ကြည့်မြင်တိုင် လဟာပြင် ညဈေးက ဘေထုပ်တန်း

ကြည့်မြင်တိုင် ညဈေးက ဘေထုပ်တန်းမှာ ရောင်းဝယ်ဖောက်ကားနေသူများကို တွေ့ရစဉ်။ နိုင်ဝင်းထွန်း/ မြန်မာတိုင်း(မ်)ကြည့်မြင်တိုင် ညဈေးက ဘေထုပ်တန်းမှာ ရောင်းဝယ်ဖောက်ကားနေသူများကို တွေ့ရစဉ်။ နိုင်ဝင်းထွန်း/ မြန်မာတိုင်း(မ်)

''လေးထည် တစ်ထောင်၊ ငါးထည် တစ်ထောင်၊ ကြိုက်တာရွေး ကြိုက်တာရွေး''ဆိုတဲ့ အပြိုင်အဆိုင်
အော်သံတွေက စာရေးသူကို အံ့အားသင့်သွားစေပါတယ်။ အဝတ်ပုံတွေအနောက်မှာ အပြိုင်အဆိုင်
အော်ပြီးရောင်းတဲ့လူတွေကရောင်း အဝတ်တွေကို စိတ်ရှည်လက်ရှည်နဲ့ အကောင်းဆုံးရရှိရေး
ရွေးနေသူတွေကရွေးနဲ့ ရန်ကုန်မြို့မှာ နေ့စဉ်စည်ကားနေတဲ့နေရာတွေထဲက တစ်နေရာကတော့
ကြည့်မြင်တိုင် လေဟာပြင်ညဈေးက ဘေထုပ်ဆိုင်တန်းတွေပါပဲ။

အရင်တုန်းကတော့ လေဘေးထည်လို့ခေါ်ကြရာကနေ အခုနောက်ပိုင်းတော့ ဘေထုပ်လို့ပဲ
ခေါ်ကြတာများပါတယ်။ ဘေထုပ်ထည်တွေကတော့ လူတိုင်းသိကြတဲ့အတိုင်း အဝတ်ဟောင်းတွေပါပဲ။
ညဈေးလိုနေရာအပြင် ဘေထုပ်ဆိုင်တွေနဲ့ နာမည်ကြီးတဲ့ တခြားနေရာတွေကတော့ အင်းစိန်ခုံး
တံတားအောက်နဲ့ သမိုင်းခုံး တံတားအောက်တို့မှာပါ။ အရင်တုန်းက မင်္ဂလာမွန်ဈေးကလည်း
ဘေထုပ်ဆိုင်တွေနဲ့ နာမည်ကြီးတဲ့ နေရာ တစ်ခုပါ။ ဒါပေမဲ့ လက်ရှိမှာ အဲဒီဆိုင်တွေရှိသေလား
ဆိုတာတော့ စာရေးသူ သေချာမသိတော့ပါဘူး။

ဆူးလေလို မြို့လယ်ကောင်နေရာတွေမှာနဲ့ ဗိုလ်ချုပ်ဈေးဘေးက ဏမျေုသည ဈေးဝယ်စင်တာ
ရှေ့မှာလည်း အဝတ်ဟောင်းဆိုင်တွေရှိပါတယ်။ ဒါပေမဲ့ ညဈေးတွေလိုမျိုး အပုံလိုက်ရောင်းတာ
မဟုတ်တဲ့အပြင် ဈေးကလည်း ညဈေးထက်များသလို ရွေးချယ်စရာလည်း နည်းပါတယ်။

