လိင်စိတ်ခံယူမှု ကွဲပြားသူတွေရဲ့ ဘ၀ပြခန်း

'ဘ၀ခရီး' ပြပွဲမှာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ LGBT စုံတွဲတစ်တွဲဖြစ်တဲ့ ပြည့်ဖြိုးကျော်နဲ့ လမင်းမောင်တို့ကို ဒီဇင်ဘာ ၃ ရက်က ကျင်းပခဲ့တဲ့ ပြပွဲဖွင့်ပွဲမှာ တွေ့ရစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)'ဘ၀ခရီး' ပြပွဲမှာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ LGBT စုံတွဲတစ်တွဲဖြစ်တဲ့ ပြည့်ဖြိုးကျော်နဲ့ လမင်းမောင်တို့ကို ဒီဇင်ဘာ ၃ ရက်က ကျင်းပခဲ့တဲ့ ပြပွဲဖွင့်ပွဲမှာ တွေ့ရစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

လူမှုအသိုင်းအ၀ိုင်းက သတ်မှတ်ထားတဲ့ ထုံးတမ်းစဉ်လာတွေ၊ စည်းမျဉ်းဥပဒေသတွေရဲ့အောက်မှာ
လူတချို့ရဲ့ လိင်ပိုင်းဆိုင်ရာ ခံစားချက်တွေနဲ့ သူတို့ရဲ့ရင်ထဲက ပေါက်ဖွားလာတဲ့ အချစ်တွေဟာ
တန်းတန်းကြီး ဆန့်ကျင်ဘက်ဖြစ်နေတတ်ကြပါတယ်။

အဲဒီအခါ ပတ်ဝန်းကျင်ရဲ့ အထင်အမြင်သေးမှု၊ ရှုံ့ချမှုကိုခံကြရပြီး သဘာဝကိုဆန့်ကျင်သူတွေလို့
ခွဲခြားဆက်ဆံခံရတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူ (lesbian, gay, bisexual and transgender)
တွေဟာ ဘ၀မှာ ရပ်တည်ဖို့ ခက်ခဲလာပါတော့တယ်။

ဆန္ဒတွေ၊ ခံစားမှုတွေကိုထုတ်ဖော်ဖို့ အခွင့်အရေးကလည်း နည်းပါးလွန်းတာမို့ သူတို့ရဲ့
ကိုယ်ပိုင်အခွင့်အရေးနဲ့ ရှင်သန်ရပ်တည်မှုတွေအပေါ် လူမှုအသိုင်းအ၀ိုင်းက စာနာနားလည်ဖို့
ရည်ရွယ်ပြီး ဆွီဒင်သံရုံးနဲ့ Myanmar Unstraight Stories စီမံကိန်းတို့ ပူးပေါင်းကာ 'ဘ၀ခရီး'
(Walks of Life) ပြပွဲကို ကျင်းပပြုလုပ်နေပါတယ်။

'ဘ၀ခရီး' ပြခန်းဆိုတာကတော့ ရန်ကုန်၊ မန္တလေး၊ တောင်ပြုန်း၊ မော်လမြိုင်၊ ပြည်၊ လားရှိုးစတဲ့
မတူကွဲပြားတဲ့ နေရာဒေသတွေက လိင်တူနှစ်သက်သူတွေ၊ ဆန့်ကျင်ဘက်လိင်ကဲ့သို့
ဝတ်စားဆင်ယင်နေထိုင်မှုကို ကြိုက်နှစ်သက်သော သူတွေ၊ ကိုယ်သဘောမကျပေမဲ့
ရိုးရာဓလေ့တွေအရ ဆန့်ကျင်ဘက်လိင်ကို အိမ်ထောင်ပြုခဲ့ရသူ အယောက် ၁၂၀ တို့ရဲ့
ဘ၀ဇာတ်လမ်းတွေ၊ သူတို့နဲ့ သက်ဆိုင်တဲ့ အမှတ်တရဓာတ်ပုံတွေ၊ ခံစားမှုတွေကို
ရင်ဖွင့်ရေးသားထားတဲ့ စာတိုတွေ စတာတွေကိုပြသထားတဲ့ ပြခန်းပဲဖြစ်ပါတယ်။

