Monday, April 24, 2017

နိုင်ငံတကာအထိ တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း ပေးထားတဲ့ Yangon BBoy City ပြိုင်ပွဲ

မြေနီကုန်းခုံးတံတားအောက်မှာ အကလေ့ကျင့်နေသူတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ရစဉ်။ ညိုမီ/မြန်မာတိုင်း(မ်)မြေနီကုန်းခုံးတံတားအောက်မှာ အကလေ့ကျင့်နေသူတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ရစဉ်။ ညိုမီ/မြန်မာတိုင်း(မ်)

'ဘရိတ်ဒန့်' အကဟာ ရထားကြီးတစ်စင်း ဆိုပါတော့။ ဒီရထားကြီးဟာ ဘူတာရုံကနေ ထွက်ခွာပြီး
ခုတ်မောင်းနေပါပြီလို့ မြန်မာနိုင်ငံမှာ ပထမဆုံးသော နိုင်ငံတကာ ဘရိတ်ဒန့်ပြိုင်ပွဲကို စီစဉ်သူက
ပြောလိုက်ပါတယ်။

Myanmar Street Dance က ဦးစီးကျင်းပတဲ့ Yangon BBoy City ပြိုင်ပွဲကို မဟာဗန္ဓုလပန်းခြံထဲမှာ
နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲဟာ ၂၀၁၂ ခုနှစ်က စတင်ပြီး သူတို့ပဲ ကျင်းပခဲ့တာဖြစ်တဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ
အကပြိုင်ပွဲ "First Jam" နဲ့ မတူဘူးလို့ အသက် ၂၄ နှစ်အရွယ် ပွဲစီစဉ်သူ ဂျင်မီကိုကိုက ပြောပါတယ်။

"First Jam" နဲ့ မတူဘဲ Yangon BBoy City က နိုင်ငံတကာအဆင့်အထိ တက်နိုင်မယ့်ပြိုင်ပွဲပါ။
ဒီပွဲမှာ နိုင်တဲ့သူက Taipei BBoy City ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားပြိုင်ရမှာဖြစ်ပြီး
ချက်နိုင်ငံမှာ ကျင်းပမယ့် Undisputed 2016 World Final ပြိုင်ပွဲအထိ တက်နိုင်မယ့်ပွဲပါ။ အဲဒီတော့
ဒီက ဘီဘွိုင်းသမားတွေ အကောင်းဆုံး လုပ်ရမယ့်ပွဲပါ"လို့ သူက ပြောပါတယ်။

ဒါပေမဲ့လည်း First Jam ကိုလည်း မေ့မထားပါဘူး။

ငါးကြိမ် မြောက်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ လှည်းတန်းစင်တာမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Yangon BBoy City ပြိုင်ပွဲမှာ ဒိုင်တွေအဖြစ် ဆောင်ရွက် ပေးမယ့်သူတွေကတော့ အာရှနဲ့
ဒေသတွင်းနိုင်ငံတွေက ရှေ့ဆောင်ဘရိတ်ဒန့်အကသမားတွေဖြစ်တဲ့ Bojin (ထိုင်ဝမ်)၊
C little (လာအို) နဲ့ G1 (ထိုင်း)တို့ပဲ ဖြစ်ပါတယ်။

သူတို့က ပြိုင်ပွဲမှာ ဧည့်သည်အကသမားတွေအဖြစ်နဲ့လည်း ဖျော်ဖြေပေးဦးမှာ ဖြစ်ပါတယ်။

"တခြားနိုင်ငံတွေက လမ်းကြောင်းပေါ်ရောက်နေတာကြာပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံက ရထားကတော့
ဘူတာက ထွက်ခွာနေပြီ။ အမီလိုက်ဖို့ အချိန်ရောက်ပြီ"လို့ ဂျင်မီကိုကိုက ပြောပါတယ်။

