ကိုယ့်အတွက် ဒီဇင်ဘာဆိုတာ ...

မူရင်းဓာတ်ပုံ - Shutterstockမူရင်းဓာတ်ပုံ - Shutterstock

ဆောင်းလေအေးလေးတွေ တိုက်ခတ်တဲ့ ဒီဇင်ဘာညနေခင်းမှာ ရုံးဆင်းချိန်ဆို ရုံးနဲ့ မျက်နှာချင်းဆိုင်
စိန့်မေရီဘုရားကျောင်းကြီးက ပြာလဲ့လဲ့မီးရောင်တွေနဲ့ လှနေတာကို လှမ်းတွေ့နိုင်သလို
ဘုရားကျောင်းထဲက ထွက်လာတဲ့ ဓမ္မတေးသံတွေကလည်း တစ်လမ်းလုံးမှာ ပျံ့လွင့်လို့နေတယ်။

အိမ်အပြန်ခရီးအဖြစ် ဘုရားကျောင်းနဲ့ ဆန့်ကျင်ဘက်လမ်းထိပ်ကို လမ်းလျှောက်သွားရတာမို့
ဘုရားကျောင်းနဲ့ တဖြည်းဖြည်းဝေးဝေးသွားပေမဲ့ ဓမ္မတေးသံ ကိုတော့ ခပ်သဲ့သဲ့ကြားနေရတုန်းပါပဲ။

ကိုယ်က ခရစ်ယာန်ဘာသာဝင်တစ်ယောက် မဟုတ်ပေမဲ့ ဒီဇင်ဘာမှာ ကြားရတတ်တဲ့
ဓမ္မတေးသီချင်းသံကို ငယ်ငယ်ကတည်းက သိပ်သဘောကျခဲ့သူပါ။

ဒီတော့ ခရစ္စမတ်အချိန်နဲ့ ခရစ္စမတ်လက်ဆောင်၊ နှစ်သစ်ကူး လက်ဆောင်တွေ ပေးတတ်ကြတဲ့
အကြောင်းတွေကို တွေးမိရင်း တစ်ချက်တစ်ချက် တိုက်ခတ်လာတဲ့ လေအေးနဲ့အတူ
ကိုယ့်အတွေးတွေကလည်း ဟိုးကလေးဘ၀ဆီကို ခဏတာ လွင့်သွားခဲ့တယ်။

ကလေးဘ၀တုန်းက ဒီဇင်ဘာဆို အရမ်းပျော်ခဲ့ဖူးတယ်။ ဒီဇင်ဘာမှာ ရာသီဥတုကလည်း
အေးအေးလေးနဲ့ ကျောင်းပိတ်ရက်ရှည်လည်း ရှိတယ်။ ဒီဇင်ဘာကျောင်းပိတ်ရက်ဆို ခရီးထွက်ရတာ
သဘောကျတဲ့ မေမေ့ကြောင့် ခရီးထွက်ရတာ များပါတယ်။ အမြဲတမ်းလိုလိုသွားဖြစ်တာကတော့
မန္တလေးက အမျိုးတွေဆီကိုပေါ့။

ခရီးမသွားဖြစ်တဲ့ နှစ်တွေမှာတော့ မုန့်လုပ်တာဝါသနာပါတဲ့ မေမေက အိမ်မှာပဲ စားချင်တဲ့မုန့်တွေ
တစ်မျိုးပြီးတစ်မျိုး လုပ်ကျွေးတတ်သလို သူအလုပ်အားတဲ့ ရက်တွေမှာ ပန်းခြံတွေ၊ ကစားကွင်းတွေ
လိုက်ပို့ပေး တတ်ပါတယ်။

နောက်ပြီး ဒီဇင်ဘာရောက်ပြီဆိုတာနဲ့ ကိုယ့်တိုက် ဘေးခန်းအပေါ်ထပ် ချင်းအိမ်က
ခရစ်ယာန်တွေဆိုတော့ သူတို့ဆိုကြတဲ့ ဓမ္မသီချင်းသံတွေကြားရတာကိုလည်း
သိပ်သဘောကျပါတယ်။

