ဒုတိယအကြိမ် မြန်မာပြည် ရောက်လာတဲ့ Pee Mak မင်းသား မာရီယို

နိုဝင်ဘာ ၁၄ ရက်က အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ Penshoppe ဖက်ရှင်ရှိုးမှာ မာရီယိုကို တွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)နိုဝင်ဘာ ၁၄ ရက်က အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ Penshoppe ဖက်ရှင်ရှိုးမှာ မာရီယိုကို တွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)

မြန်မာပရိသတ်တွေကြားမှာ Pee Mak မင်းသားလို့ လူသိများတဲ့ ထိုင်းမင်းသားချောလေး
မာရီယိုမောရာ တစ်ယောက် မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် ရောက်ရှိလာခဲ့ပြန်ပါပြီ။

မနှစ်ကတော့ Pond's မျက်နှာ သစ်ဆပ်ပြာရဲ့ Brand Ambassador တစ်ယောက်အနေနဲ့
ရောက်လာခဲ့တာဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ ဖိလစ်ပိုင်နိုင်ငံက ဖက်ရှင်အ၀တ်အထည်
အမှတ်တံဆိပ်ဖြစ်တဲ့ Penshoppe ရဲ့ Brand Ambassador တစ်ယောက်အနေနဲ့
ဖိတ်ကြားခံရတာကြောင့် ရောက်ရှိလာခဲ့တာပါ။

နိုဝင်ဘာ ၁၄ ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိ လာခဲ့ပြီး အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ
ဆီဒိုးနားဟိုတယ်မှာ စာနယ်ဇင်းတွေနဲ့ တွေ့ဆုံခဲ့သလို ညနေပိုင်းမှာ အင်းလျားလိတ်ဟိုတယ်မှာ
ကျင်းပတဲ့ Penshoppe ဖက်ရှင်ရှိုးမှာတော့ မြန်မာနိုင်ငံက မော်ဒယ်တွေနဲ့အတူ ပါဝင်ခဲ့ပါတယ်။

ဒါ့ပြင် မာရီယိုက အဲဒီဖက်ရှင်ပွဲမှာ သူ့ရဲ့အမာခံပရိသတ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့တစ်ခေါက်ရော အခုတစ်ခေါက်ပါ အလုပ်ကိစ္စနဲ့ လာရောက်တာဖြစ်ပြီး နိုင်ငံတွင်းမှာ
လည်ပတ်ချိန်မရတာမို့ အချိန်ပေးနိုင်တဲ့အခါ အလည်အပတ်အနေနဲ့ သီးသန့်လာချင်တယ်လို့
မာရီယိုက ဆိုပါတယ်။

"ကျွန်တော့်အပေါင်းအသင်းတွေထဲမှာ ဒီကိုလာဖူးတဲ့ လူတွေရှိတယ်လေ။ သူတို့တွေက
ဒီရောက်နေတဲ့အချိန် ကျွန်တော့်ကို အင်တာနက်ကနေ ပုံတွေပို့ပြီးပြတယ်။ အဲဒီတော့
ကျွန်တော်ကိုယ်တိုင်လည်း သူတို့လို သွားချင်မိတယ်။ ဒီမှာ လှပပြီးရှေးကျတဲ့ ဘုရားကျောင်းတွေ၊
ဘုရားတွေရှိတဲ့ နေရာတွေကို အဓိကသွားချင်တယ်"လို့ ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နွေးထွေးပျူငှာတဲ့ စိတ်ထားကို အရမ်းသဘောကျပြီး မုန့်ဟင်းခါးကိုလည်း
ကြိုက်နှစ်သက်တယ်လို့ဆိုပါတယ်။

"လောလောဆယ်တော့ ဒီကအစားအစာဆို မုန့်ဟင်းခါးပဲ စားကြည့်ရသေးတယ်။
အရမ်းကြိုက်ပါတယ်။ နောက် မြန်မာနိုင်ငံက အစားအစာကောင်းတာတွေ ရှိတယ်ဆိုတာလည်း
သိထားရတော့ ကြုံကြိုက်ရင် နောက်ထပ် အစားအစာတွေကိုလည်း မြည်းစမ်းကြည့်ချင်ပါတယ်။
အဲဒီကျရင်လည်း ကျွန်တော်ပိုနှစ်သက်တဲ့ မြန်မာအစားအစာကို တွေ့ရင်လည်းတွေ့မှာပေါ့"လို့
ဆိုပါတယ်။

အသက် ၁၈ နှစ်အရွယ်မှာ စပြီးသရုပ်ဆောင်ဖြစ်လာခဲ့တဲ့ မာရီယိုရဲ့ ပထမဆုံးဇာတ်ကားက
"The Love of Siam" ဆိုတဲ့ အချစ်ဇာတ်ကားပဲဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၇ နှစ်ရှိပြီဖြစ်ပြီး Pee Mak အပါအ၀င် ဇာတ်ကားပေါင်း ၂၀ လောက်မှာလည်း
ပါဝင်သရုပ်ဆောင်ခဲ့ပြီးပါပြီ။

