စည်းမျဉ်းတွေကို ချိုးဖောက်ခိုင်းတဲ့ ထိုင်းဒီဇိုင်နာ

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးကို ဒေးဗစ်နဲ့အတူ မြန်မာဖက်ရှင်ရက်သတ္တပတ်ပွဲတော် စင်မြင့်ထက်မှာ တွေ့ရစဉ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးကို ဒေးဗစ်နဲ့အတူ မြန်မာဖက်ရှင်ရက်သတ္တပတ်ပွဲတော် စင်မြင့်ထက်မှာ တွေ့ရစဉ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

နောက်ဆုံးတော့ အမျိုးသားတွေကိုလည်း လူအများက ဂရုတစိုက်နဲ့ ကြည့်ကြရတဲ့ အခြေအနေကို
ဆိုက်ရောက်လာပါပြီ။

ဒီအခြေအနေကို ထိုင်းအမျိုးသားဒီဇိုင်နာက ဖန်တီးရယူလိုက်တာပါ။

ဒေးဗစ်ဟာ သူဖန်တီးထားတဲ့ ready-to-wear dVIS တံဆိပ် အမျိုးသားဝတ်တွေကို အောက်တိုဘာ
၇ ရက်ကနေ ၉ ရက်အထိ တာမွေ၊ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပခဲ့တဲ့ Myanmar Int'l Fashion Week
2016 ရဲ့ လျှောက်လမ်းပေါ်မှာ ပြသခဲ့ပါတယ်။

ဖက်ရှင်ရက်သတ္တပတ်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ အောက်တိုဘာ ၉ ရက်နေ့မှာ ဒေးဗစ်ရဲ့ ဒီဇိုင်းတွေကို
ပြည်တွင်းက ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ ကိုလတ်ရဲ့ ပွဲတက်ဝတ်စုံတွေနဲ့ အနောက်တိုင်းဂါဝန် စုစည်းမှုတွေ
အပါအ၀င် တခြားအသင့်ဝတ်ဖက်ရှင်တံဆိပ်တွေဖြစ်တဲ့ Bossini၊ Next Generation နဲ့ Yoo Club ၊
Memory Wedding Dress & Photo Studio က အနောက်တိုင်းမင်္ဂလာဆောင်ဝတ်စုံ၊ ပွဲတက်ဂါဝန်
ဒီဇိုင်းတွေနဲ့ tailored တံဆိပ်ဖြစ်တဲ့ MILANO ESMOD က အမျိုးသမီးဝတ်၊ အမျိုးသားဝတ်
ကုတ်အင်္ကျီတွေနဲ့အတူ ပြသခဲ့တာပါ။

တစ်ရက်တည်းကို အပိုင်းခြောက်ပိုင်းခွဲပြီး ကျင်းပခဲ့တဲ့ထဲကမှ နောက်ဆုံးပြသခဲ့တဲ့ ဒေးဗစ်ရဲ့ ပွဲမှာတော့
စိတ်ဝင်စားဖွယ် ဖက်ရှင်အတွဲအစပ်တွေနဲ့ အမျိုးသား ၀တ်ဒီဇိုင်းတွေကို ပြသခဲ့ပါတယ်။

အဲဒီနေ့က ဖက်ရှင်ချစ်သူတွေကို ဒေးဗစ်ပေးခဲ့တဲ့ စကားလက်ဆောင်က ရိုးစင်းပါတယ်။

"တကယ်လို့ မင်းက ဖက်ရှင်ကျကျ ခပ်လန်းလန်းအမျိုးသားတစ်ဦး ဖြစ်ချင်တယ်ဆိုရင်တော့
သမားရိုးကျဖက်ရှင်စည်းမျဉ်းတွေကို ချိုးဖောက်လိုက်ရုံပါ"တဲ့။