ရန်ကုန်မြို့မှာ ဘေထုပ်ဆိုင်တွေ ဈေးကွက်ရှိနေတာကြာနေပြီဖြစ်ပေမဲ့ ဒီဆိုင်တွေ ဘယ်လိုဘယ်ပုံနဲ့
လည်ပတ်သလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဘေထုပ်နဲ့ပတ်သက်ရင် နာမည်အကြီးဆုံးကတော့
ကြည့်မြင်တိုင်ညဈေးပါပဲ။ ဈေးကြီးလမ်းတစ်လျှောက်မှာ ဘေထုပ်ဆိုင်တွေကတော့ အများကြီးပါပဲ။
တိုက်ခန်းတွေရဲ့ မြေညီထပ်မှာ အခန်းယူပြီး အဝတ်အစားတွေကို ချိတ်နဲ့ချိတ်ပြီး အကျအနရောင်းတဲ့
ဆိုင်တွေလည်းရှိသလို ချိတ်တွေနဲ့လည်းချိတ် အဝတ်ပုံကြီးတွေနဲ့လည်း ရောင်းတဲ့ ဆိုင်ခန်းတွေလည်း
အများသားပါ။ ဆိုင်ခန်းမရှိပဲ မြေကြီးပေါ်မှာအခင်းဖြန့်ခင်းပြီး ပျံကျရောင်းတဲ့ အသည်တွေလည်း
အများကြီးပါပဲ။

အဲဒီထဲကမှ ကိုဇော်မင်းအောင်ကတော့ ညဈေးမှာဆိုင်ခန်းယူပြီး ဘေထုပ်တွေရောင်းလာတာ
၁ဝ နှစ်ကျော်လောက် ရှိနေပါပြီ။ ''အဝတ်ဟောင်းရောင်းတာကတော့ ကျွန်တော်တို့အတွက်
မိရိုးဖလာလုပ်ငန်းလိုပါပဲ။ မိဘတွေပေးခဲ့တဲ့အမွေပေါ့။ ၁၉၉၄ ခုနှစ်လောက်ကတည်းက ကျွန်တော်
ဒီအထည်ဟောင်းတွေရောင်းလာတာ''လို့ အသက် ၃၄ နှစ်ရှိပြီးဖြစ်တဲ့ ကိုဇော်မင်းအောင်က
ဆိုပါတယ်။

လက်ရှိ သူတို့ဆိုင်မှာရောင်းနေတာကတော့ အမျိုးသမီးအဝတ်အထည်တွေနဲ့ အိတ်မျိုးစုံတွေပါ။
ဒါကလည်း သူတို့ပုံသေရောင်းချတဲ့ အမည်တွေတော့ မဟုတ်ပါဘူး။ ရာသီအလိုက်
ရောင်းကောင်းမယ့် အဝတ်အစားကို ရွေးချယ်ရောင်းချတဲ့ သဘောပါ။

''ဆောင်းတွင်းရာသီဥတုအေးလာရင် အနွေးထည်တွေ ရောင်းတယ်။ မိုးတွင်းရောက်ရင်
မိုးကာအင်္ကျီတွေ အဓိက ရောင်းတယ်။ နွေရာသီဆိုရင် ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ အဝတ်အစားတွေ
ရောင်းတယ်။ ယောက်ျားလေးဝတ်တွေဆိုရင် တစ်လပိုင်းလောက်ကစပြီး သင်္ကြန်မတိုင်ခင်အထိ
ရောင်းတယ်''လို့ သူက ရှင်းပြပါတယ်။

ကျားဝတ်၊ မဝတ်တွေရော ကလေးဝတ်တွေပါ အစုံရောင်းတဲ့ ဆိုင်တွေလည်းရှိသလို
ဂျင်းထည်တွေကိုပဲ သီးသန့်ရောင်းတဲ့ဆိုင်တွေလည်း ရှိပါတယ်။ အဝတ်ဟောင်းတွေဆိုပေမဲ့
ရွေးတတ်မယ်ဆိုရင် နာမည်ကြီးအမှတ်တံဆိပ်တွေထဲကလည်း ရနိုင်ပါတယ်။ မြန်မာပြည်ကို
ဝင်လာတဲ့ ဘေထုပ်တွေက ဂျပန်၊ ကိုရီးယား၊ မလေးရှားနဲ့ သြစတြေးလျတို့ကနေ အဓိက
တင်ပို့လာကြတာပါ။

