ဖြူအိသိမ်း စီစဉ်ကျင်းပတဲ့ လက်မှုအနုပညာ အထည်အလိပ် အသုံးအဆောင်ပြပွဲ

လက်မှုအနုပညာ အထည်အလိပ်အသုံးအဆောင်ပြပွဲကို ၂၀၁၄ ခုနှစ်က လောကနတ်ပြခန်းမှာ ပြသခဲ့စဉ် အမျိုးသမီးတစ်ဦးက လက်တွေ့ရက်ကန်းခတ်ပြနေပုံ ဖြစ်ပါတယ်။ ဖြူအိသိမ်း/မြန်မာတိုင်း(မ်)လက်မှုအနုပညာ အထည်အလိပ်အသုံးအဆောင်ပြပွဲကို ၂၀၁၄ ခုနှစ်က လောကနတ်ပြခန်းမှာ ပြသခဲ့စဉ် အမျိုးသမီးတစ်ဦးက လက်တွေ့ရက်ကန်းခတ်ပြနေပုံ ဖြစ်ပါတယ်။ ဖြူအိသိမ်း/မြန်မာတိုင်း(မ်)

Sunflowers Group ရဲ့ တတိယအကြိမ်မြောက် မြန်မာ့လက်မှုအနုပညာလက်ရာ အထည်အလိပ်
အသုံးအဆောင်ပြပွဲနဲ့ ရောင်းချပွဲကို အောက်တိုဘာ ၈ ရက်ကနေ ၁၃ ရက်အထိ လောကနတ်ပြခန်းမှာ
ကျင်းပသွားမှာဖြစ်ပါတယ်။

ဖွင့်ပွဲကိုတော့ အောက်တိုဘာ ၈ ရက်၊ ညနေ ၄ နာရီ ကနေ ၆ နာရီအထိ ကျင်းပမှာဖြစ်ပါတယ်။

ဒီပွဲဟာ Sunflowers Group က ကျင်းပတဲ့ သုံးကြိမ်မြောက်ပွဲဖြစ်ပြီး ၂၀၁၃ ခုနှစ်က
လောကနတ်ပန်းချီပြခန်းမှာ ပထမအကြိမ်ကျင်းပခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ River Ayeyarwaddy
Gallery မှာ ဒုတိယအကြိမ် ကျင်းပခဲ့ပါတယ်။

ခုလိုမျိုး မြန်မာ့ရက်ကန်းနဲ့ လက်မှုအနုပညာပြပွဲတွေကို သုံးကြိမ်တိုင် ကျင်းပရတဲ့
ရည်ရွယ်ချက်ကိုတော့ "လက်မှုပညာလို့ပဲ သီးသန့်မြင်ပြီး အနုပညာနဲ့ ကင်းကွာလာတဲ့
လက်မှုရက်ကန်းပညာတွေကို အနုပညာဆန်ဆန် တင်ပြချင်လို့၊ နောက်တစ်ချက်က ပြောင်းလဲလာတဲ့
ခေတ်အခြေအနေအရ ရက်ကန်းနဲ့ လက်မှုအနုပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုသူတွေ နည်းသထက်
နည်းလာပြီး ပြည်တွင်းလက်မှုလုပ်ငန်း၊ အိမ်တွင်းမှုလုပ်ငန်းတွေ တိမ်ကောလာမှာ စိုးတဲ့အတွက်
မြန်မာ့လက်မှုအနုပညာပြပွဲကို နှစ်တိုင်း လုပ်ဖြစ်တာပါ"လို့ ပြည်တွင်းထုတ်ချည်အထည်အလိပ်တွေကို
ပြည်တွင်း ပြည်ပမှာ ရောင်းချပေးနေတဲ့ Sunflowers Group ကို တည်ထောင်သူ မဖြူအိသိမ်းက
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဒီနှစ်ပွဲကိုလည်း အရင်နှစ်တွေက မပြခဲ့ဖူးတဲ့ ခင်းကျင်းပြင်ဆင်မှုပုံစံတွေနဲ့ ကျင်းပသွားမယ်လို့လည်း
သူကဆိုပါတယ်။

ပြပွဲကာလအတွင်းမှာ မြောက်ဦးမှာ နေထိုင်ကြတဲ့ မြိုလူမျိုးတွေရဲ့ ရိုးရာ ဂျက်ခုတ်လုပ်ကိုင်ပုံတွေနဲ့
သဘာဝဆေးဆိုးတာတွေကို သရုပ်ပြသသွားမှာဖြစ်ပြီး လာရောက်ကြည့်ရှုသူတွေ ကိုယ်တိုင်လည်း
ဝင်ရောက်စမ်းသပ်လုပ်ကိုင်နိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ရှားပါးလာပြီဖြစ်တဲ့ ဒေသစုံက ဆိုးဆေးနဲ့ ရက်ကန်းထည်တွေကိုလည်း ပြသထားမှာဖြစ်လို့
လေ့လာကြည့်ရှုခွင့်ရမှာဖြစ်ပြီး ရက်ကန်းပန်းချီကားတွေနဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ အထည်ဒီဇိုင်းတွေကို
ပန်းချီရေးဆွဲထားတဲ့ ပန်းချီကားတွေကိုလည်း ပြသထားမှာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး၊ ဒီပွဲမှာ Sunflowers Group ရဲ့ ဖန်တီးမှုတွေအပြင် ပြည်တွင်းက လက်မှုနဲ့
ဖက်ရှင် ဒီဇိုင်နာတွေဖြစ်တဲ့ မယ်လက်မ၊ ပစ်တိုင်းထောင်၊ မပုံ့ (My favourite) ၊ Virya Couture၊
 Paloma ya ya ၊ အင်ကြင်းခြယ်၊ မဒိုင်ရှရီ၊ ပန်းနန်းအိမ် စသူတို့နဲ့အတူ ရက်ကန်းကျောင်းဆင်း
လူငယ်တွေရဲ့ လက်မှုအနုပညာလက်ရာတွေကိုလည်း ခံစားကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်