အမျိုးသားဝတ်ဒီဇိုင်း ၃၀ ကျော်နဲ့အတူ ကလေးဝတ်နဲ့ အမျိုးသမီးဝတ် ၀တ်စုံအနည်းငယ်နဲ့ ပွဲထွက်လာတဲ့
ဒေးဗစ်ရဲ့ ဖန်တီးမှုလက်ရာတွေဟာ အနက်ရောင်ပေါ်မှာ အခြေခံထားပြီး ထိုင်းရိုးရာပိတ်စ၊ လည်သာ၊
သားမွေးတို့နဲ့ ဖန်တီးချုပ်လုပ်ထားပါတယ်။

တကယ်တော့ ဒီဇိုင်နာ ဒေးဗစ်ဟာ မြန်မာဖက်ရှင် လောကနဲ့ မစိမ်းပါဘူး။

မနှစ်က ကျင်းပခဲ့တဲ့ ဖက်ရှင်ရက်သတ္တပတ် ၂၀၁၅ ပွဲမှာလည်း ပါဝင်ပြသခဲ့ပြီး ထိုင်းရိုးရာပိတ်စတွေအပေါ်
အခြေခံဖန်တီးချုပ်လုပ်ထားတဲ့ သူ့ရဲ့ အမျိုးသားဝတ်စုံတွေကို ပြည်တွင်းက ဖက်ရှင်ဒီဇိုင်နာတွေနဲ့
ဖက်ရှင်ချစ်သူတွေက အသိအမှတ်ပြု ကြိုက်နှစ်သက်ခဲ့ကြပါတယ်။

ထိုင်းဒီဇိုင်နာ ဒေးဗစ်ရဲ့ ဖက်ရှင်လက်ရာတွေကို မော်ဒယ်တွေ ၀တ်ဆင်သရုပ်ပြသနေကြစဉ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ထိုင်းဒီဇိုင်နာ ဒေးဗစ်ရဲ့ ဖက်ရှင်လက်ရာတွေကို မော်ဒယ်တွေ ၀တ်ဆင်သရုပ်ပြသနေကြစဉ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

"မြန်မာပရိသတ်တွေက အရင်နှစ်ကနဲ့ မတူတဲ့ ဒီဇိုင်းသစ်တွေကို မျှော်လင့်နေကြမယ်ထင်လို့
ဒီနှစ်အတွက်တော့ ကျွန်တော့်ရဲ့ ဖန်တီးမှုတွေကို အသစ်တစ်ဖန် ပြောင်းလဲဖန်တီးခဲ့ပါတယ်။
မြန်မာပရိသတ်တွေအတွက် အဓိကရည်ရွယ် ပြုလုပ်ခဲ့တဲ့ ဒီ collection ကို ကြည့်ပြီးတော့
ပျော်ရွှင်ကျေနပ်မယ်လို့ ထင်ပါတယ်။ ဒီဆောင်းရာသီမှာ မြန်မာအမျိုးသားတွေ ဘယ်လိုဒီဇိုင်းတွေ
ရွေးချယ်သင့်လဲ။ အဲဒါကို ပြသချင်တဲ့အတွက် ဒီပွဲမှာ ပါဝင်ခဲ့တာပါ"လို့ အသက် ၄၄ နှစ်အရွယ်
ထိုင်းဒီဇိုင်နာ ဒေးဗစ်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

သူ့ရဲ့ pea jacket ဒီဇိုင်းတချို့နဲ့ collared coat တွေဟာ လူကြီးလူကောင်းဆန်ဆန် ဒီဇိုင်းအသွင်ကို
ပံ့ပိုးပေးနိုင်ပါတယ်။

ဒါပေမဲ့ collection ထဲမှာ တွေ့ရတဲ့ ပိတ်စအရောင်တောက်တောက်တွေ၊ သားမွေးရှည် (faux fur) နဲ့
ချုပ်လုပ်ထားတဲ့ ကုတ်အင်္ကျီရှည်ကြီးတွေ အပါအ၀င် ဒီဇိုင်းတော်တော်များများကတော့ လည်ပြန်
ငေးကြည့်ရမယ့် ခပ်ဟော့ဟော့ အမျိုးသားတစ်ဦးအသွင် ဖြစ်စေပါတယ်။