ဝယ်သူတွေကသာ ဈေးမျိုးစုံသတ်မှတ်ထားတဲ့အထဲက ကိုယ်ကြိုက်တာတွေကို စိတ်ကြိုက်
ရွေးပြီး ဝယ်ယူလို့ရပေမဲ့ ဘေထုပ်ရောင်းတဲ့လူတွေကတော့ ဒိုင်တွေဆီမှာ ကိုယ့်စိတ်ကြိုက်
ရွေးလို့တော့ မရပါဘူး။ ဘေထုပ်ဆိုတဲ့အတိုင်း ဂုံနီအိတ်တွေနဲ့ ကျပ်နေအောင် ထုပ်ပိုးထားတဲ့
အထုပ်တွေနဲ့ တင်ပို့လိုက်တဲ့နိုင်ငံကနေ အရင်ဆုံး ရောက်လာတာပါ။

''ကျွန်တော်တို့ဝယ်တဲ့ ဒိုင်တွေက ကျောက်မြောင်းမှာ။ ဒီလမ်းမှာ ရောင်းတဲ့လူတွေအကုန်
အဲဒီကပဲ ဝယ်ကြတယ်''လို့ ကိုဇော်မင်းအောင်က ပြောပါတယ်။

''ဒိုင်ကို တစ်လ ပုံမှန်ကတော့ နှစ်ခါသုံးခါလောက်သွားတယ်။ တကယ်လို့ အထုပ်သစ်တွေရောက်တဲ့
အခါမျိုးဆိုရင်လည်း သွားဝယ်ထားလိုက်တယ်။ အသစ်အထုပ်တွေ အကုန်ယူလိုက်တာလည်းရှိတယ်'' လို့
သူက ဆက်ရှင်းပြပါတယ်။

အထဲမှာ ဘယ်နှစ်ထည်ပါလဲ၊ ဘယ်လိုအင်္ကျီတွေပါလဲ အသေအချာမသိပေမဲ့ အထုပ်ထဲက
ပစ္စည်းတွေကိုတော့ အဲဒီအထုပ်ရဲ့တန်ဖိုးနဲ့ ခွဲခြားသိနိုင်တယ်လို့ ဆိုပါတယ်။

''ဈေးတွေက အထုပ်တွေလာတဲ့နိုင်ငံပေါ်လည်း မူတည်တယ်။ ဈေးအနည်းဆုံး ကျပ် ၅ဝ,ဝဝဝ
ကျော်ကနေ ဈေးအကြီးဆုံး ၁ဝ သိန်းလောက်ထိ ရှိတယ်။ အထုပ်တွေက အမျိုးအစားခွဲခြားထား
တာတော့ ရှိတယ်။ ကျားဝတ်ဆို ကျားဝတ်၊ မဝတ်ဆို မဝတ်၊ ကျား၊ မအရောဆိုလည်း အရောဝယ်လို့
ရတယ်။ ဈေးနှုန်းပေါ်မူတည်ပြီး အထုပ်ထဲမှာပါတဲ့ အဝတ်အစားတွေရဲ့ အရည်အသွေးက
ကွာခြားသွားတာပါ''လို့ ကိုဇော်မင်းအောင်က ပြောပါတယ်။

''ဈေးနည်းတဲ့အထုပ်တွေထဲမှာဆို ရောင်းလို့မရတာမျိုးတွေ မကောင်းတဲ့အထည်တွေ ပါတတ်တယ်။
ဈေးကြီးတဲ့ အထုပ်တွေဆိုရင်တော့ ကောင်းတာတွေပဲ ပါတာ များပါတယ်''လို့လည်း သူကဆိုပါတယ်။

အထုပ်တစ်ထုပ်မှာ မိန်းမဝတ်ဆိုရင် အများဆုံး အထည် ၆ဝဝ လောက်ထိပါတတ်ပြီး ကျားဝတ်မှာ
ပါးတဲ့အင်္ကျီတွေများပါက အများဆုံး အထည် ၄ဝဝ ကျော်လောက်ထိ ပါပါတယ်။ ပိတ်စအသားထူတဲ့
အဝတ်အစားတွေပါရင်တော့ အထုပ်တစ်ထုပ်မှာ အထည်အရေအတွက် နည်းသွားတတ်ပါတယ်။

