အို… နိုင်ငံသားတို့ စုပေါင်းအိပ်မက်မက်ကြစို့

ဓာတ်ပုံ - ညိုမီဓာတ်ပုံ - ညိုမီ

သီတင်းကျွတ်လပြည့်နေ့ညနေခင်းတခု။ အနုပညာရှင်တွေ၊ ငြိမ်းချမ်းရေးလိုလားသူတွေနဲ့
ပြည့်နှက်နေတဲ့ မဟာဗန္ဓုလပန်းခြံရဲ့ကောင်းကင်ယံမှာ ပုစဉ်းလေးတွေနဲ့အတူ ငြိမ်းချမ်းရေးသီချင်း
အဆိုရှင် ကိုစောဖိုးခွားရဲ့ ရက်ဂေးသီချင်းသံကလည်း ပြန့်လွင့်လို့နေပါတယ်။

အဲဒီနေရာမှာ စာရေးဆရာမ မသီတာ(စမ်းချောင်း) က ဦးဆောင်ပြီး "စုပေါင်းအိပ်မက်မက်ကြစို့" ဆိုတဲ့
ကဗျာခေါင်းစဉ်တိုက်တွန်းစာလေးကို လူတိုင်းရင်းနှီးသွားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ပွဲလေးပြုလုပ်နေတာဖြစ်ပါတယ်။

ဆရာမ မသီတာဟာ စုပေါင်းအိပ်မက်မက်ကြစို့ဆိုတဲ့ စကားစုကို ၂၀၁၄ ခုနှစ်က စင်ကာပူမှာ
ကျင်းပခဲ့တဲ့ Burma Studies Conference မှာ ပထမဆုံးအသုံးပြုခဲ့ပါတယ်။

လူတိုင်းက ကိုယ့် identity ကိုပဲ ဦးစားပေးလာကြတယ်။ အနာဂတ်လူ့ဘောင်တခုကို
ဘယ်လိုအတူတကွ ငြိမ်းချမ်းအောင် တည်ထောင်မလဲဆိုပြီး စုပေါင်းပြီးအိပ်မက်မက်ဖို့ ရည်ရွယ်ရင်း
အသုံးပြုခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဆောင်းပါးတွေလည်း ရေးခဲ့ပေမဲ့ လူသိပ်မသိလို့ နိုင်ငံတွင်းမှာရှိတဲ့ ဘယ်သူမဆို
ဒီစကားလုံးကို ယဉ်ပါးသွားအောင် ကုလသမဂ္ဂ ၇၀ ပြည့်နှစ်အတွက် ရည်ရွယ်ပြီး
စုပေါင်းအိပ်မက်မက်ကြစို့ ဆိုတဲ့ ကဗျာလေးစပ်ဖြစ်ခဲ့ပါတယ်လို့ မသီတာ (စမ်းချောင်း)
ကပြောပါတယ်။

"ဒီကဗျာက အင်မတန်မြင့်မားတဲ့ ရည်ရွယ်ချက်ရှိတဲ့ ကဗျာပါ။ လူသားအားလုံး မျိုးချစ်စိတ်ရှိဖို့သာမက
ငြိမ်းချမ်းပြီး မေတ္တာတရားနဲ့ တည်ဆောက်ကျတဲ့ နိုင်ငံဖြစ်ဖို့ ရေးထားတာဖြစ်ပါတယ်"လို့ ပွဲလေးကို
ပါဝင်ဆင်နွှဲသူတစ်ဦးဖြစ်တဲ့ စာရေးဆရာမ သန်းမြင့်အောင်က ပြောပါတယ်။

ဓာတ်ပုံ - ညိုမီဓာတ်ပုံ - ညိုမီ

ပွဲခင်း (မဟာဗန္ဓုလပန်းခြံရဲ့ မြက်ခင်း) ထဲမှာတော့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ခဲ့ဖူးသူ
စွန့်ပစ်ပစ္စည်းများနဲ့ အနုပညာဖန်တီးသူ ကိုစန်းဇော်ထွေးရဲ့ အနုပညာပြကွက်တွေ၊ ဂရဖစ်တီသမား
နှစ်ယောက်ဖြစ်တဲ့ ကိုကိုမောင်နဲ့ ကိုကျော်သူအောင်တို့ရဲ့ ငြိမ်းချမ်းရေးပေါ်အခြေခံတဲ့ ဂရဖစ်တီပြကွက်၊
ပန်မြန်မာအဖွဲ့ရဲ့ ကဗျာရွတ်သံတွေ၊ Performance art တွေ၊ အဆိုတော် စောဖိုးခွားရဲ့ သီချင်းသံတွေနဲ့
အသက်ဝင်နေခဲ့ပါတယ်။

ကဗျာလေးရဲ့ အစမှာတော့ "အို နိုင်ငံသားတို့... စုပေါင်းအိပ်မက်မက်ကြစို့"လို့ သုံးကြိမ်တိုင်တိုင်
နှိုးဆော်သံနဲ့ စထားပြီး တဦးချင်းဆိုတဲ့ စိတ်ကနေ အဖွဲ့နဲ့ စုပေါင်းလုပ်ကြမယ်ဆိုတဲ့ စိတ်ကူးပေါ်အောင်
တိုက်တွန်းထားပါတယ်။

ပွဲလုပ်ဖြစ်ဖို့ကို သုံးလေးလလောက် အချိန်ယူပြီး အနုပညာရှင်ပေါင်းစုံနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရပြီး
ပွဲရဲ့ အဆုံးသတ်ကိုတော့ မသီတာရဲ့ ကဗျာကို တယောက်တပိုဒ်စီ ရွတ်ဆိုခဲ့ကြပါတယ်။

"အမှန်အတိုင်းပြောရင် သိပ်တော့ မကျေနပ်သေးပါဘူး။ တနိုင်ငံလုံးအနှံကို ဘာသာစကားပေါင်းစုံနဲ့
လုပ်ချင်တာပါ။ လူတွေရင်ထဲမှာ စုပေါင်းအိပ်မက်မက်ရမယ်ဆိုတဲ့ စိတ်ကူးလေးပေါ်တဲ့အထိ
လုပ်သွားချင်ပါတယ်"လို့ မသီတာ (စမ်းချောင်း)က ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်