အဆိုတော်ကြီး ဂျက်မြသောင်းက ဂီတအစည်းအရုံးနဲ့ ရေဒီယိုလိုင်းတွေကို တရားစွဲမည်ဟုဆို

ဓာတ်ပုံ - phyuniwarpyar.blogspot.comဓာတ်ပုံ - phyuniwarpyar.blogspot.com

အဆိုတော် ဂျက်မြသောင်းရဲ့ တေးသီချင်းတွေကို ဂီတအစည်းအရုံး အပါအ၀င် ခွင့်ပြုချက်မတောင်းဘဲ
ထုတ်လွှင့်နေတဲ့ အက်ဖ်အမ်လိုင်းတွေနဲ့ သီချင်းဆိုပြိုင်ပွဲတွေကို တရားစွဲဆိုသွားမယ်လို့ စက်တင်ဘာ
၂ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဆိုရှင် ဂျက်မြသောင်းက ပြောပါတယ်။

၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ ရေဒီယိုတွေ ၊ အဆိုပြိုင်ပွဲတွေ၊ ဖုန်းရင်းတုန်းတွေကနေ သီချင်းတွေကို
အသုံးပြုခဲ့တဲ့ အကြိမ်အရေအတွက်ပေါင်း ၄၆၀၀ နီးပါးရှိခဲ့ပြီး ၊အဲသည်လို အသုံးပြုဖို့ အဆိုတော်
ဂျက်မြသောင်းဆီကနေ သဘောတူညီချက်ယူတာမဟုတ်ဘဲ ဂီတအစည်းအရုံးရဲ့ အစီအစဉ်နဲ့သာ
ပြုလုပ်သွားတာမို့ အလွဲစားသုံးစားမှုနဲ့ တရားစွဲမှာလို့ ဆိုပါတယ်။

"ဂီတအစည်းအရုံးက အနုပညာကြေးတွေ ပြန်ပေးတယ်ဆိုပေမယ့် ကျွန်တော်မယူပါဘူး။ သူတို့က
လုပ်ပိုင်ခွင့်လည်း မရှိဘူး။ ကျွန်တော့ သီချင်းတစ်ပုဒ်ရဲ့ အောင်မြင်မှုကို သူတို့ ဘာချိန်ခွင်နဲ့ တိုင်းမလဲ
ဘာနဲ့ ယှဉ်ထိုးမလဲ အက်ဖ်အမ် က တစ်ခါလွှင့်မှ ၁၅၀ ကျပ်၊ ရင်တုန်းတွေက ၆၇ကျပ် ၅ ပြားတဲ့။
အဲသည့် ဈေးနှုန်းတွေက သူတို့ဟာသူတို့သတ်မှတ်တာ ဆုံးဖြတ်ပြီးရောင်းတာ" လို့ပြောပါတယ်။

ဂီတအစည်းအရုံးအပါအ၀င် အက်ဖ်အမ်လိုင်း ၁၅ လိုင်း နဲ့ သူ့သီချင်းတွေအသုံးပြုပြီး အဆိုပြိုင်ပွဲ
ပြုလုပ်တဲ့ ကုမ္ပဏီတွေကိုပါ တရားစွဲဆိုသွားမှာဖြစ်ပြီး သတင်းစားရှင်းလင်းပွဲပါ ပြုလုပ်ပြီဖြစ်တဲ့အတွက်
ညှိနှိုင်းဆွေးနွေးမှုတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။

သူက "ကျွန်တော်တားမြစ်တဲ့အနေနဲ့ သတင်းစာထဲက ၂ ကြိမ် ကြေငြာတယ်။
၂၀၁၅ နှစ်လည်လောက်ကတစ်ကြိမ်၊ ၂၀၁၆ ဧပြီ ၃ ရက်မှာ တစ်ကြိမ်ပေါ့။ ဒါပေမယ့် ဂရုမစိုက်ဘူး။
အခုနှစ် ဇွန်လမှာလည်း ကိုယ်တိုင်ဂီတအစည်းအရုံးနဲ့ သွားဆွေးနွေးတယ် သူတို့
ဘာမှမလုပ်ပေးနိုင်ဘူး။ သူတို့ကိုပြောပြီးသား ကျွန်တော်တရားစွဲတော့မယ် နို့တစ်စာပို့တော့မယ်
ကျွန်တော့မှာ သက်သေအထောက်အထား အခိုင်အမာရှိတယ်ပြောလည်း သည်အတိုင်ပဲ။
ဒါ့ကြောင့် ညှိနှိုင်းမခံတော့ဘူး" လို့ ဆက်ပြောပါတယ်။

ဂီတအစည်းအရုံးကို စက်တင်ဘာလ ၅ ရက်နေ့မှာ ဆက်သွယ်မေးမြန်းချက်တွေအရ အဆိုတော်
ဂျက်မြသောင်း အစည်းအရုံးကို ပြီးခဲ့တဲ့ ဇွန်လမှာ လာရောက်ညှိနှိုင်းကတည်းက မြန်မာနိုင်ငံ
ဂီတအစည်းအရုံး တာဝန်ရှိသူတွေက အသုံးပြုမှုကို ရပ်ခိုင်းခဲ့ကြောင်း မြန်မာတိုင်း(မ်) က
ဆက်သွယ်မေးမြန်းစဉ် ပြန်လည်ရှင်းလင်းဖြေကြားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်