သူတို့အိမ်မှာ သီချင်းတွေ လာဆိုပေးရင် ဂစ်တာတွေတီးပြီး လူတွေအများကြီးဆိုကြတာ
နားထောင်ကောင်းသလို ကိုယ်မမြင်ဘူးတဲ့ tambourine (ခြူတတ်ထားတဲ့ တူရိယာကွင်း)တွေ
လှုပ်လှုပ်ပြီး သီချင်းဆိုကြတာကို အရမ်းကိုသဘောကျတာမို့ သူတို့လာရင်
ဘယ်လို ပျော်မှန်းမသိတော့ပါဘူး။

ကိုယ့်အိမ်က အောက်ဆုံးထပ်ဆိုတော့ တစ်ခါတလေ ဆုတောင်းသီချင်းလာဆို ပေးပြီး
အလှူခံတဲ့အဖွဲ့တွေလည်း အိမ်ကိုလာတတ်ကြတယ်။ ဒါကိုလည်း ကလေးပီပီ ပျော်ခဲ့တာပါပဲ။

ဒီဇင်ဘာမှာ ကိုယ်အမျှော်လင့်ဆုံးနဲ့ အပျော်ရွှင်စေဆုံးအရာကတော့ ခရစ္စမတ်မနက်အစောကြီး
အိပ်ယာနိုးနိုးချင်း ကိုယ့်အိပ်ယာဘေးမှာ ရောက်နေတတ်တဲ့ ခရစ္စမတ်ဘိုးဘိုးကြီးပေးတဲ့
လက်ဆောင်တွေပါပဲ။

ဟိုးကလေးလေးဘ၀ သုံးလေးနှစ်လောက်ကတည်းက မေမေက "လိမ်လိမ်မာမာနေရင်
ခရစ္စမတ်ရောက်တဲ့အခါ ခရစ္စမတ်ဘိုးဘိုးကြီးက လက်ဆောင်လာပေးလိမ့်မယ်"ဆိုပြီး
ပြောတတ်ပါတယ်။

တကယ်လည်း ၂၄ ရက်နေ့ ညအိပ်ပြီး ၂၅ ရက်နေ့ ခရစ္စမတ်နေ့ မနက်ရောက်တဲ့အခါ ခေါင်းအုံးဘေးမှာ
ကိုယ်ကြိုက်တဲ့ အရုပ်တွေနဲ့ ချော့ကလက်၊ သကြားလုံးလို ပစ္စည်းလေးတွေကို ချစ်စရာကောင်းအောင်
ထုပ်ပိုးထားတဲ့ လက်ဆောင်ထုပ်လှလှလေးတွေ ရောက်နေတတ်တယ်။

မနက်အိပ်ယာနိုးနိုးချင်း လက်ဆောင်တွေ ရတာဆိုတော့ ကလေးပီပီ အရမ်းပျော်ပါတယ်။

ကျောင်းပြန်ဖွင့်တဲ့ အချိန်ရောက်တော့လည်း သူငယ်ချင်းတွေကို "ခရစ္စမတ်ဘိုးဘိုးကြီးက
လက်ဆောင်တွေ ပေးတယ်နော်။ နင်တို့ကိုရော ဘာလက်ဆောင်တွေ ပေးလဲ"ဆိုတာမျိုး
လိုက်မေးတဲ့အခါ သူငယ်ချင်းတွေက ကိုယ့်ကို အူကြောင်ကြောင်နဲ့ ပြန်ကြည့်နေတတ်တာလည်း
ကြုံရဖူးတယ်။

သုံး၊ လေးနှစ်အရွယ်ကတည်းကနေ ငါးတန်း၊ ခြောက်တန်းလောက် ရောက်တဲ့အထိ
ခရစ္စမတ်ဘိုးဘိုကြီးက လက်ဆောင်တွေ ပေးတယ်ဆိုတာကို ယုံကြည်တုန်းပါပဲ။