"နောက်ဆုံးရိုက်ကူးထားတဲ့ ရုပ်ရှင်ကတော့ သမိုင်းကြောင်းနဲ့ဆိုင်တဲ့ ဇာတ်ကားလေးပါ။
ဒီကားလေးက ထိုင်းနိုင်ငံအကြောင်းတင် မဟုတ်ဘဲ မြန်မာနိုင်ငံဘက်က အကြောင်းအရာလည်း
ပါတော့ ဒီကားထဲမှာ မြန်မာလို အ၀တ်အစားတွေလည်း ၀တ်ရတယ်။ မြန်မာနဲ့ ပတ်သက်တဲ့
အကြောင်းတွေလည်း ထည့်ရိုက်ထားတယ်။ မကြာခင်လည်း ထွက်လာမှာပါ"လို့ သူ့ရဲ့
အနုပညာလှုပ်ရှားမှုအကြောင်းကို ပြောပြပါတယ်။

ဈေးကွက်တောင်းဆိုချက်အရ မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံ ပေါင်းစပ်ပြီး ဇာတ်ကားတွေ
ရိုက်ကူးလာကြတာတွေလည်း ရှိတာမို့ အခါအခွင့်ရလာပြီး သူနဲ့လည်း လိုက်ဖက်မှုရှိတဲ့
ဇာတ်ကောင်မျိုးဆိုရင်တော့ သူ့အနေနဲ့ သရုပ်ဆောင်ချင် ပါတယ်လို့ဆိုပါတယ်။

"လောလောဆယ်အထိတော့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီး ရိုက်ကူးတဲ့ ရုပ်ရှင်တွေမှာ အခါအခွင့်
မသင့်သေးတော့ သရုပ်မဆောင်ရသေးဘူးပေါ့"လို့ မာရီယိုက ဆိုပါတယ်။

အပြုံးချိုချိုလေးနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသားတစ်လက်ဖြစ်ပေမဲ့ သူ့ရဲ့ နှလုံးသားရေးရာနဲ့
ပတ်သက်တဲ့ အကြောင်းအရာတွေကိုတော့ မာရီယိုက ပြောပြချင်ပုံမရပါဘူး။

မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ သူ့ရဲ့ အချစ်ရေးကို စိတ်ဝင်တစားနဲ့ မေးမြန်းကြပေမဲ့ သူကတော့ ပြန်ပြီး
မဖြေကြားခဲ့ပါဘူး။

သူ့ရဲ့ ၀ါသနာက classic car တွေကို စုဆောင်းရတာဖြစ်ပြီး စုဆောင်းထားတာတွေလည်း ရှိတယ်လို့
ဆိုပါတယ်။

"နေ့စဉ်နဲ့အမျှ အဲဒီကားတွေကို ဖုန်သုတ်တယ်၊ သန့် ရှင်းရေးလုပ်တယ်၊ ရေးဆေးတယ်၊
ပေါလစ်တိုက်တယ်။ ကျွန်တော့် ကားတွေကလည်း နေ့တိုင်းလိုလိုကို ပျက်နေတော့ နေ့တိုင်းကို
ပြင်နေရတယ်"လို့လည်း သူက ဆိုပါတယ်။

မာရီယိုက ဖက်ရှင်ကျတဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့အတွက် သူကြိုက်တဲ့ ဖက်ရှင်ပုံစံကိုလည်း
ပြောပြပါတယ်။

"မင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ဇာတ်ကားနဲ့ လိုက်ဖက်မယ့်ဟာ ရုပ်ရှင်နဲ့
လိုက်ဖက်မှာတွေကို ရွေးချယ်ဝတ်ဆင်ရတယ်။ ပွဲတက်ရင်လည်း တက်မယ့်ပွဲနဲ့ သင့်တော်တာကို
ဝတ်ဆင်ရတာပေါ့။ ဒါပေမဲ့ အလုပ်ပြင်ပ သာမန်အချိန်မှာတော့ သက်သောင့်သက်သာရှိပြီး
စတိုင်ကျတဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေကို ၀တ်ဆင်ရတာ နှစ်သက်ပါတယ်။ Penshoppe က
အ၀တ်အစားတွေလိုမျိုးပေါ့"လို့ အဲဒီတံဆိပ်ရဲ့ ကိုယ်စားပြုသံတမန် ပီသစွာနဲ့ပဲ Penshoppe
အ၀တ်အစားတွေကို ကြော်ငြာဝင်ပေးသွားပါတယ်။

မာရီယိုဟာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံကနေ ပြန်သွားခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်