ရသစုံ ခံစားနိုင်မယ့် မြန်မာသံစုံတီးဝိုင်းရဲ့ ဖျော်ဖြေပွဲ

မြန်မာနိုင်ငံမှာ The Orchestra for Myanmar အဖွဲ့နဲ့အတူ လာရောက်ဖျော်ဖြေမယ့် cello တယောပညာရှင် Wei Yu Huang ။ ဓာတ်ပုံ - Suppliedမြန်မာနိုင်ငံမှာ The Orchestra for Myanmar အဖွဲ့နဲ့အတူ လာရောက်ဖျော်ဖြေမယ့် cello တယောပညာရှင် Wei Yu Huang ။ ဓာတ်ပုံ - Supplied

ရန်ကုန်အနုပညာပြခန်းက မိုးတွင်းတစ်တွင်းလုံးကို 'မုတ်သုံ အနုပညာပွဲတော်'ကာလအဖြစ်
သတ်မှတ်ပြီး အနုပညာပွဲတွေ တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက်ကျင်းပလာခဲ့ရာ ဒီ တစ်ပတ်မှာတော့
အပြောင်းအလဲအဖြစ် ပန်းချီပွဲမဟုတ်တော့ဘဲ ဂီတပွဲကျင်းပသွားမှာ ဖြစ်ပါတယ်။

The Orchestra for Myanmar ဆိုတဲ့ တူရိယာတီးဝိုင်းက စက်တင်ဘာ၂၉ ရက်၊ ညနေ ၅ နာရီမှာ
တစ်ကြိမ်နဲ့ ည ၇ နာရီမှာတစ်ကြိမ် နှစ်ကြိမ်ခွဲပြီး တင်ဆက်မှာဖြစ်ပါတယ်။

ဒီတူရိယာတီးဝိုင်းကို ဗြိတိန်က တယောပညာရှင်လည်းဖြစ်၊ တီးဝိုင်းခေါင်းဆောင်လည်းဖြစ်တဲ့
Sebastian See Shierenberg က ၂၀၁၄ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။

ရန်ကုန်က ဗြိတိသျှကောင်စီကို သူ့ရဲ့ ဇနီးက အလုပ်တာဝန်နဲ့ ပြောင်းရွှေ့လာတဲ့အတွက် သူလည်း
မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။

"တယောပညာရှင်တစ်ဦးအနေနဲ့ ဒီမှာ ကျွန်တော့်အတွက် လုပ်စရာဘာမှ မရှိဘူးလို့ ထင်ခဲ့တာပါ။
ဒါပေမဲ့ ကျွန်တော်ထင်တာ လွဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ကြိုးတပ်တူရိယာ
တီးခတ်တဲ့ ဓလေ့ ရှိနေလို့ပါပဲ။ ဒီအလေ့အထဟာ သာသနာပြုလုပ်ငန်းက စတင်ခဲ့တာဖြစ်မယ်လို့
ကျွန်တော် ထင်ပါတယ်။ ကရင်နဲ့ ကချင်တွေဟာ ဘုရားကျောင်းတွေမှာ အပတ်တိုင်း ဒီ ကြိုးတပ်
တူရိယာကို တီးခတ်ကြပါတယ်"လို့ Sebastian က မြန်မာတိုင်း(မ်)ကို ဒီတစ်ပတ်အစောပိုင်းက
ပြောပါတယ်။

"အဆင့်အတန်းရှိတဲ့ သင်တန်းတစ်ခုပုံစံမျိုး ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အစပိုင်းမှာ
လုပ်အားပေးဆရာအဖြစ် ကျွန်တော် သင်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Orchestra for
Myanmar ဆိုတဲ့ သင်တန်းအစီအစဉ်လေး လုပ်ပေးဖို့ ကျွန်တော် စိတ်ကူးရခဲ့ပါတယ်"လို့ ရန်ကုန်မှာ
တူရိယာတီးဝိုင်းအဖွဲ့ စဖွဲ့ဖြစ်ခဲ့ပုံကို ပြောပြပါတယ်။

