Oktoberfest ပွဲတော်ကြီး ဆင်နွှဲကြမယ်

အင်းလျားလိတ်ဟိုတယ်မှာ ၂၀၁၄ ခုနှစ်က Oktoberfest ပွဲတော်ကျင်းပခဲ့စဉ် ပါဝင်ဆင်နွှဲကြသူများကို တွေ့ရစဉ်။ ဓာတ်ပုံ - Oktoberfest Yangon ဖေ့စ်ဘွတ်ခ်မှအင်းလျားလိတ်ဟိုတယ်မှာ ၂၀၁၄ ခုနှစ်က Oktoberfest ပွဲတော်ကျင်းပခဲ့စဉ် ပါဝင်ဆင်နွှဲကြသူများကို တွေ့ရစဉ်။ ဓာတ်ပုံ - Oktoberfest Yangon ဖေ့စ်ဘွတ်ခ်မှ

အောက်တိုဘာလကို 'ပွဲတော်လ' လို့ မြန်မာလူမျိုးတွေက သတ်မှတ်ကြပါတယ်။

မိုးလေကင်းစင်ပြီး ရာသီဥတုသာယာတဲ့ လတစ်လဖြစ်တဲ့အပြင် သီတင်းကျွတ်ပွဲတော်ကို
ဆင်နွှဲရမှာမို့ လူတွေနှစ်သက်ကြတဲ့ လတစ်လလည်း ဖြစ်ပါတယ်။

ဒီလထဲမှာ နောက်ထပ်ပျော်စရာကောင်းတဲ့ ပွဲတော်တစ်ခုလည်း ရှိပါသေးတယ်။

သူကတော့ မြန်မာရိုးရာ ပွဲတော်တစ်ခုတော့ မဟုတ်ပါဘူး။

အနောက်နိုင်ငံကနေ ပျံ့နှံ့လာတဲ့ Oktoberfest ပွဲတော်ပါ။

သီတင်းကျွတ်ပွဲတော်က ဘာသာရေးနဲ့နှီးနွှယ်ပြီး ဆင်နွှဲကြတဲ့ပွဲတော်ဖြစ်သလို ဒီပွဲကလည်း
ဂျာမန်နိုင်ငံရဲ့ ယဉ်ကျေးမှုဆိုင်ရာပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။

ပွဲတော်ကြီး စတင်ပေါ်ပေါက်ခဲ့တာကတော့ ၁၈၁၀ ပြည့်နှစ်မှာ ဂျာမန်ဘုရင် Ludwig I ရဲ့
မင်္ဂလာအခမ်းအနားကို ဂုဏ်ပြုပွဲပြုလုပ်ခဲ့ရာကစပြီး ခုဆိုရင် ကမ္ဘာ့အကြီးဆုံးဘီယာပွဲတော်လို့လည်း
ကမ္ဘာတစ်ဝန်းမှာ လူသိများကြပါတယ်။

ဒီပွဲတော်ကို နှစ်စဉ် မြူးနစ်မြို့မှာ စက်တင်ဘာလ လလယ်ပိုင်း (သို့) လကုန်ပိုင်းလောက်ကစပြီး
အောက်တိုဘာလ ပထမသီတင်းပတ်လောက်အထိ ရက်ရှည်ကျင်းပတာ ဖြစ်ပါတယ်။

ပွဲတော်ကိုတက်ရောက်ဖို့ ကမ္ဘာတစ်ဝန်းက လူပေါင်း ခြောက်သန်းလောက်ဟာ မြူးနစ်မြို့ကို
သွားရောက်ကြပါတယ်။

ပွဲတော် ကျင်းပတဲ့ ရည်ရွယ်ချက်ကတော့ လူတွေပျော်ရွှင်နိုင်စေဖို့နဲ့ ပွဲတော်လာရောက်ကြတဲ့သူတွေ
အချင်းချင်း မိတ်ဆွေဖွဲ့နိုင်အောင်ပဲ ဖြစ်ပါတယ်။

ဒီပွဲတော်ကြီးကို စတင်ကျင်းပတဲ့အချိန်မှာ မြင်းစီးပြိုင်ပွဲတွေ ပါဝင်ခဲ့ပေမဲ့ ဆုကြေးတွေ တစ်စပြီးတစ်စ
မြင့်တက်လာတဲ့နောက် လောင်းကစားပွဲတော်ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် အာဏာပိုင်တွေက
၁၉၆၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ မြင်းစီးပြိုင်ပွဲတွေကို ပိတ်ပင်ခဲ့ပါတော့တယ်။

