိတ်
ပြောပြပါတယ်။

ကချင်ပြည်နယ်မှာ ကြီးပြင်းအရွယ်ရောက်လာခဲ့တဲ့ ဆန်းဘောက်ရာဟာ အရောင်အသွေးစုံလင်ပြီး
ထူးခြား လှပလွန်းလှတဲ့ ကချင်ရိုးရာထည်တွေကို ငယ်စဉ်ကတည်းက ထိတွေ့ရင်းနှီးလာခဲ့တာ
ဖြစ်ပါတယ်။

လှပတဲ့ အရောင်အသွေးတွေနဲ့ ထူးခြားတဲ့ ဒီဇိုင်းတွေကပဲ သူ့ကို ဒီဇိုင်နာ တစ်ဦးဖြစ်လာစေဖို့
လှုံ့ဆော်ပေးခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်ဒေသက ရိုးရာထည်တွေကို ခေတ်နဲ့ လိုက်လျောညီထွေစွာ ၀တ်ဆင်နိုင်တဲ့ ဖက်ရှင်ထည်တွေ
အဖြစ် ဖန်တီးချင်တာကတော့ ဒီဇိုင်နာတစ်ဦးဖြစ်လာစေတဲ့ အဓိကအကြောင်းရင်းပါပဲလို့
ဆန်းဘောက်ရာက ဆိုပါတယ်။

"ဒီဆုကို ရတဲ့အတွက် အရမ်းဝမ်းသာတယ်။ အစ်မက ဒီဇိုင်းမှာ အရမ်းတော်နေလို့ ဒီဆုကို
ပေးတာမဟုတ်ဘူးဆိုတာ သိတယ်။ ကိုယ်က ကချင်တိုင်းရင်းသူ တစ်ယောက်လည်း ဖြစ်တယ်။
အဲဒီမှာ ကိုယ့်ကချင်ရိုးရာထည်တွေ၊ ပစ္စည်းတွေနဲ့ ဖန်တီးပြုလုပ်တဲ့ အချက်ကို အဓိကထားကြည့်ပြီး
ရွေးတယ်ဆိုတာ ကချင်လူမျိုးတစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူဝမ်းသာမိတယ်။ ကိုယ်အစဉ်အလာ
မပျက် လုပ်ခဲ့တဲ့ အလုပ်တွေကို အသိအမှတ်ပြုခံရသလိုလည်း ဖြစ်သွားတယ်"လို့လည်း ဂုဏ်ယူစွာနဲ့
ပြောပါတယ်။

လတ်တလောမှာလည်း ဩဂုတ်လ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပပြုလုပ်သွားတဲ့
ASEAN Pop Culture Show 2016 ပွဲမှာလည်း တခြား လေးနိုင်ငံက ဒီဇိုင်နာလေးဦးနဲ့အတူ
အဖွင့်ရှိုးမှာ သူ့ဝတ်စုံကို ပါဝင်ပြသပေးခဲ့ပါတယ်။

"အဖွင့်ရှိုးအနေနဲ့ ဒီဇိုင်နာတစ်ယောက်ကို ၀တ်စုံတစ်စုံစီ ပါဝင်ပြသဖို့ ဖိတ်ခေါ်တဲ့ပွဲလေးပါ။ အစကတော့
ဒီပွဲကို မပါဝင်တော့ဖို့ စိတ်ကူးထားတာ။ ဒါပေမဲ့ ပွဲစီစဉ်သူတွေက အစ်မကို လိုလိုလားလားနဲ့ကို
ဖိတ်ခေါ်တယ်။ ၀တ်စုံကလည်း တစ်စုံပဲဆိုလို့ အစ်မပါဝင်ခဲ့တယ်။ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့
ASEAN Show တွေမှာ ပါဝင်ပြသခဲ့တာ ဒီပွဲနဲ့ဆို (၅) ကြိမ်မြောက်ရှိပြီ"လို့ ဆန်းဘောက်ရာက
ဆိုပါတယ်။

ပြည်တွင်းလှုပ်ရှားမှုကတော့ ဒီနှစ်ထဲမှာပဲ ကျင်းပဖို့ရှိတဲ့ Myanmar International Fashion Week
2016 ပွဲမှာ သူရဲ့ Shayi တံဆိပ်ဖက်ရှင်ထည်တွေနဲ့ ပါဝင်ပြသသွားမယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်