"ဒီဖက်ရှင်ရက်သတ္တပတ်မှာ လာရောက်ပြသရတာကို ကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကလူတွေက
ခေတ်မီပြီး ဖက်ရှင်ကျတဲ့ ဒီဇိုင်းတွေကို သဘောကျကြတယ်လေ။ သူတို့တွေက ဖန်တီးမှုအသစ်တွေ၊
စတိုင်အသစ်တွေဆိုရင် ပိုပြီးသဘောကျအားပေးကြတယ်"လို့ ဒေးဗစ်က ဆိုပါတယ်။

ထိုင်းနိုင်ငံက တီဗီအစီအစဉ်တွေနဲ့ ရုပ်သံဇာတ်လမ်းတွဲ အစီအစဉ်တွေမှာ၊ နောက် မော်ဒယ်လောကမှာပါ
ဝါရင့် stylist တစ်ဦးအဖြစ်ကနေ ဒီဇိုင်နာတစ်ဦးအဖြစ် ပြောင်းလဲရပ်တည်ခဲ့တာ ဆယ်စုနှစ်တစ်ခုလောက်
ရှိသွားပြီဖြစ်တဲ့ ဒီဇိုင်နာ ဒေးဗစ်က သူ့လုပ်သက်တစ်လျှောက်မှာ Nataraj Award 2009
(ထိုင်းအော်စကာဆုပေးပွဲ) ဆုပေးပွဲကနေ ရရှိခဲ့တဲ့ အကောင်းဆုံးဝတ်စုံဒီဇိုင်နာဆု အပါအ၀င်
ဆုပေါင်းများစွာကို ရရှိခဲ့ပါတယ်။

"Myanmar Int'l Fashion Week  က အရင်နှစ်တွေကထက် ပိုပြီးကြီးမားခမ်းနားလာခဲ့ပါတယ်။
ဒါကြောင့် ဒီလိုဖက်ရှင်ရက်သတ္တပတ်လိုမျိုးမှာ ကျွန်တော့်ရဲ့ ဒီဇိုင်းတွေကို နှစ်နှစ်ဆက်တိုက်
ပါဝင် ပြသခွင့်ရခဲ့တဲ့အတွက် ကျေနပ်မိပါတယ်"လို့ ဒီဇိုင်နာဒေးဗစ်က ပြောပါတယ်။

ထိုင်းဒီဇိုင်နာ ဒေးဗစ်ရဲ့ ဖက်ရှင်လက်ရာတွေကို မော်ဒယ်တွေ ၀တ်ဆင်သရုပ်ပြသနေကြစဉ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ထိုင်းဒီဇိုင်နာ ဒေးဗစ်ရဲ့ ဖက်ရှင်လက်ရာတွေကို မော်ဒယ်တွေ ၀တ်ဆင်သရုပ်ပြသနေကြစဉ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

လျှောက်လမ်းပေါ်မှာတွေ့ခဲ့ရတဲ့ သူ့ရဲ့ ဒီဇိုင်းအတွဲ အစပ်တွေက ဆန့်ကျင်ဘက်တွေပါ။

စတိုင်ဘောင်းဘီနဲ့ တွဲစပ်ဝတ်လေ့ရှိတဲ့ ရှပ်အင်္ကျီ၊ နက်ခ်တိုင်၊၊

လက်ပြတ် waist coat လိုမျိုးကို skinny ဘောင်းဘီနဲ့အတူ ပိတ်စအရောင်တောက်တောက်နဲ့
ချုပ်ထားတဲ့ ဒူးဖုံး ကော်လာမပါ လက်ရှည်အပေါ် ထပ်အင်္ကျီတို့နဲ့ တွဲစပ်ပေးထားပါတယ်။