၁၈၉၂ ခုနှစ်မှာ ပွဲတော်အထိမ်းအမှတ် အဖျော်ယမကာအဖြစ် ဘီယာကို တရားဝင်သတ်မှတ်ခဲ့တာ
ယနေ့ထက်ထိတိုင်ပဲ ဖြစ်ပါတယ်။

ဂျာမန်ရိုးရာပွဲတော်တစ်ခုအဖြစ် ပျော်စရာကောင်းတဲ့ ဒီပွဲတော်ကို နိုင်ငံအနှံ့မှာ ကျင်းပလာကြသလိုပဲ
မြန်မာနိုင်ငံမှာလည်း လွန်ခဲ့တဲ့ လေးနှစ်ကစတင်ပြီး ဂျာမန်သံရုံးရဲ့ပံ့ပိုးမှုနဲ့ အင်းလျားလိတ်ဟိုတယ်မှာ
ဆက်တိုက် ကျင်းပလာခဲ့ပါတယ်။

ဒီနှစ်မှာလည်း ငါးကြိမ်မြောက်အဖြစ် အောက်တိုဘာ ၇ နဲ့ ၈ ရက်တို့မှာ ကျင်းပသွားမှာဖြစ်ပြီး
နေရာကတော့ အထက်ပန်းဆိုးတန်းလမ်းမကြီးပေါ်က Rose Garden ဟိုတယ်မှာ
ပြောင်းရွှေ့ကျင်းပမှာ ဖြစ်ပါတယ်။

ပွဲတော်အကြောင်းကို ရှင်းပြပြီးပြီဆိုတော့ ဒီပွဲတော်မှာ ဘယ်လိုအစားအသောက်တွေနဲ့
တည်ခင်းလေ့ရှိသလဲ၊ ဘယ်လိုဖက်ရှင်မျိုးတွေ ၀တ်ဆင်ကြလာသလဲ၊ ဘယ်လိုဂီတမျိုးတွေနဲ့
ဖျော်ဖြေကြသလဲ စတဲ့ ပွဲတော်နဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ရောက်ဖူးတဲ့သူတွေကတော့ ဒါတွေက သိထားပြီးသားဖြစ်နိုင်ပေမဲ့ ဒီနှစ်မှ ပွဲတော်ကို ပထမဆုံးအကြိမ်
သွားရောက်ဆင်နွှဲကြမယ့်သူတွေ အတွက်တော့ အကူအညီများစွာ ရရှိပါလိမ့်မယ်။

ဘယ်သူတွေ တက်ရောက်နိုင်သလဲ

ဘယ်သူမဆို လက်မှတ်ဝယ်ယူပြီး တက်ရောက် ဆင်နွှဲနိုင်ပါတယ်။

ပွဲက နှစ်ရက်ကျင်းပမှာမို့ ကိုယ်အဆင်ပြေတဲ့ရက်ကို သွားနိုင်ပါတယ်။

သွားဖို့သေချာတယ်ဆိုရင်တော့ လက်မှတ်ကြိုဝယ်ထားသင့်ပါတယ်။

လက်မှတ်တွေကို ပွဲကျင်းပမယ့် Rose Garden ဟိုတယ်၊ ဂျာမန်သံရုံးနဲ့ Governor's
Residence တို့မှာ သွားရောက်ဝယ်ယူနိုင်သလို online on shop.com.mm ကနေတစ်ဆင့်လည်း
ဝယ်ယူနိုင်ပါတယ်။

ဈေးနှုန်းက ကြိုဝယ်မယ်ဆိုရင် လက်မှတ်တစ်စောင် ဒေါ်လာ ၄၀ ဖြစ်ပြီး ပွဲတော်ကိုရောက်တဲ့အခါကျမှ
ဝယ်ရင်တော့ ဒေါ်လာ ၆၀ တောင် ပေးရမှာပါ။