တကယ်တော့ ဒီလက်ဆောင်တွေကို ခရစ္စမတ်ဘိုးဘိုးကြီးက ပေးတာ မဟုတ်ဘဲ မေမေက
သူ့သမီးပျော်အောင်လို့ ခရစ္စမတ်နေ့မှာ ခရစ္စမတ်ဘိုးဘိုးကြီးပေးတဲ့ လက်ဆောင်အနေနဲ့ ကိုယ်ကြိုက်တဲ့
အရုပ်တွေမုန့်တွေကို မနက်အိပ်ယာမနိုးခင် လာလာထားပေးနေတာပါ။

ခရစ္စမတ်မနက်မှာ လက်ဆောင်တွေရလို့ ပျော်ရသလို ညဘက်မှာလည်း မေမေ့သူငယ်ချင်း
ခရစ်ယာန်ဘာသာဝင်တွေက မုန့်စားဖို့ဖိတ်လို့ တစ်ခါတလေ မုန့်သွားစားရင်လည်း သူတို့အိမ်ထဲမှာ
ပြင်ဆင်ထားတဲ့ ခရစ္စမတ်သစ်ပင်တွေ၊ ပါကင်လှလှထုပ်ပြီး ချိတ်ထားတဲ့ အထုပ်လေးတွေ၊
အရုပ်ကလေးတွေနဲ့ မီးရောင်စုံ ထွန်းထားတာလေးတွေကို ငေးမောရင်း မုန့်တွေလည်း အစုံစားရတာမို့
ကျွန်မအဖို့ ကြည်နူးစရာတွေ၊ ကျေနပ်စရာတွေပါပဲ။

ကိုယ်တွေ ကလေးဘ၀တုန်းက အခုခေတ်လို ဈေးဝယ်စင်တာတွေမှာ ခရစ္စမတ်အတွက်
အလှဆင်ထားတာမျိုးတွေလည်း မရှိပါဘူး။

အဲဒီတော့ ခရစ်ယာန်တွေရဲ့ အိမ်တွေကိုသွားမှ သူတို့အလှဆင်ထားတဲ့ အရုပ်တွေ၊ သစ်ပင်တွေကို
တွေ့ရတာဆိုတော့ သူတို့ အလှဆင်ထားတာလေးတွေအားလုံးက ကလေးတစ်ယောက်အတွက်တော့
အသစ်အဆန်းတွေချည်းပါပဲ။

ဒီဇင်ဘာနှစ်သစ်ကူးညဆိုလည်း မေမေက အိမ်မှာ မုန့်တွေအများကြီးလုပ် အသီးအနှံတွေ
အများကြီးဝယ်ပြီး အမျိုးတွေ၊ သူ့သူငယ်ချင်းတွေနဲ့ ကိုယ့်သူငယ်ချင်း ပေါက်စနတချို့ကိုလည်း ဖိတ်ပြီး
အိမ်မှာ မုန့်လုပ်စားတတ်ပါတယ်။

အမျိုးတွေရော၊ သူငယ်ချင်းတွေရော ည ၁၂ လောက်အထိနေပြီး ဟက်ပီနယူးရီးယား
အတူတူအော်ကြပြီးတော့မှ အားလုံးနှုတ်ဆက်ပြီး ပြန်ကြပါတယ်။

အမှန်ပြောရရင် ငယ်တဲ့အရွယ်ဆိုတော့ နှစ်သစ်ကူးတွေ ဟက်ပီနယူးရီးယားတွေလည်း
ဘာမှ နားမလည်ပါဘူး။

လူတွေအများကြီးနဲ့ ကိုယ့်အတွက် ကစားဖော်တွေလည်း အများကြီးရှိပြီး မုန့်တွေလည်း အများကြီး
စားရ၊ သူများတွေ ဟက်ပီနယူးရီးယားအော်တော့ ကိုယ်လည်း လိုက်အော်နဲ့ အရမ်းပျော်ခဲ့ရတာပါပဲ။