''အထည် ၆ဝဝ လောက် ပါပေမဲ့ မကောင်းတာလည်း ပါတယ်။ ကောင်းတာလည်းပါတယ်။ အထဲမှာ
ဘာတွေဘယ်လိုပါလဲ မသိပဲနဲ့ ယူရတာ။ အဲဒီမှာမှ အထုပ်ဖောက်တဲ့အခါ အဝတ်အစားတွေကို
ပြန်ရွေးပြီး ဈေးနှုန်းခွဲခြား သတ်မှတ်ရတာပေါ့''လို့ ကိုဇော်မင်းအောင်က ပြောပါတယ်။

သူတို့လက်လီပြန်ရောင်းတဲ့ဈေးကတော့ တစ်ထည်ကို ကျပ် ၁ဝဝ ကနေစပြီး အများဆုံး
ကျပ် ၆,၅ဝဝ ထိရှိတတ်ပါတယ်။ ဒါပေမဲ့ အထည်ဈေးကို အမြဲတမ်းပုံသေတော့ ထားလို့မရပါဘူး။
ကျပ် ၂,၅ဝဝ နဲ့ ရောင်းနေတဲ့အင်္ကျီတွေ နည်းနည်းကြာသွားတဲ့အခါ၊ အထုပ်သစ်တွေ ထပ်ရောက်
လာတာမျိုးဆိုရင်တော့ ဈေးလျော့ပြီး ရောင်းရပါတယ်။

တချို့ရောင်းသူတွေကတော့ အထုပ်သစ်ဖောက်တဲ့အခါ ဈေးနှုန်းခွဲခြားမနေတော့ဘဲ
ဘာပဲယူယူ ဈေးနှုန်းတစ်ခုတည်းနဲ့သာ ရောင်းချတာမျိုးလည်း ရှိပါတယ်။ အဲဒီအချိန်မျိုးဆိုရင်
ဈေးသက်သက်သာသာနဲ့ ကောင်းတဲ့အထည်တွေ ရတတ်ပါတယ်။

''ဥပမာ - ကျွန်တော်တို့ အထုပ်အသစ်ဖောက်ရင် အဲဒီထဲက အဝတ်တွေကို ကျပ် ၁,၅ဝဝ
သတ်မှတ်ပြီး ရောင်းတယ်။ အဲဒီမှာ ဝယ်တဲ့လူတွေက သူတို့စိတ်ကြိုက် ရွေးပြီးဝယ်ကြတယ်။
စဖောက်ဖောက်ချင်း အထည် ၄ဝဝ လောက်ရှိရင် အဲဒီထဲက အထည် ၁ဝဝ ဖြစ်ဖြစ်၊ ၂ဝဝ ဖြစ်ဖြစ်
ရောင်းထွက်သွားရင် နောက်ရက်မှာ အဲဒီအပုံထဲကနေပဲ ဈေးထပ်လျှော့ပြီး ရောင်းတယ်။ အဲဒီလိုနဲ့
ဈေးကျကျသွားတာမျိုးလည်းရှိတယ်''လို့ သူက ရှင်းပြပါတယ်။ ဒါကြောင့် ဆိုင်တစ်ဆိုင်မှာ အထုပ်သစ်
ဖောက်တာလို့ အော်ပြီးရောင်းနေရင် လူတွေအုံပြီး ရွေးနေကြတာကို တွေ့ရပါလိမ့်မယ်။

စီးပွားရေးတိုင်းကတော့ အခက်အခဲဆိုတာရှိစမြဲဆိုတော့ ဘေထုပ်သည်တွေမှာလည်း အခက်အခဲလေးရှိပါတယ်။

''ဘေထုပ်အရောင်းအဝယ်က အရင်ကလို မကောင်းတော့ဘူး။ အရောင်းပါးလာတယ်။ ရာသီဥတု
အေးတဲ့အချိန်လောက်ပဲ ရောင်းကောင်းတာ''လို့ အသက် ၃၅ နှစ်အရွယ် ကိုအောင်မိုးက ဆိုပါတယ်။

