ဟောလိုးဝင်းမှာ ဘာပွဲတွေ ရှိကြသလဲ

ဓာတ်ပုံ - shutterstockဓာတ်ပုံ - shutterstock

စာဖတ်ပရိသတ်ကြီးရေ သီတင်းကျွတ်လပြည့်နေ့ ရောက်တော့မယ်နော်။ မီးပန်းဖောက်တဲ့ အသံတွေ၊
ဗြောက်အိုးဖောက်တဲ့ အသံတွေကိုလည်း ကြိုးကြားကြိုးကြား ကြားနေရပြီ။

ဒါနဲ့ သီတင်းကျွတ် ပြီးရင် ရောက်လာမယ့် ဟောလိုးဝင်းမှာရော ပျော်ကြဖို့ အစီအစဉ်ရှိကြလား။

ဟောလိုးဝင်းကတော့ ကိုယ်တွေနိုင်ငံရဲ့ ရိုးရာပွဲမျိုးမဟုတ်ပေမဲ့ ပျော်ရမယ့်၊ ရွှင်ရမယ့်ပွဲမျိုးဆို
ပါဝင်ဆင်နွှဲရတာ နှစ်သက်တဲ့ သူတွေအတွက်တော့ မလွတ်တမ်းဆင်နွှဲသင့်တဲ့ ပွဲတော်တစ်ခုပါပဲ။

ခုနောက်ပိုင်းနှစ်တွေမှာဆိုလည်း ရန်ကုန်က ဟိုတယ်တွေမှာ ဟောလိုးဝင်းပါတီတွေ၊ ပွဲတွေကို
စီစဉ်လာကြတာများသလို ဘားတွေမှာလည်း များသထက်များလာပြီး ဟောလိုးဝင်းနေ့အတွက်
အထူးအစီအစဉ်နဲ့ ပါတီတွေကို သူ့ထက်ငါ အပြိုင်အဆိုင်ပြုလုပ်ကြပါတယ်။

အပျော်အပါးမက်တဲ့ လူတွေအတွက်တော့ ညဘက်အပြင်ထွက်ဖို့ အခွင့်ကောင်းတစ်ခုပေါ့။

ဟောလိုးဝင်းနေ့က အောက်တိုဘာ ၃၁ ရက်နေ့မှာပါ။

ဒီနှစ် အောက်တိုဘာ ၃၁ ရက်နေ့က တနင်္လာနေ့ကြီးဖြစ်နေတော့ အလုပ်တက်ကြရတဲ့
လူတွေအတွက်တော့ သောကြာ၊ စနေလိုနေ့မျိုးလိုတော့ အပြတ်ကဲလို့တော့ ကောင်းမယ်မထင်ပါဘူး။

ဒါကြောင့်ပဲ ထင်ပါတယ်.. လောလောဆယ် ရှာဖွေတွေ့ရှိထားတဲ့ ရန်ကုန်မြို့က
ဟောလိုးဝင်းပါတီပွဲတွေကလည်း သောကြာနဲ့ စနေနေ့တွေ ဖြစ်တဲ့ အောက်တိုဘာ ၂၈ ရက်နဲ့
အောက်တိုဘာ ၂၉ ရက်တွေမှာ လုပ်ဖို့ စီစဉ်ထားကြတာများတာကို တွေ့ရပါတယ်။

ဗိုလ်တထောင်မြို့နယ်ထဲက 50th Street bar မှာဆိုရင် ဟောလိုး ၀င်းပါတီပွဲကို ၂၈ ရက်နေ့ရော၊
၂၉ ရက်နေ့ပါ နှစ်ရက်ဆက်တိုက် ကျင်းပမှာပါ။

နှစ်ရက်စလုံးမှာ ဖျော်ဖြေပေးတဲ့ တီးဝိုင်းအဖွဲ့တွေကိုလည်း ရွေးချယ်ပြီးပါပြီ။

နိုင်ငံခြားသား အဖွဲ့သားလေးယောက်ပါဝင်တဲ့ ဘန်ကောက်က "Count The Thief" အဖွဲ့နဲ့
သူတို့လိုပဲ ဘန်ကောက်မှာဖွဲ့ထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ "Spring Fall Sea" ဆိုတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။

အဲဒီအဖွဲ့နှစ်ဖွဲ့အပြင် ပြည်တွင်းက အဖွဲ့ တွေဖြစ်တဲ့ Maze of Mara နဲ့ The Myth တို့ကလည်း
အထူး ဖျော်ဖြေသူတွေအနေနဲ့ အားဖြည့်ပေးဦးမှာပါ။