နှစ်သစ်ကူးညမှာလည်း နောက်တစ်နေ့ နှစ်သစ်ရောက်ရင် အင်္ကျီအ၀တ်အစားသစ်လေးတွေ
ဝတ်ရအောင် မေမေက အင်္ကျီအသစ်လေး လက်ဆောင်ပေးသေးတာဆိုတော့ ကိုယ့်ကလေးဘ၀ရဲ့
ဒီဇင်ဘာတွေက တော်တော်လေးကို ပျော်စရာကောင်းခဲ့ပါတယ်။

တကယ်တော့ ကိုယ့်ကလေးဘ၀ရဲ့ ဒီဇင်ဘာတွေ ပျော်စရာကောင်းပြီး လှပနေခဲ့တာဟာ
အမြဲတမ်း နွေးထွေးပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ မေမေ့ကြောင့်ပါပဲ။

လေအေးကြောင့် မျက်နှာပေါ်လွင့်လာတဲ့ ဆံပင်တွေကို ပြန်ဖယ်ရင်း ကလေးဘ၀ဆီရောက်နေတဲ့
အတွေးတွေကနေ လက်ရှိအချိန်ကို ပြန်ရောက်လာခဲ့တယ်။

တကယ်တော့ ကိုယ့်အတွက် ဒီဇင်ဘာ ဟာ ကလေးဘ၀တုန်းကတင် လှပပြီး ပျော်စရာ ကောင်းခဲ့တာ
မဟုတ်ပါဘူး။ ခုထိလည်း ပျော်စရာတွေ အပြည့်ပါပဲ။

ဒီဇင်ဘာမှာ မေမေ့မွေးနေ့ရှိတာမို့ ကိုယ်လူကြီး ဖြစ်လာတဲ့အခါ မေမေ့ကို မွေးနေ့လက်ဆောင်
ကောင်းကောင်းလေးတွေ ပေးတတ်လာတယ်။

ကလေးဘ၀တုန်းကလို ခရစ္စမတ်ဘိုးဘိုးကြီးပေးတဲ့ လက်ဆောင်တော့ မရတော့ပေမဲ့ မေမေ့ဆီကတော့
ခရစ္စမတ်လက်ဆောင် နှစ်တိုင်း ရတုန်းပါပဲ။

ခရစ္စမတ်ညဆိုလည်း ခရစ္စမတ် decoration လှလှလေးတွေ ပြင်ဆင်ထားတဲ့ ဆိုင်လှလှလေးတစ်ခုခုမှာ
သားအမိနှစ်ယောက် ညစာထွက်စားကြတယ်။

ဒီဇင်ဘာ ၂၄ ကနေ ဇန်န၀ါရီ ၄ ရက်လောက်အထိ ရုံးပိတ်ရက်ရှည်လည်း ရတာမို့
ဒီဇင်ဘာပိတ်ရက်ရှည်မှာ သားအမိ နှစ်ယောက် အတူအနားယူရင်း ခရီးတွေထွက်ကြတယ်။

နှစ်သစ်ကူးညကျရင်လည်း ကလေးဘ၀ကလိုပဲ သူ့သူငယ်ချင်းတွေ ကိုယ့်သူငယ်ချင်းတွေဖိတ်ပြီး
မုန့်လုပ်စားကြတယ်။ အသားကင်တွေ ကင်စားကြတယ်။ ၀ိုင်တွေ အတူတူသောက်ကြတယ်။
ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ လက်ဆောင်အမှတ်တရတွေလည်း ရှိသလို နှစ်ဟောင်းနဲ့ နှစ်သစ်ကို
တစ်စက္ကန့်လေးအတွင်း ပြောင်းလဲခံစားနိုင်တဲ့ နှစ်သစ်ကူးညကိုလည်း ဒီဇင်ဘာကသာ
ပိုင်ဆိုင်ထားတာမို့ ကိုယ့်အတွက် အမြဲ အေးချမ်းပျော်ရွှင်စရာကောင်းပြီး ဘာနဲ့မှမလဲနိုင်တဲ့
အလှဆုံးလဟာ ဒီဇင်ဘာပါပဲ။

အားလုံးလည်း ဓမ္မတေးသံတွေ ပျံ့လွင့်နေတဲ့ အေးမြမြ ဒီဇင်ဘာရဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးညတွေမှာ
ပျော်ရွှင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်