ဖြိုးကြည်ရဲ့ ပိတ်ဖြူစအကြောင်းပြပွဲ

မြန်မာအနုပညာပြခန်းမှာ ပြသထားတဲ့ ဖြိုးကြည်ရဲ့ အနုပညာပြကွက်တစ်ခုကို တွေ့ရစဉ်။ညိုမီ / မြန်မာတိုင်း(မ်)မြန်မာအနုပညာပြခန်းမှာ ပြသထားတဲ့ ဖြိုးကြည်ရဲ့ အနုပညာပြကွက်တစ်ခုကို တွေ့ရစဉ်။ညိုမီ / မြန်မာတိုင်း(မ်)

"မွေးဖွားချိန်မှာ ကလေးသေးသေးလေးရဲ့ အနှီး အဖြစ်၊ သေဆုံးချိန်မှာ အလောင်းကောင်ကို
ဖုံးလွှမ်းဖို့ အသုံးပြုရတဲ့ အစ။ နှစ်မျိုးစလုံးမှာ ပိတ်ဖြူစကို အသုံးပြုတယ်။ ဒါပေမဲ့ ဒီနှစ်ခုမှာ
မတူညီတဲ့အဓိပ္ပာယ်ရှိနေကြတယ်။

ပိတ်စဖြူနှစ်ခုကို အသုံးမပြုခင်ကြားမှာ အချိန်ဘယ်လောက်ရှိသလဲ မသိနိုင်ပေမဲ့
အဲဒီအချိန်ကို ဘယ်လိုကုန်ဆုံးမလဲဆိုတာတော့ ရွေးချယ်ခွင့်ရှိကြပါတယ်။

ဘ၀မှာ လမ်းခွဲတွေ အများကြီးကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ အရောင်အမျိုးမျိုး
စွန်းထင်းကုန်ကြတယ်။ ဒီတော့ အရောင်အစစ်အမှန်ကို မသိကြတော့ပါဘူး။"
ဒီအကြောင်းအရာတွေက အနုပညာရှင် ဖြိုးကြည်က သူ့ရဲ့ 'ပိတ်စဖြူ' လို့အမည်ပေးထားတဲ့
တစ်ကိုယ်တော်ပြပွဲမှာ ပရိသတ်တွေကို ပေးလိုက်တဲ့ အတွေး တစ်စပဲ ဖြစ်ပါတယ်။

ပြပွဲကို စက်တင်ဘာ ၁၇ ရက် က စတင်ခါ မြန်မာအနုပညာပြခန်းမှာ ကျင်းပနေပြီး
အောက်တိုဘာ ၁ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဖြိုးကြည်က ပြပွဲမှာ
လေးကြောင်းကဗျာ၊ ပိတ်စ ဖြူကို ခွေ၊ ခေါက်၊ လိပ်ထားသော ပြကွက်၊ ဘာသာစကားကို
မီဒီယာနဲ့ပေါင်းစပ်ပြီး ပြန်လည်ဖွဲ့စည်းထားတဲ့ ပြကွက်၊ တက်လူနဲ့ကျလူ ဗီဒီယိုပြကွက် နဲ့
'လမ်းကြောင်း'လို့ အမည်ပေးထားတဲ့ အမေနဲ့သားတို့ရဲ့ ဆက်ဆံရေးကို ထင်ဟပ်ထားတဲ့
စသစ မေအ အနုပညာပြကွက်ဆိုတဲ့ လက်ရာငါးခုကို ပြသထားပါတယ်။ "ရေပေါ်ရပ်နေသူ"
"ရေပေါ်ရပ်တဲ့ငါ" "ရေပေါ်ရပ်တဲ့ငါး" "လေငုပ်တဲ့ငါး" ဆိုတဲ့ စာကြောင်းတစ်ကြောင်းစီကို
ပိတ်စဖြူတစ်ခုစီမှာ ပုံနှိပ်ထားပြီး အနုပညာပြပွဲရဲ့အ၀င်ဝမှာ ချိတ်ဆွဲ ထားပါတယ်။

"ပထမစာကြောင်းမှာ တစ်စုံတစ်ယောက် ရေပေါ်ရပ်နေတယ်ဆိုတဲ့ မရေရာတဲ့မက်ဆေ့ခ်ျကို
ပေးလိုက်တယ်။ ပြီးတော့ အဲဒီရပ်နေတဲ့သူက 'ငါ'ပဲ၊ အနုပညာရှင်ပဲလို့ ထပ်ပြောလိုက်တယ်။

အဲ 'ငါ' ကနေမှ 'ငါး'ဆိုပြီးပြောင်းလိုက်တယ်။ ဒါပေမဲ့ ရေပေါ်မှာ ရပ်နိုင်တဲ့ငါး မရှိဘူးလေ။
အဲဒီတော့ ဆိုလိုတာက အဲဒီငါးက အခြေအနေမကောင်းတော့ဘူး။ နောက်ဆုံးအကြောင်း
လေငုပ်တဲ့ငါး ဆိုတာက အဲဒီငါးက သေတော့မယ်လို့ဆိုလိုတဲ့ လေးကြောင်း
ကဗျာလေးပဲဖြစ်တယ်"လို့ ဖြိုးကြည် (၃၉ နှစ်)က ပြောပါတယ်။