LGBT တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ ကိုမင်းသူရိန်က "ကျွန်တော်နေထိုင် ပြောဆိုမှုပုံစံမှာတော့
နည်းနည်းမဟုတ်ဘူး၊ တော်တော်နွဲ့တယ်။ ဒါပေမဲ့ အ၀တ်အစားဝတ်တဲ့အခါမှာတော့
ယောက်ျားတစ်ယောက်လိုပဲ ၀တ်ပါတယ်။ မြန်မာနိုင်ငံမှာ LGBT တွေကို ခေတ်အဆက်ဆက်က
လက်မခံခဲ့တဲ့အတွက် အခုချိန်ထိလည်း လက်မခံပါဘူး။ သာတူညီမျှမှု မရှိဘူး။ ပစ်ပယ်ခြင်းခံနေရဆဲ
ဘ၀တွေလို့ပဲ ခံစားရတယ်။ တကယ်တော့ LGBT တွေအားလုံးဟာ သူတို့ရွေးချယ်မှုကြောင့် ရလာတဲ့
ဘ၀တွေ မဟုတ်ဘူး။ သူတို့စိတ်ထဲက အလိုလိုဖြစ်တည်မှုကြောင့် ဖြစ်လာတဲ့အနေအထားပါ။
ဒါကို အတိုင်းတာတစ်ခုထိတော့ နားလည်လက်ခံပေးဖို့ လိုပါတယ်"လို့ ပြောပါတယ်။

သူက ဒီပြပွဲမှာလည်း သူ့ချစ်သူက သူ့ကို အမှတ်တရပေးထားတဲ့ လက်ဆောင်အရုပ်ကလေးကို
ဓာတ်ပုံရိုက်ကာ သူ့ရဲ့ အမှတ်တရတစ်ခုအနေနဲ့ ပြသထားသူပါ။

ဒီပွဲလာသူတွေကို သတိထားမိစေတဲ့ လိင်တူချစ်သူစုံတွဲကတော့ လွန်ခဲ့တဲ့နှစ်နှစ်က ဖေ့စ်ဘွတ်ခ်မှာ
တွေ့ခဲ့ကြပြီး ခုထိလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ ယုံကြည်မှုနဲ့ သူတို့ရဲ့အချစ်ကို
တည်ဆောက်ထားတယ်ဆိုတဲ့ ပြည့်ဖြိုးကျော်နဲ့ လမင်းမောင်တို့ အတွဲပါပဲ။

အင်္ကျီဆင်တူဝတ်ထားသလို ပွဲထဲမှာ နှစ်ယောက်သား စာအတူတူဖတ်ကာ
တစ်ယောက်နဲ့တစ်ယောက် စကားပြောနေ ပုံကြည့်ရတာ တော်တော်လေးကို ကြင်ကြင်နာနာ
နွေးနွေးထွေးထွေး ရှိပုံပါပဲ။

"တလောက ကျွန်တော်တို့ စားသောက်ဆိုင်မှာ စားနေတဲ့အချိန်မှာ ၀ိတ်တာ တစ်ယောက်က
LGBT စုံတွဲဖြစ်တဲ့အတွက် အထင်သေးတဲ့ပုံစံမျိုး ဆက်ဆံလာတယ်။ အဲဒီအခါ ကိုယ့်ဘက်ကနေ
ကျွန်တော်တို့ဟာ သူတို့ထင်သလို အထင်သေးစရာ လူတန်းစားတစ်ရပ် မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုး
နေပြခဲ့တယ်။ ပတ်ဝန်းကျင်ကတော့ ဒီလိုပဲရှိနေဦးမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ LGBT တွေ အနေနဲ့
ဂုဏ်သိက္ခာရှိရှိနေမယ်ဆိုရင် ဒါတွေကို ရင်ဆိုင်ကျော်လွှားနိုင်သွားမှာပါ"လို့ သူတို့စုံတွဲ ကြုံတွေ့ခဲ့ရတဲ့
လူမှုဝန်းကျင်က ခွဲခြားဆက်ဆံမှုတွေအကြောင်းကို လမင်းမောင်က ပြောပါတယ်။