ဒီပွဲတွေနဲ့ ပတ်သက်ပြီး ၀င်ကြေးလည်း သတ်မှတ်မထားပါဘူး။

ဘားက စားစရာ၊ သောက်စရာတွေကိုပဲ မှာယူစားသောက်ပြီး ဂီတသံစဉ်တွေကို နားဆင်နိုင်ကြပါတယ်။

ဒီဂျေတွေချည်းပဲပါတဲ့ EDM (Electronic Dance Music) ပွဲတွေ ကလည်း ခုနောက်ပိုင်း
လူငယ်တွေကြားမှာ အထူးခေတ်စားလာပါတယ်။

ဒီလိုပဲ ဟောလိုးဝင်းကို ရည်ရွယ်ပြီးပြုလုပ်တဲ့ ဒီဂျေပွဲတစ်ပွဲကတော့ အောက်တိုဘာ ၂၉ ရက်၊
ပြည်သူ့ရင်ပြင်မှာ ရှိပါတယ်။

ပွဲနာမည်ကတော့ ရိုးရိုးလေးပဲ "The Biggest Halloween Party in Yangon" တဲ့။

လက်မှတ်ကတော့ ပွဲမတိုင်ခင်မှာ ကြိုဝယ်ထားမယ်ဆိုရင် တစ်ယောက်ကို ကျပ် ၅,၀၀၀ ပဲ ပေးရမှာပါ။

အထူးတန်းတွေ၊ ရိုးရိုးတန်းတွေ မရှိပါဘူး။

ပွဲနေ့ရောက်မှ ၀င်ပေါက်မှာ ၀ယ်ရင်တော့ ကျပ် ၇,၀၀၀ ပေးရပါလိမ့်မယ်။

ညနေ ၄ နာရီမှာ စမယ့်ဒီပွဲမှာ တီးကြမယ့် ဒီဂျေတွေကို အစဉ်လိုက်ပြောရရင် Xeeker/ Cracker,
Dj Bora, Dj Galaxy K, Dj SoFi, Dj Chacky, M Invaders နဲ့ နောက်ဆုံးမှာ Dj Kendrick
ဖျော်ဖြေမှာပါ။

ဒီလောက်ဈေးနှုန်းနဲ့ ဒီဂျေတွေအများကြီးကို နားဆင်ရမယ်ဆိုရင်တော့ လက်မှတ်ဈေးက တန်ပါတယ်။

တနင်္လာနေ့ဖြစ်လည်း ဂရုမစိုက်ဘဲ ပွဲတော်နေ့မှာ ကျင်းပမယ့် ဟောလိုးဝင်းပါတီပွဲ တစ်ပွဲကတော့
ဗိုလ်တထောင်ဆိပ်ကမ်းက Vintage Luxury Yacht ဟိုတယ်ထဲမှာ ဆင်နွှဲရမှာပါ။

ဒီပွဲကတော့ အရင်နှစ်က သွားခဲ့ဖူးတဲ့ ကျွန်တော့်မိတ်ဆွေတွေရဲ့ အဆိုအရ ဆိုရင်တော့
တော်တော်ပျော်ဖို့ကောင်းတယ်လို့ ပြန်ကြားရပါတယ်။

လက်မှတ်ဈေးနှုန်းကတော့ တစ်ယောက်ကို ကျပ် ၁၅,၀၀၀ ဖြစ်ပြီး ဘီယာနှစ်ခွက် ပါပါတယ်။

ဘီယာနှစ်ခွက်ကုန်ပြီးလို့ ထပ်သောက်ချင်တဲ့ သူတွေအတွက်တော့ အဲဒီက ဘယ်လောက်ဈေးတွေနဲ့
ရောင်းတယ်ဆိုတာတော့ မသိရသေးပါဘူး။

ဒါပေမဲ့ ဒီဟိုတယ်က အဆင်မြင့်ဟိုတယ်ဆိုတဲ့အတိုင်း အစားအသောက်တွေရဲ့ ဈေးနှုန်းတွေကတော့
ပုံမှန်ထက်ဈေးများပါတယ်။

ည ၇ နာရီမှာပွဲစပြီး သန်းခေါင်လောက်အထိ နွှဲလို့ရပါတယ်။

ဒီဂျေဖျော်ဖြေမှုတွေလည်း ပါဝင်သလို ဟောလိုးဝင်းဝတ်စုံ ပြိုင်ပွဲလည်း ထည့်သွင်းထားပါတယ်တဲ့။