သူ့ရဲ့ရည်ရွယ်ချက်ကတော့ အရင်က သီးခြားစီဖြစ်နေ ကြပြီး အချင်းချင်း အပြန်အလှန်မသင်္ကာ
ဖြစ်နေကြတဲ့ အစိုးရဌာနအဖွဲ့အစည်းတွေနဲ့ ပြင်ပအဖွဲ့အစည်းတွေက အနုပညာရှင်တွေအပါအ၀င်
မတူညီတဲ့အသိုင်းအ၀ိုင်းတွေက ဂီတပညာရှင်တွေ တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှုရရှိစေဖို့ အတွက်ပဲ
ဖြစ်ပါတယ်။

"ကဏ္ဍအသီးသီးက သူတွေအားလုံး ငြိမ်းချမ်းရေးလက္ခဏာဖြစ်တဲ့ ဂီတကနေတစ်ဆင့် အချင်းချင်း
ရင်းနှီးမှု ရရှိစေဖို့ ဒီသင်တန်းစတင်ဖို့ဟာ အချိန်အခါကောင်းပါပဲ။ မြန်မာနိုင်ငံဟာ အရင်က
တံခါးပိတ်နိုင်ငံဖြစ်ခဲ့တာကြောင့် နှစ်ပေါင်းများစွာမရရှိခဲ့တဲ့ နိုင်ငံတကာအဆင့်သင်တန်းတစ်ခုကို
လက်တွေ့ကျကျစတင်ဖို့ အခုအချိန်ဟာ အခါအခွင့်သင့်ပါပြီ"လို့ သူက ပြောပါတယ်။

ဒီတူရိယာတီးဝိုင်းကို အသက် ၁၈ နှစ်ကနေ ၂၈ နှစ် အထိ အသက်အရွယ်မတူညီတဲ့ အဓိကအဖွဲ့ဝင်
၂၀ နဲ့ ဖွဲ့စည်းထားပါတယ်။ ဒီဂီတပညာရှင်တွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေနဲ့
အစိုးရဌာနမဟုတ်တဲ့ တခြားအဖွဲ့အစည်းတွေက အဆင့်မြင့်အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။

လေ့ကျင့်မှုတွေ လနဲ့ချီပြီး လုပ်ခဲ့ပြီးတဲ့နောက်မှာ ဒီအဖွဲ့ဟာ ရန်ကုန်အမျိုးသားဇာတ်ရုံမှာ သူတို့ရဲ့
ပထမဦးဆုံးဖျော်ဖြေပွဲကို ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလမှာ တင်ဆက်ပေးနိုင်ခဲ့ပါတယ်။

"ကျွန်တော်တို့ကို စိတ်ဝင်တစားရှိကြတာကို တအံ့တဩ သိလိုက်ရပါတယ်။ ပရိသတ်
၂,၀၀၀ လောက် လာရောက်အားပေးကြပြီး လူပေါင်း ခုနစ်သန်းလောက်ဆီလည်း ကျွန်တော်တို့
အဖွဲ့အကြောင်း သတင်းပေးနိုင်ခဲ့ပါတယ်။ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ အနောက်တိုင်း ဂီတနဲ့
မြန်မာ့ယဉ်ကျေးမှုဂီတ နှစ်ခုပေါင်းစည်းပြီး တိုးတက်မှုရှိအောင် ကျွန်တော်တို့ ကြိုးစားနေတာတွေကို
မြန်မာလူငယ်တွေ အရမ်းစိတ်ဝင်စားတယ်ဆိုတာကိုလည်း သိခဲ့ရပါတယ်"လို့ သူက ပြောပါတယ်။

ဒီဂီတဖျော်ဖြေပွဲအပြီးမှာ Orchestra for Myanmar အဖွဲ့ကို ဟောင်ကောင်အခြေစိုက် Marga Youth
ဖောင်ဒေးရှင်းက ၁၀ နှစ်တာ အထောက်အပံ့ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

"၁၀ နှစ်ဆိုတာ မြန်မာလူငယ်ဂီတပညာရှင်တွေ တိုးတက်အောင်မြင်လာစေဖို့ လုံလောက်တဲ့
အချိန်အတိုင်းအတာတစ်ခုပါပဲ။ တစ်နေ့ကျရင် သူတို့တွေဟာ ယဉ်ကျေးမှုဆိုင်ရာ သံတမန်တွေ
ဖြစ်လာနိုင်တဲ့အထိ တိုးတက်အောင်မြင်လာနိုင်ပါတယ်" လို့ Sebastian က ပြောပါတယ်။