လိင်တူချစ်သူစုံတွဲအနေနဲ့ လူမှုဝန်းကျင်ရဲ့ ဝေဖန်မှုတွေကိုလည်း ခံရသလို
မိဘအသိုင်းအ၀ိုင်းကြားမှာလည်း ရှင်သန်ရပ်တည်ရတဲ့ အနေအထားက မလွယ်ကူပါဘူး။

"ဘယ်မိဘမှ ကိုယ့်သားကို အခြောက်တော့ ဘယ်ဖြစ်စေချင်ကြမလဲ။ ယောက်ျားဆို ယောက်ျားပဲ
ဖြစ်စေချင်ကြမှာပဲ။ ဒါပေမဲ့ လိင်တူချစ်သူထားလို့ ကျွန်တော်တို့ဟာ အထင်သေးစရာလူတန်းစား
မဟုတ်ဘူး။ ကျွန်တော်တို့ဟာလည်း သာမန်လူတွေလိုပဲ ကိုယ့်ဘ၀ရပ်တည်မှုအတွက်
ကိုယ်တိုင်ငွေရှာတယ်။ မိသားစုကို ထောက်ပံ့တယ်။ အဲဒီတော့ တဖြည်းဖြည်းနဲ့
မိဘတွေဘက်ကလည်း နားလည်လာကြတယ်။ အခုဆို ကျွန်တော်တို့ နှစ်ဖက်မိသားစုအသိ
အတိအလင်း တွဲကြတယ်။ အိမ်မှာပဲ အတူတူနေကြတယ်"လို့ ကိုပြည့်ဖြိုးကျော်က သူတို့စုံတွဲနဲ့
နှစ်ဖက်မိဘတွေကြားက အနေအထားကို ပြောပါတယ်။

ဘ၀ပြခန်းထဲက ထောင့်တစ်ထောင့်မှာပဲ ငြိမ်ငြိမ်သက်သက်ထိုင်ရင်း ပွဲတစ်ပွဲလုံးရဲ့ အနေအထားကို
လေ့လာစောင့်ကြည့်နေတွဲှ့သာဘသပ တစ်ယောက်ဖြစ်သူ စောစောကတော့ အင်ဂျင်နီယာ
တစ်ယောက်အနေနဲ့ စင်ကာပူမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်ရောက်တာမကြာသေးပေမဲ့
ဒီပွဲကို စိတ်ဝင်စားလို့ ရောက်လာခဲ့တာလို့ ဆိုပါတယ်။

"Tomboy တစ်ယောက်အနေနဲ့ပဲ ဖြတ်သန်းခဲ့တာ ကြာပါပြီ။ Tomboy ဖြစ်တဲ့အတွက်
ပတ်ဝန်းကျင်က ကိုယ့်ကို ခွဲခြားဆက်ဆံတာမျိုးတော့ မရှိပေမဲ့ ပတ်ဝန်းကျင်က ကိုယ့်ကို လေးစားမှု
ရှိအောင်တော့ နေရတာပေါ့။ မြန်မာနိုင်ငံမှာတော့ LGBT တွေအပေါ် အရင်ထက်စာရင်
လက်ခံလာကြပေမဲ့ ယိုးဒယားတို့ ဘာတို့လောက်တော့ နားလည်လက်ခံလာတာမျိုး မရှိသေးဘူး"လို့
သူ့အမြင်နဲ့ သူ ရပ်တည်ရတဲ့ အနေအထားကို ပြောပါတယ်။

မြန်မာအင်္ကျီရင်ဖုံးနဲ့ အရောင်ဆင်တူလုံချည်ကို မြန်မာဆန်ဆန်တွဲဖက် ၀တ်ဆင်ထားပြီး
အမျိုးသမီးတစ်ယောက်လို လှပနေတဲ့ အသက် ၅၀ ၀န်းကျင် မမဟာ တစ်ချိန်က ဇွတ်ကျား
(ယောက်ျားအစစ်တယောက်အဖြစ် ဇွတ်အတင်း နေထိုင်သူ)အဖြစ် ဟန်ဆောင်ထားခဲ့ရသူ
တစ်ယောက်ပါ။