ကိုအောင်မိုးက ညဈေးမှာ ဘေထုပ်ရောင်းချလာတာ ခုနစ်နှစ်လောက်ရှိပါပြီ။ သူတို့ဆိုင်မှာကတော့
ကျားဝတ်၊ မဝတ်၊ ကလေးဝတ် အကုန်လုံး ရောင်းပါတယ်။

''တစ်ခါတလေ ရှုံးတာမျိုးလည်း ရှိတယ်။ ရောင်းမကောင်းလို့ အထည်တွေ ကိုယ့်လက်ထဲကြာပြီး
ဆွေးသွားတဲ့အခါ ပစ်ရတာလည်းရှိတယ်''လို့ သူက ရှင်းပြပါတယ်။ သီတင်းကျွတ်ရာသီ၊ တစ်လပိုင်း
နှစ်လ ပိုင်းနဲ့ သင်္ကြန်မတိုင်ခင်အချိန်တွေကတော့ ဘေထုပ်သည်တွေအတွက် ရောင်းကောင်းတဲ့
အချိန်တွေပါ။

ရောင်းကောင်းကောင်း မကောင်းကောင်း လစဉ် ဆိုင်ခန်းငှားက လေး၊ ငါးသိန်းကိုတော့
ကိုအောင်မိုးတို့ အနေနဲ့ ပုံမှန်ပေးနေရပါတယ်။ ''ဆိုင်ခန်းငှားခက ဈေးကြီးတော့ တစ်ဦးတည်း
မငှားနိုင်ဘူးလေ။ အဲဒီတော့ နှစ်ဦးစပ်တူငှားရတယ်''လို့ သူက ဆိုပါတယ်။

ဘေထုပ်ကို အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေ အများဆုံးဝယ်ယူကြတယ်လို့ ဘေထုပ်
ရောင်းသူတွေက ဆိုကြပါတယ်။

''ကားတွေနဲ့လာဝယ်ကြတဲ့လူလည်းရှိတယ်။ ပစ္စည်းကောင်း တံဆိပ်ကောင်းတွေ နားလည်တဲ့
လူကတော့ ချမ်းသာသာ ဆင်းရဲရဲ လာဝယ်ကြတယ်''လို့ ကိုအောင်မိုးက ရှင်းပြပါတယ်။
''တကယ့်နိုင်ငံခြားကလာတဲ့ ဘရန်းအကောင်းတွေ့ရင် လက်က မချတော့ဘဲ ဝယ်သွားကြတာ''
လို့လည်း သူကဆက်ပြောပါတယ်။

ပြီးတော့ ရုပ်ရှင်ရိုက်တဲ့အခါ ဝတ်ဖို့အတွက်လည်း လာဝယ်ကြတာတွေ ရှိပါတယ်။

''ရုပ်ရှင်တစ်ကားမှာ ဝတ်မယ့်အဝတ်အစားက ဒီရုပ်ရှင်တစ်ကားအတွက်ပဲ ဝတ်ရမှာလေ။ ဒီကားပြီးရင်
လွင့်ပစ်ရင်ပစ်၊ မပစ်ရင် သူများကိုပေး။ အဲဒီတော့ အသစ်ဝတ်စရာမလိုဘဲ ဇာတ်ကားအတွက်
သင့်တော်တာမျိုးဆို ဒီမှာဈေးသက်သက်သာသာနဲ့ လာဝယ်ကြတာတွေရှိတယ်''လို့
ကိုဇော်မင်းအောင်က ရှင်းပြပါတယ်။