ဒါ့ပြင် ဖက်ရှင်တွဲဖက် အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ လည်စည်းပ၀ါအမျိုးမျိုး၊ ခါးပတ်၊ ဟန်းချိန်းတွေနဲ့
ဦးထုပ် စတာတွေနဲ့လည်း ချိတ်ဆက်ဝတ်ဆင်ပြသသွားခဲ့ပါတယ်။

နောက်ပြီး စလွယ်၊ ခါးစည်းနဲ့ ခေါင်းပေါင်းတွေ ထည့်သွင်းဖန်တီးထားလို့ ထိုင်းရိုးရာအငွေ့အသက်တွေ
ပါဝင်အောင် ဆင်ယင်ထားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

"ကျွန်တော်ကတော့ လူတွေကို ကြည့်ကောင်းအောင် ကောင်းကောင်းလေး
ဝတ်စားဆင်ယင်စေချင်တယ်။ အကုန်လုံးကတော့ သူတို့လိုချင်တာတွေကို ၀ယ်နိုင်ကြပါတယ်။
ဒါပေမဲ့ ဘယ်ဒီဇိုင်းကတော့ ဘယ်လို၊ သူတို့တွေနဲ့လိုက်ဖက်မယ်ဆိုတာကိုတော့ သိနိုင်ရင်
ပိုကောင်းပါတယ်။ အဲဒီအတွက် dVIS က ၀န်ဆောင်မှုပေးမှာပါ"လို့ ဒေးဗစ်က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒီဇိုင်နာဒေးဗစ်ရဲ့ ဖက်ရှင်လက်ရာတွေကို ကြည့်ရှုခဲ့ရပြီး ဒီနှစ်မှာလည်း
လာရောက်ကြည့်ရှုခဲ့တဲ့ ပြည်တွင်းက stylist တစ်ဦးဖြစ်တဲ့ မင်းမြတ်သူကတော့ ဒီနှစ်
dVIS collection က သူမျှော်လင့်ထားသလောက် တစ်ထပ်တည်းမကျခဲ့ဘူးလို့ ဆိုပါတယ်။

"သူ့ဝတ်စုံတွေက ခေတ်လည်းမီတယ်၊ ရိုးရာလည်း မပျောက်အောင် ထည့်သွင်းဖန်တီးခဲ့တာကိုတော့
ကြိုက်ပါတယ်။ အနက်ရောင်တွေနဲ့ ယိုးဒယား theme ယူထားတယ်။ ဒါပေမဲ့ သိပ်လိုက်ဖက်တယ်
မဟုတ်ပါဘူး။ မျှော်လင့်ထားသလောက်တော့ မဖြစ်ဘူး။ Extreme နည်းနည်းများတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ ထိုင်းရိုးရာအထည်ပေါ်မှာ ရိုးရိုးလေးပဲ ဖန်တီးခဲ့ပေမဲ့ ဖက်ရှင်လည်းကျတယ်၊
စမတ်လည်းကျတယ်။ နောက်ပြီး casual wear ဘက်နည်းနည်းသွားတော့ အလွယ်တကူ
ဝတ်လို့ရတာပေါ့။ အခုကျတော့ ဖက်ရှင်တော့ကျပေမဲ့ performance တစ်ခုလိုပဲ ခံစားရတယ်" လို့
stylist တစ်ဦးအဖြစ် ၂၀၁၁ ခုနှစ်လောက်ကတည်းက လုပ်ကိုင်ခဲ့တဲ့ အသက် ၃၁ နှစ်အရွယ်
ကိုမင်းမြတ်သူ က သူ့အမြင်ကို ပြန်လည်ဝေမျှပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းဒီဇိုင်နာဒေးဗစ်ကတော့
နောက်နှစ် ၂၀၁၇ ဖက်ရှင်ရက်သတ္တပတ်မှာ မြန်မာပြည်ကိုလာပြီး သူ့ဖန်တီးမှုကိုပြသဖို့က
သူ့ရဲ့ အနာဂတ် ရည်မှန်းချက်တွေထဲက တစ်ခုလို့ ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်