အသက် ၁၆၊ ၁၇ နှစ်လောက်ကတည်းက အမျိုးသမီးတစ်ယောက်လို နေချင်တဲ့စိတ်ရှိခဲ့ပေမဲ့ မိသားစုရဲ့
သားတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ရင်း မိသားစုရဲ့ ဘ၀ ရပ်တည်မှုကြောင့် ပြည်ထဲရေးမှာ
စာရေးဝန်ထမ်းတစ်ယောက်အနေနဲ့ ရှင်သန်နေထိုင်ခဲ့ပြီး အသက် ၄၀ ကျော်မှာတော့ NGO
အဖွဲ့အစည်းတွေရဲ့ AIDS ဖြစ်နေသူတွေကို ကျန်းမာရေးအသိပညာ ဖြန့်ဝေပေးသူ transgender
ဘ၀ နဲ့ အမျိုးသမီးတစ်ယောက်လို ပြင်ဆင်ကာ လွတ်လပ်စွာ ရှင်သန်နေထိုင်ခွင့် ရခဲ့သူပါ။

"မမက transgender တစ်ယောက်ဖြစ်ချင်တဲ့အတွက် ပွင့်ပွင့်လင်းလင်းနေချင်ပေမဲ့ လုပ်နေတဲ့
အလုပ်က ၀န်ထမ်းတစ်ယောက်ဖြစ်တဲ့အတွက် ဇွတ်ကျားအနေနဲ့ ချုပ်တည်းထားရတဲ့ ခံစားချက်တွေ
ရှိခဲ့တယ်။ မိန်းမတစ်ယောက်လို နေချင်ခဲ့တဲ့အတွက် အခုလို transgender တစ်ယောက်အနေနဲ့
လွတ်လပ်စွာ ပြောင်းလဲနေထိုင်ရတဲ့အခါ မမ အရမ်းပျော်တယ်။ မိန်းမတစ်ယောက်နဲ့ အနီးစပ်ဆုံး
တူအောင်လည်း မမ ကြိုးစားပါတယ်။ ဒီဘ၀နဲ့ပဲ မမဘ၀ကို အဆုံးသပ်သွားမယ်လို့လည်း
စဉ်းစားထားတယ်"လို့လည်း သူက ပြောပါတယ်။

လူမှုဝန်းကျင်က သူတို့ကိုတွေ့တာနဲ့ ပြုံးတုံ့တုံ့ဖြစ်သွားတတ်ကြတဲ့ transgender အမျိုးသမီးတွေရဲ့
ရင်ထဲက ခံစားချက်တွေ၊ ယောက်ျားလျာလို့ ခေါ်တဲ့ တွမ်ဘွိုင်းတွေရဲ့ အနေအထားတွေ၊ လိင်တူချစ်သူ
စုံတွဲတွေကြားက အခက်အခဲတွေကို၊ ဂေးတစ်ယောက်အဖြစ် နေထိုင်ရပ်တည်ချင်ပေမဲ့ လူတွေရဲ့
ကဲ့ရဲ့ရှုံ့ချမှုတွေနဲ့ ဝေးအောင် ယောက်ျားတစ်ယောက်လိုပဲ ၀တ်စားနေထိုင်ရတဲ့ သူတို့ရင်ထဲက
ခံစားနာကျင်မှုတွေက ပြပွဲလာသူတွေကို ကိုယ်ချင်းစာ နားလည်စေနိုင်ခဲ့ပါတယ်။

လိင်စိတ်ခံယူမှုကွဲပြားသူ (transgender)တစ်ယောက်အနေနဲ့ ပါဝင်ဆင်နွှဲချင်လို့ ပဲဖြစ်ဖြစ်၊
စိတ်ဝင်စားလို့ လေ့လာချင်လို့ပဲဖြစ်ဖြစ် ဒီဇင်ဘာ ၃ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ဒဂုံမြို့နယ်၊
န၀ဒေးလမ်းက Think Gallery မှာ ပြသထားမှာဖြစ်လို့ ဘယ်သူမဆို အခမဲ့သွားရောက်ကြည့်ရှုရင်း
သူတို့ရဲ့ ဘ၀တွေကို မျှဝေခံစားပေးလို့ရပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်