ကိုယ့်ဝတ်စုံက အမိုက်စားနဲ့ အလန်းစားဆိုရင် ပထမဆုအနေနဲ့ Vintage Luxury Yacht ဟိုတယ်မှာ
အခမဲ့ တစ်ညတည်းခိုခွင့် ရဦးမှာပါ။

နောက်ထပ်ပါတီတွေကတော့ အောက်တိုဘာ ၂၉ ရက်မှာ လုပ်မယ့် လမ်းမတော်မြို့နယ်က
The Basement ဘားက ပါတီမှာတော့ ၀င်ကြေးအခမဲ့ဖြစ်ပြီး ဒီဂျေတင်ဆက်မှုပါဝင်သလို
ည ၇ နာရီကနေ ၁၀ နာရီအထိ Fruit Punch Cocktail ကို အခမဲ့သောက်သုံးခွင့် ရရှိမှာဖြစ်ပါတယ်။

ပြီးတော့ ၀တ်စုံပြိုင်ပွဲနဲ့ ကံစမ်းမဲ အစီအစဉ်တွေလည်း ပါဝင်မှာပါ။

အောက်တိုဘာ ၂၉ ရက်မှာပဲ သင်္ဃန်းကျွန်းမြို့နယ်ထဲက အသစ်စက်စက် ဖွင့်လှစ်လိုက်တဲ့ ibis Styles
ဟိုတယ်မှာ ပြုလုပ်မယ့် Halloween Costume Party ကလည်း ဒီဂျေတွေရဲ့ ဖျော်ဖြေတင်ဆက်မှု
တွေနဲ့အတူ ၀တ်စုံပြိုင်ပွဲလည်း ပါဝင်ပါတယ်။

သူ့ရဲ့ ၀င်ကြေးကတော့ တစ်ဦးကို ကျပ် ၁၅,၀၀၀ ဖြစ်ပြီး သောက်စရာ တစ်ခွက် ရရှိမှာပါ။

ဘော်ဒါနဲ့ ပါတီတွေတက်ဖို့ပဲ ပြောနေတာ။

ဟောလိုးဝင်းဆိုတော့ စာဖတ်ပရိသတ်ကြီးလည်း ဟောလိုးဝင်းနဲ့ဆိုင်တဲ့ ၀တ်စုံလေးတွေ
ဝတ်ချင်ကြမှာပဲ။

တချို့တွေက ဟောလိုးဝင်းဆို တစ္ဆေသရဲ မကောင်းဆိုးဝါး ကြောက်စရာကောင်းတာတွေပဲ ၀တ်ရမယ်လို့
ထင်ကြပါတယ်။

အဲလိုဖက်ရှင်မျိုးတွေလည်း ၀တ်နိုင်ပေမဲ့ ဟောလိုးဝင်း Costume ဆိုတဲ့ စာသားအတိုင်း
ဇာတ်ကောင်တစ်ခုခု လူတစ်စုံ တစ်ယောက်နဲ့ တူအောင်မျိုး လုပ်ဝတ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ်လည်း
ကိုယ့်စိတ်ကူးစိတ်သန်းနဲ့ စိတ်ကြိုက်ဖန်တီးထားတဲ့ ၀တ်စုံဝတ်စားတွေလည်း ၀တ်လို့ရပါတယ်။

ဒါပေမဲ့ ဟောလိုးဝင်းမှာ ၀တ်မယ့် ၀တ်စုံတွေကိုတော့ တခြား နိုင်ငံတွေမှာလိုမျိုး ဒီမှာက လွယ်လွယ်နဲ့
ရှာဝယ်လို့ မရပါဘူး။

ဒါပေမဲ့ အွန်လိုင်းရှော့ပင်းတွေမှာတော့ ရောင်းတာကို တွေ့ရပါတယ်။

Things 4 U ဆိုတဲ့ အွန်လိုင်းစာမျက်နှာမှာ ဟောလိုးဝင်းနဲ့ ပတ်သက်တဲ့ ကလေး၊ လူကြီးဝတ်
ဝတ်စုံတွေ၊ ပါတီလုပ်မယ်ဆိုရင် အိမ်မှာ အလှဆင်လို့ရမယ့် ပစ္စည်းတွေ၊ မျက်နှာဖုံးတွေ စတာတွေကို
အခုကတည်းက ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာတင်ပြီး ရောင်းချနေပါပြီ။