ဒီသင်တန်းအစီအစဉ်ရဲ့ ကောင်းကျိုးတွေကို ရရှိခံစား နိုင်စေဖို့အတွက် အဖွဲ့ဝင်ဂီတပညာရှင် ၂၀ အပြင်
တခြားအဖွဲ့အစည်းတွေက ဂီတပညာရှင်တွေကိုလည်း ဒီသင်တန်းမှာ လာရောက်ပါဝင်ဖို့
ဖိတ်ခေါ်ထားပါတယ်။

နိုင်ငံတကာဂီတပညာရှင်တွေက ဒီတူရိယာတီးဝိုင်းအဖွဲ့မှာ လုပ်အားပေးပါဝင်တီးခတ်ပေးဖို့
စိတ်အားထက်သန်နေကြသလို ပညာရှင်တွေကလည်း သင်တန်းမှာ လာရောက်သင်ကြားပေးဖို့
စိတ်ဝင်တစား ရှိနေကြပါတယ်လို့ သူက ပြောပါတယ်။

"ဧပြီလကျရင် ဘီဘီစီ သံစုံတီးဝိုင်းက အဖွဲ့တစ်ဖွဲ့ လာဖို့ရှိပါတယ်။ ကျွန်တော်တို့ တူရိယာတီးဝိုင်းကို
လုပ်အားပေးအနေနဲ့လာပြီး သင်ကြားပြသပေးမှာဖြစ်သလို အတူပါဝင် ဖျော်ဖြေတင်ဆက်ပေးဖို့လည်း
ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့ရဲ့ ဂီတပညာရှင်ဆရာတွေအဖြစ် နာမည်ကြီးတဲ့သူတွေဟာ
တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကျွန်တော်တို့ကို ဆက်သွယ်လာကြပါတယ်။ အခုလို အောင်မြင်တိုးတက်
လာတာကိုလည်း ကျွန်တော် အရမ်းဝမ်းသာပါတယ်"လို့ သူက ပြောပါတယ်။

ဒီတစ်ပတ် ရန်ကုန်အနုပညာပြခန်းမှာ ဖျော်ဖြေတင်ဆက်မယ့်ပွဲမှာ ဧည့်သည်တော်အဖြစ် တိုင်ဝမ်က
Taipei Maestro orchestra ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေတင်ဆက်သူတွေလည်း
ပါဝင်ဖျော်ဖြေပေးသွားမှာပါ။

သူတို့တွေကတော့ တီးဝိုင်းခေါင်းဆောင် Chun Hsieh ၊ စန္ဒရားပညာရှင် Chun Huang ၊
တယောပညာရှင်တွေ ဖြစ်တဲ့ Hsiang Yu liu နဲ့ Pei Hsing Hsu ၊ cello တယောပညာရှင်
Wei Yu Huang တို့လည်း ပါဝင်ပါတယ်။

သူတို့နဲ့အတူ အမေရိကန်က အကော်ဒီယန်ပညာရှင် တစ်ဦးလည်း ပူးပေါင်းပါဝင်
ဖျော်ဖြေပေးသွားမှာပါ။

ဒီတေးဂီတဖျော်ဖြေပွဲမှာ အာဂျင်တီးနားတေးရေးဆရာ Astor Piazzolla ရဲ့ တန်ဂိုဂီတနဲ့ 
Joseph Haydn ၊ Antonin Dvorak နဲ့ Ludwig van Beethoven တို့ရဲ့ ဂန္ထ၀င်တေးသွားတွေလည်း
တင်ဆက်ပေးသွားမှာပါ။

"ပရိသတ်အမျိုးမျိုးအတွက် မတူတာလေးတွေကို နည်းနည်းစီ တင်ဆက်ပေးချင်တာကြောင့်ပါ။
အနောက်တိုင်းဂီတကိုပဲ အတင်းသွတ်သွင်း ခံစားခိုင်းတာမျိုး ကျွန်တော်တို့ မလုပ်ချင်ပါဘူး။ လူတိုင်း
လာရောက်ခံစားနိုင်တဲ့ ကောင်းနိုးရာရာလေးတွေကို တင်ဆက်ဖျော်ဖြေတဲ့ ပွဲလေးတစ်ခု
လုပ်ပေးချင်တာပါ" လို့ Sebastian က ပြောပါတယ်။

သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်