ပြိုင်ပွဲဝင်တွေကို ကျား၊ မ အသက် စသဖြင့် ဘာမှ ကန့်သတ်ထားတာမရှိဘဲ ပွဲမတိုင်ခင်
နောက်ဆုံးနေ့အထိ စာရင်းသွင်းပြီး ပြိုင်ပွဲဝင်နိုင်တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်သား ၀ါရင့်ဘရိတ်ဒန့်အကသမား Lance ကတော့ "ဒါ ကျွန်တော်တို့အတွက် အကမှာ
ကိုယ်ဘယ်အနေအထား ရောက်နေပြီလဲဆိုတာ သိနိုင်ပြီး တစ်ကမ္ဘာလုံးက အကောင်းဆုံး
အကသမားတွေနဲ့ပဲ ရှိနေမယ့် ထိုင်ပေအထိသွားရောက် ယှဉ်ပြိုင်ရမှာဆိုတော့ အခွင့်အရေးကောင်း
တစ်ခုကို ရလိုက်တာပါပဲ။ ဒါကြောင့် ကျွန်တော်လည်း ၀င်ပြိုင်မှာပါ"လို့ ပြောပါတယ်။

ဘရိတ်ဒန့်အကသမား ဆယ်ယောက်လောက်ဟာ First Jam ပြိုင်ပွဲစကျင်းပကတည်းက
လှည်းတန်းခုံးတံတားအောက်မှာ တစ်ပတ်ကို နှစ်ကြိမ် (သို့) သုံးကြိမ် ပုံမှန်လေ့ကျင့်လေ့ရှိကြပါတယ်။

"အရင်တုန်းကတော့ လှည်းတန်းခုံးတံတားအောက်မှာ လေ့ကျင့်ဖြစ်တယ်။ မနှစ်ကမှ ဒီမြေနီကုန်းခုံး
တံတားအောက်မှာ ပြောင်းလေ့ကျင့်တယ်။ တခြားအကသမားတွေကတော့ စတူဒီယိုထဲမှာပဲ
လေ့ကျင့်ကျတော့ ကျွန်တော်တို့ထဲက တော်တော်များများက ဘီဘွိုင်းအကသမားတွေပဲ။
ဘယ်သူမဆိုလာပြီး အကလေ့ကျင့်ရင်း သူ့ကကွက်၊ ကိုယ့်ကကွက် ဝေမျှလို့ရတယ်"လို့
Lance က ပြောပါတယ်။

အကလေ့ကျင့်တာကို လာကြည့်သူ ကိုလင်းသူရက "ကျွန်တော့်အလုပ်က ဒီနားမှာပဲဆိုတော့
အလုပ်ကပြန်တိုင်း ခုံးတံတားအောက်မှာ ဘရိတ်ဒန့်အကသမားတွေ ရှိလားကြည့်တယ်။
သူတို့ဖွင့်ထားတဲ့ တီးလုံးက ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်စေပါဘူး။ ကတာလည်း
အရမ်းမိုက်တယ်။ သူတို့ နိုင်ငံတကာပြိုင်ပွဲမှာ ၀င်ပြိုင်နိုင်မယ် သိရတော့ ကျွန်တော်
ဝမ်းသာပါတယ်"လို့ ပြောပါတယ်။

Lance က "ကျွန်တော်နဲ့ ၂၀၀၈ ခုနှစ်ကတည်းက တူတူ ကလာတဲ့ သူငယ်ချင်းတွေ
အခု ကျွန်တော့်ဘေးမှာ တစ်ယောက်မှ မရှိတော့ဘူး။ ခေါင်းကို ကြမ်းပြင်မှာလှည့်ပြီး လှုပ်လှုပ်ရှားရှား
ကဖို့ ဆိုရင် ခွန်အားရှိဖို့၊ သက်လုံကောင်းဖို့နဲ့ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ဇွဲမလျှော့တမ်း
လုပ်ဖို့လိုတယ်"လို့ ပြောပါတယ်။

Myanmar Street Dance အဖွဲ့ကို မြန်မာလူမျိုးအကသမားတွေဖြစ်တဲ့ Poppin Mouse,
Lance Gao နဲ့ ဂျင်မီကိုကိုတို့က ၂၀၀၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်နှောင်းပိုင်းမှာ
First Jam ပြိုင်ပွဲကို အတူတကွ စီစဉ်နိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်