ဒါပေမဲ့ ရွေးချယ်စရာတော့ သိပ်မများပါဘူး။

သူ့လိုပဲ ပုလဲကွန်ဒိုက Party Studio ဆိုတဲ့ ပါတီနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ စုံလင်အောင်ရောင်းတဲ့
ဆိုင်မှာလည်း ဒီနှစ် ဟောလိုးဝင်းအတွက် သူတို့ဆီမှာ ပစ္စည်းတွေရောက်နေပါပြီ။

ကြောက်စရာ ကောင်းအောင် ပြောင်းလဲလို့ရတဲ့ နားရွက်အတု၊ သွားအတု၊ လက်အတုတွေအပြင်
မျက်နှာကို ကိုယ်စိတ်ကူးရှိရင်ရှိသလို ဟောလိုးဝင်းနဲ့ လိုက်ဖက်အောင် ပြင်ဆင်ခြယ်သနိုင်တဲ့
Face Makeup တွေလည်း အဲဒီဆိုင်မှာ ရနိုင်ပါတယ်။

ပါတီတက်တဲ့အခါ လန်းစေမယ့် Glow In The Dark Accessories တွေလည်းရနိုင်သလို
ဝတ်စုံတွေလည်း ရောင်းချပေးနေပါတယ်။

ဝတ်စုံကို မ၀ယ်ချင်ဘဲ ကိုယ့်ဘာသာကိုယ် ထွင်ရတာကြိုက်နှစ် သက်သူတွေကတော့ ဒီခေတ်ကြီးမှာ
အင်တာနက်ထဲကနေ Halloween DIY costume လိုမျိုး စာသားကို ရိုက်ထည့်ပြီးလည်း
ရှာလို့ရတယ်နော်။

ဝယ်ဝတ်မယ့်သူ၊ ချုပ်မယ့်သူတွေလည်း ဒီဇိုင်းစဉ်းစားမရရင် အင်တာနက်မှာသာ ပြေးရှာလိုက်ပါ။
စုံနေအောင် ပေါ်လာပါလိမ့်မယ်။

You Tube မှာ ၀င်ကြည့်ရင်လည်း ရနိုင်ပါတယ်။ ၀တ်စုံတင် မဟုတ်ဘူးနော်။ မျက်နှာခြယ်နည်း
လိမ်းနည်းတွေပါ ကြည့်လို့ရနိုင်ပါတယ်။

လောလောဆယ် ခေါင်းထဲမှာရှိတဲ့ အလွယ်ကူဆုံးနည်းကို ပြောပြရမယ်ဆိုရင်တော့ ပတ်တီးကို
လိုအပ်သလောက် များများသားဝယ်ပတ်ပြီး အီဂျစ်က မံမီရုပ်အလောင်းလို သွားရင်လည်း မဆိုးတော့
မဆိုးလောက်ပါဘူးနော်။

ဝတ်စုံလည်း မလုပ်ချင်ဘူး။ ၀ယ်လည်း မ၀ယ်ချင်ဘူးဆိုတဲ့ သူတွေက ပုံမှန်ပွဲတက်ဝတ်စုံလေးနဲ့အတူ
Accessories လေးနဲ့ပဲ ထူးခြားမှုလေးဖြစ်ချင်တယ်ဆိုလည်း စမ်းချောင်း၊ ဗားကရာလမ်းပေါ်မှာ
ဖွင့်ထားတဲ့ Spirits လို ဆိုင်မျိုးမှာ ပစ္စည်းဆန်းလေးတွေ ရနိုင်ပါတယ်။

ဘယ်မှလည်း မထွက်ချင်၊ မသွားချင်တဲ့ သူတွေကတော့ အိမ်မှာနေပြီး သူငယ်ချင်းတွေနဲ့
မုန့်လုပ် စုစားတာမျိုးလည်း ဟောလိုးဝင်းနေ့မှာ လုပ်နိုင်သလို သရဲကားကောင်းတွေ စုပြီးတော့လည်း
ကြည့်ကြမယ်ဆိုရင်လည်း ပျော်ဖို့ကောင်းမှာ သေချာပါ။

ကဲ... ဒီတော့ စာဖတ်ပရိသတ်ကြီးကို နောက်ဆုံးပြောချင်တာက သီတင်းကျွတ်ပဲဖြစ်ဖြစ်၊
ဟောလိုးဝင်းပဲဖြစ်ဖြစ် အန္တရာယ်ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် ပျော်နိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်တယ်နော်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်