သူက ပုဂံခေတ်က ရှေးဟောင်းကဗျာတစ်ပုဒ် ဖြစ်တဲ့ 'မြကန်'ကို မြန်မာသရသံတွေအဖြစ်
ပြောင်းလဲလိုက်ပြီး သရသံတစ်ခုစီကို အသံဖမ်းစက်တစ်ခုစီနဲ့ အသံသွင်းပြီး ပြပွဲမှာ
ဖွင့်ပြထားပါတယ်။ "မြန်မာသရသံ ၁၂ သံကို ပြန်သတိပေးချင် တယ်။ ပထမတော့
ကျွန်တော် 'မမ၀၀ထထက' ကလေးကဗျာကို သုံးမလို့ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အထက်တန်းကျောင်းမှာကတည်းက ရှေးအကျဆုံး မြန်မာကဗျာတစ်ပုဒ်အဖြစ် သင်ခဲ့ရတဲ့
မြကန်ကဗျာကိုပဲ ရွေးချယ်လိုက်တယ်"လို့ ပြောပါတယ်။

မြန်မာအနုပညာပြခန်းတည်ထောင်သူ မစ္စ နတ် တလီဂျွန်စတန်ကတော့ "ဖြိုးကြည်ရဲ့
အနုပညာ လက်တွေက အရမ်းရိုးရှင်းတယ်။ ရိုးရှင်းတဲ့လိုင်းတွေ၊ ပြကွက်တွေပဲ သုံးပေမဲ့
တော်တော်ရှုပ်ထွေးတဲ့ အဓိပ္ပာယ်တွေ ရှိနေတယ်။ အ၀တ်ဖြူတစ်စက မွေးခြင်းနဲ့သေခြင်းကို
ရည်ညွှန်းတယ်ဆိုတဲ့အတွေး က ဆိုက်ကိုဆန်တယ်။

ထပ်ပြီးတော့ သူက အရောင် မဲ့တွေ၊ အဲဒီအရောင်တွေက သူ့မှတ်ဉာဏ်တွေနဲ့ ဘယ်လို
ဆက်စပ်တယ်ဆိုတာ ပြသထားတာတွေက ရှုပ်ထွေးသလို တကယ်စိတ်ဝင်စားဖို့လည်း
ကောင်းတယ်"လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

'လမ်းကြောင်း' လို့ အမည်ပေးထားတဲ့ အနုပညာပြကွက်ကိုတော့ ဖြိုးကြည်က သူနဲ့
သူ့အမေရဲ့ဓာတ်ပုံကို pop art အသွင်နဲ့ ရှမ်းစက္ကူပေါ်မှာ ဖန်တီးထားပါတယ်။ "အိမ်လုပ်ရှမ်းစက္ကူပေါ်မှာ
ပုံနှိပ်ထားတဲ့လက်ရာမှာ ဖြိုးကြည်က သူနဲ့ သူ့အမေရဲ့ဆက်ဆံရေးကို ပုံဖော်ထားတယ်။

သူက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ မွေးဖွားကြီး ပြင်းခဲ့ပြီး သူ့အမေနဲ့ နှစ်ယောက်တည်း
နှစ် ၃၀ ကျော် နေခဲ့ရတယ်"လို့ မစ္စနတ်တလီက ပြောပါတယ်။ "ဒီမြန်မာအနုပညာပြခန်း
မှာတော့ မြန်မာဘာသာ စကားလုံး သုံးပြီးပြတာ ဒီပြပွဲက ပထမဆုံးပဲ။ ဖြိုးကြည်က
ဘာသာစကားနဲ့ အနုပညာကို ဖန်တီးထားတယ်။

အဲဒါက နင်အနုပညာလက်ရာကို နားလည်အောင် မြန်မာစကားကို ပြောတတ်၊
ဖတ်တတ်ရမယ်လို့ ပြောသလိုပဲ။ ကဗျာမှာလည်း စာလုံးအပြည့်တွေ၊ ဗျည်းသံတွေမဟုတ်ဘဲ
သရသံ တွေချည်း ပြောင်းထားတယ်။

အဲဒါက မြန်မာတစ်ယောက်ရဲ့ အနုပညာကိုမြင်တဲ့ အမြင်လို့ပဲခံစားရတယ်။
ဥပမာ- မြန်မာလူမျိုးတွေအတွက် မြန်မာ့အနုပညာပေါ့"လို့လည်း မစ္စ နတ်တလီက
ပြောပါတယ်။ တောင်ကြီးသားဖြစ်တဲ့ ဖြိုးကြည်က ပြည်တွင်းမှာ အပြင် ထိုင်း၊ ဂျာမနီ၊
ဂျပန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ မှာပြုလုပ်ခဲ့တဲ့ စုပေါင်းပြပွဲတွေမှာ ပါဝင်ခဲ့ဖူးတဲ့ အနုပညာရှင်လည်း
ဖြစ်ပါတယ်။ မြန်မာအနုပညာပြခန်းကို တနင်္လာနေ့ကလွဲပြီး နေ့စဉ်
မနက် ၁၁ နာရီကနေ၊ည ၇ နာရီအထိ၊ဖွင့်လှစ် ထားပြီး လိပ်စာကတော့
အမှတ် ၉၈၊ ဘိုကလေးဈေးလမ်း၊ ဗိုလ်တထောင်မြို့နယ်ပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်