နောက်ပြီး ဖက်ရှင်ဒီဇိုင်နာတွေထဲကတောင် ဘေထုပ်ကို လာဝယ်ကြတယ်တဲ့။ ဒါကတော့
တခြားမဟုတ်ပါ ဘူး။ ဘေထုပ်ဆိုတဲ့အတိုင်း အဝတ်ဟောင်းဆိုတဲ့ နှစ်တော်တော်ကြာတဲ့အထဲက
ချုပ်ပုံချုပ်နည်းတို့ ဒီဇိုင်းတွေကို လေ့လာချင်တာမျိုးပါ။ နောက် အဟောင်း ထည်ထဲက ကြယ်သီးမျိုးကိုပဲ
လိုချင်လို့ ဝယ်သွားကြတာမျိုးလည်း ရှိပါတယ်။

''သူတို့က အဲဒီအဟောင်းအင်္ကျီတစ်ထည်ကို ဝယ်သွားတယ်။ နှစ်ထောင်၊ သုံးထောင်လောက်ပေးရမယ်။
ဒါပေမဲ့ သူက ဒီအင်္ကျီရဲ့တန်ဖိုးကို မကြည့်ဘူး။ သူက အဲဒီအင်္ကျီအဟောင်းရဲ့ ဒီဇိုင်းကို လိုချင်တာ။
တချို့ကျတော့ အင်္ကျီလာဝယ်ပေမဲ့ အဲဒီအင်္ကျီက ကြယ်သီးကို လိုချင်လို့ ဝယ်တာ။ ပြီးတော့မှ
အဲဒီကြယ်သီးကို သူရဲ့တီထွင်ဖန်တီးမှုအသစ်မှာ ပြန်လည်အသုံးပြုတာမျိုးပေါ့'' လို့
ကိုဇော်မင်းအောင်က ဆိုပါတယ်။

ဘေထုပ်ကို အားပေးကြသူတွေကတော့ စုံလို့ပါပဲ။ ဒါပေမဲ့ တချို့ကျတောလည်း ဘေထုပ်ကို
မကြိုက်ကြပါဘူး။ အဟောင်းထည်ဖြစ်နေတာတစ်မျိုး၊ သူများဝတ်ပြီးသားမို့ ရွံ့တာတစ်မျိုးနဲ့
အကြောင်းပြချက်အမျိုးမျိုးနဲ့ပေါ့။ စာရေးသူရဲ့ သူငယ်ချင်းတစ်ယောက် ပြောပုံဆို ''မဝတ်ချင်ပါဘူး။
အဲဒီအင်္ကျီရဲ့ အရင်ပိုင်ရှင်က သေသွားရင်ဘယ်လိုလုပ်မလဲ။ လူသေဆီက ချွတ်ယူလာတဲ့
အဝတ်အစားတွေဆို ဘယ်လိုလုပ်မလဲ''လို့ တောင် တွေးပြီးတော့ မကြိုက်တာပါ။

ဒါပေမဲ့လည်း လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ကြိုက်လို့ဝယ်တဲ့လူ ရှိသလို ဒီလိုအထည်တွေကိုပဲ
ဝယ်ဝတ်နိုင်လို့ စသဖြင့် ဝယ်လိုအားရှိနေလို့လည်း ဒီဈေးကွက်က ရှိနေသေးတာပေါ့။
စာရေးသူတောင်မှ ကြုံတုန်းလေး ဆိုင်နှစ်ဆိုင်က ဝင်ရွေးလာလိုက်တာ ၇,ဝဝဝ ဖိုး လောက်
ဝယ်လာလိုက်ပါသေးတယ်။ အထုပ်သစ်ဖောက်တဲ့အထဲက ၁,၅ဝဝ တန်သုံးထည်နဲ့ ချိတ်နဲ့
ချိတ်ထားတဲ့ ဆိုင်က ၂,၅ဝဝ တန်တစ်ထည်ပါ။ တစ်ကယ်ပြောတာပါ။ ရွေးတတ်ရင် ဘေထုပ်ထဲက
ပစ္စည်းကောင်း တံဆိပ်ကောင်းလေးတွေ ရပါတယ်။ ဘေထုပ်ထဲကဆိုတာ ကိုယ်မှမပြောရင်
ဘယ်သူမှ မသိနိုင်ဘူးလေ ..နော်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်