အင်းလျားလိတ်ဟိုတယ်မှာ ၂၀၁၄ ခုနှစ်က Oktoberfest ပွဲတော်ကျင်းပခဲ့စဉ် ပါဝင်ဆင်နွှဲကြသူများကို တွေ့ရစဉ်။ ဓာတ်ပုံ - Oktoberfest Yangon ဖေ့စ်ဘွတ်ခ်မှအင်းလျားလိတ်ဟိုတယ်မှာ ၂၀၁၄ ခုနှစ်က Oktoberfest ပွဲတော်ကျင်းပခဲ့စဉ် ပါဝင်ဆင်နွှဲကြသူများကို တွေ့ရစဉ်။ ဓာတ်ပုံ - Oktoberfest Yangon ဖေ့စ်ဘွတ်ခ်မှ

ဘယ်လိုအစားအသောက်တွေ တည်ခင်းမှာလဲ

လက်မှတ်ကြိုဝယ်တာတောင် ဒေါ်လာ ၄၀ ဆိုတော့ ဈေးကတော့ သိပ်မသေးလှပါဘူး။

ကဲ...သူတို့ တည်ခင်းတာတွေက ပေးရတာနဲ့ တန်ရဲ့လားဆိုတာ ကြည့်ကြရအောင်။

ဘီယာပွဲတော်ဆိုတဲ့အတိုင်း ပွဲတော်စချိန်ဖြစ်တဲ့ ညနေ ၅ နာရီခွဲကနေ ပွဲအပြီး ညဥ့်နက်တဲ့အထိ
ဘီယာကို စိတ်ကြိုက် တ၀ကြီး သောက်သုံးနိုင်မှာဖြစ်ပါတယ်။

ပွဲတော်အတွက် ဂျာမန်နိုင်ငံကနေ စည်တွေအလိုက် အထူးသယ်ယူလာခဲ့တဲ့ Kaltenberg
ဂျာမန်ဘီယာနဲ့ ဂျာမန်အစားအစာစစ်စစ်တွေကို ဘူဖေးညစာ တည်ခင်းမှာဖြစ်ပါတယ်။

ဂျာမန် ၀က် (သို့) အမဲအူချောင်းတွေ၊ ရိုးရာနည်းအတိုင်း ကင်ထားတဲ့ ၀က်သားကင်၊ ကြက်သားကင်နဲ့
ဂျာမန်ရိုးရာအသုပ်မျိုးစုံ၊ တွဲဖက်စားစရာပေါင်မုန့်မျိုးစုံနဲ့ စားစရာအမည်ပေါင်းများစွာကို တည်ခင်းပါတယ်။

ဘယ်လိုဖက်ရှင် ၀တ်သွားသင့်သလဲ

ဝတ်ချင်တာကို စိတ်ကြိုက်ဝတ်သွားလို့ ရပါတယ်။

ဒါပေမဲ့လည်း အနောက်တိုင်းပွဲတော်ဆိုပြီးတော့လည်း အရမ်းကြီး လျှပ်ပေါ်လော်လည်တွေ
ဝတ်ရင်တော့ လူအများကြားမှာ သင့်တော်မှာတော့ မဟုတ်ပါဘူး။

သက်သောင့်သက်သာရှိပြီး လှလှပပ စတိုင်ကျကျလေး ၀တ်သွားနိုင်ရင်တော့ ပြီးပြည့်စုံတဲ့ဖက်ရှင်
ဖြစ်ပါလိမ့်မယ်။

တစ်ခုပဲပြောစရာရှိတာက တိုက်ပုံနဲ့ ပုဆိုး၊ ရင်ဖုံး အင်္ကျီနဲ့ ထဘီနဲ့ဆိုရင်တော့ လှုပ်လှုပ်ရှားရှားနဲ့
ကလိုက်ကြ၊ စားလိုက်သောက်လိုက်ကြတဲ့ပွဲမှာ နည်းနည်းလေး အဆင်မပြေဖြစ်နိုင်ပါတယ်။

ဂျာမန်ပွဲတော်မို့ စတိုင်ထုတ်ပြီး သူတို့ ရိုးရာဂျာမန်ဝတ်စုံကို ၀တ်သွားချင်တယ်ဆိုရင်လည်း
အဆင်ပြေပါတယ်။

အဲဒီလိုပုံစံဝတ်ပြီး ပွဲတက်လာကြတဲ့သူတွေ အများကြီးပါပဲ။

နေရာထိုင်ခင်း အင်းလျားလိတ်ဟိုတယ်မှာ လေးနှစ်ဆက်တိုက် ကျင်းပလာရာက ဒီနှစ်ကျမှ
နေရာအသစ်ကို ပြောင်းကျင်းပတာမို့ စာရေးသူလည်း ဒီနှစ်ရဲ့နေရာအနေအထားကို မသိသေးပါဘူး။

အရင်နှစ်တွေရဲ့ အတွေ့ အကြုံအရတော့ တီးဝိုင်းခင်းထားတဲ့ ခန်းမထဲမှာ သံရုံးအဖွဲ့တွေ၊
အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေက စသဖြင့် အုပ်စုကြီးတွေကိုပဲ အထဲမှာ ကြိုတင်နေရာ
ချထားပေးပါတယ်။

သီးသန့်တစ်ယောက်စီ၊ နှစ်ယောက်စီနဲ့ အုပ်စုအသေးလေးတွေအနေနဲ့ လက်မှတ်ဝယ်တဲ့
သူတွေကတော့ ခန်းမအပြင်ဘက်က အင်းလျားကန်ကြီးကို လှမ်းမြင်နေရတဲ့ ဆင်ဝင်အောက်မှာ
စားပွဲတွေ ခင်းထားတာမို့ နှစ်သက်ရာနေရာမှာ ၀င်ထိုင်နိုင်ပါတယ်။

ကိုယ်ရောက်သွားလို့ ကိုယ့်အတွက် သတ်မှတ်ပေးထားတဲ့ နေရာမရှိဘူးဆိုလို့ စိတ်ပျက်မသွားပါနဲ့။

ဒါက ပြဿနာမဟုတ်ပါဘူး။

ညစာစားပြီးချိန်ကျော်သွားပြီဆိုတာနဲ့ ခန်းမထဲက စားပွဲဝိုင်းတွေကလည်း ကပွဲ ကြမ်းပြင်ဖြစ်သွားတာမို့
စိတ်ကြိုက်ဝင်ကလို့ရပါပြီ။

ကပွဲကြမ်းပြင်

စားသောက်လို့ပြီးတာနဲ့ ဂျာမနီကနေ ရောက်လာတာဖြစ်တဲ့ Oktoberfest band ရဲ့
ဖျော်ဖြေမှုကလည်း ပိုပြီးမြိုင်ဆိုင်လာပါလိမ့်မယ်။

ခန်းမထဲက တချို့သူတွေက အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောတဲ့သူက ပြောကြသလို
အပြင်ကလူတွေထဲကတချို့ လည်း ခန်းမထဲကိုဝင်ပြီး တီးဝိုင်းနဲ့အတူ ကခုန်ကြပါတော့တယ်။

ကရတာကို နှစ်သက်ကြတဲ့သူတွေအတွက် ပျော်စရာအကောင်းဆုံး၊ စိတ်ကြိုက်ကလို့ရတဲ့
အချိန် ရောက်လာပါပြီ။

ဂျာမန်ရိုးရာ ကနည်းတစ်မျိုးဖြစ်တဲ့ လူအုပ်ကြီးတစ်ယောက်နဲ့ လက်တွဲပြီး ကရတဲ့ အကကိုလည်း
ကကြတာမို့ မဖြစ်မနေ ပါဝင်ဆင်နွှဲသင့်ပါတယ်။

ပျော်စရာကောင်းလားလို့တော့ မမေးပါနဲ့။ အလွန်ပဲ ပျော်စရာကောင်းပါတယ်။

ဘယ်လိုလူတွေ သွားသင့်သလဲ

ဂျာမန်ဘီယာနဲ့ ရိုးရာအစားအစာစစ်စစ်တွေကို မြည်းစမ်းကြည့်ချင်သူတွေ၊ ဘီယာကောင်းကောင်း
ကြိုက်သူတွေ၊ ကခုန်ရတာကို ကြိုက်နှစ်သက်သူတွေနဲ့ အပေါင်းအသင်းသစ် ရှာလိုသူတွေတော့
အံ့ကိုက်ပါပဲ။

လူလွတ်တွေဆိုရင်တော့ ဖူးစာရှင်တောင် ရှာတွေ့ကောင်း ရှာတွေ့နိုင်မှာပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်