အနုပညာရှင်တွေကြိုက်တဲ့ ၂၀၁၆ ခုနှစ်ထဲက သီချင်းတွေ

၂၀၁၆ ထဲမှာ သီချင်းအမိုက်စား အလန်းစားတွေ အများကြီးကို နားထောင်ခဲ့ရမယ်လို့ ထင်ပါတယ်။

ဒီနှစ်ထဲမှာဆို EDM သီချင်းတွေကလည်း တော်တော်လေးကိုပေါက်သလို နိုင်ငံတကာက နာမည်ကြီး
ဂီတအနုပညာရှင်တွေရဲ့ သီချင်းအသစ်တွေကိုလည်း ခံစားခွင့်ရခဲ့တဲ့နှစ်ပါ။

မြန်မာဂီတလောကမှာလည်း အယ်လ်ဘမ်အသစ်တွေ ပေါက်တဲ့သီချင်းတွေလည်း
အများကြီးထွက်ခဲ့ပါတယ်။

စာဖတ်သူတွေလည်း ဒီနှစ်ထဲ ထွက်ခဲ့သမျှထဲမှာ အကြိုက်ဆုံးတွေ ရှိမှာပါ။

ဒါဆို အနုပညာရှင်တွေထဲကရော ဘယ်လိုသီချင်းမျိုးတွေ၊ အယ်လ်ဘမ်တွေက ဒီနှစ်ထဲ
သူတို့အကြိုက်ဆုံး ဖြစ်မလဲ။

ဒါကိုသိရဖို့ စာဖတ်ပရိသတ်ကြီးအတွက် အနုပညာရှင်တချို့ကို မေးမြန်းပေးထားတယ်နော်။

 

အွန်ဆိုင်း

"ဒီနှစ်မှာထွက်တဲ့ သီချင်းအသစ်တွေထဲ အကြိုက်ဆုံးသီချင်းဆိုရင်
Rachel Platten ရဲ့ "Fight Song" ဆိုတဲ့ သီချင်းပဲ။ အဲဒီသီချင်း
နားထောင်ရင် အားအင်တွေရပြီး တက်ကြွလာတယ်။ ကိုယ့်မှာ
အဆင်မပြေတာ တစ်ခုခု ဖြစ်လာရင် ငါဒီသီချင်းနားထောင်ရမယ်ဆိုတဲ့
အသိနဲ့ကို နားထောင်ဖြစ်ခဲ့တယ်။ နောက်ထပ်သီချင်းကတော့ ၂၀၁၆ မှာ
အရမ်းနာမည်ကြီးလာတဲ့ The Chainsmokers ရဲ့ "Don't Let Me Down"
ဆိုတဲ့ သီချင်းပဲ။ ဘာလို့ကြိုက်လဲဆိုရင် အွန်ဆိုင်း တစ်ခုခုမလုပ်ချင်တာမျိုး၊ တစ်ခုခုကို လုပ်ရမှာ
ပျင်းနေတာမျိုး၊ အထူးသဖြင့် gym ဆော့တဲ့အခါမျိုးမှာ တက်တက်ကြွကြွဖြစ်ဖို့ လိုတဲ့အခါမျိုးဆိုရင်
အဲဒီသီချင်းကို နားထောင်ဖြစ်တယ်။ မြန်မာပြည်က သီချင်းတွေကတော့ အများကြီးပဲ။ ဒီနှစ်ထဲ
ဝေလသီချင်းတွေ တော်တော်များများ ကြိုက်တယ်။ နားလည်း နားထောင်ဖြစ်တယ်။"

 


အေရီရယ်လ်သုတ

"အေရီရယ်လ်က ဟိုးတုန်းက သီချင်းတွေကိုတော့ ပိုကြိုက်ပြီး ပိုနားထောင်
ဖြစ်တယ်။ ဒါပေမဲ့ ၂၀၁၆ ထဲမှာ ထွက်ထားတဲ့အထဲက အယ်လ်ဘမ်ထဲကဆို
The Chainsmokers ရဲ့ "Bouquet" ကို ကြိုက်တယ်။ တစ်ခွေလုံး နီးနီးကို
ကြိုက်တာ။ တချို့အယ်လ်ဘမ်တွေဆို တစ်ခွေလုံးမှ တစ်ပုဒ် နှစ်ပုဒ်လောက်ပဲ
ကြိုက်တာရှိတယ်လေ။ နောက် အယ်လ်ဘမ်က Bridgit Mendler ဆိုတဲ့
သရုပ်ဆောင် အဆိုတော်မလေးရဲ့ "Nemesis" ဆိုတဲ့ အခွေ။ သူ့အခွေက
EP (Extended Play) ထွက်တာဆိုတော့ သီချင်းလေးပုဒ်ပဲ ပါတယ်။ သူအရင်က ထွက်ခဲ့တဲ့
သီချင်းတွေမှာ သိပ်သတိမထားမိဘူး။ အခုအခွေမှာက ကိုယ်ကြိုက်တဲ့ Music Taste နဲ့လည်း
တူတယ်။ အဲဒါကြောင့် ကြိုက်တယ်။ အခွေထဲမှာ အကြိုက်ဆုံးဆို "Atlantis" ဆိုတဲ့ သီချင်းလေးပေါ့။
စာသားလေးတွေကို အရမ်းသဘောကျတယ်။ ဒုတိယတစ်ပုဒ်က Grace Vanderwaal ဆိုတဲ့
ကောင်မလေးရဲ့ သီချင်း။ သူက ဒီနှစ် America's Got Talent Season 11 မှာ အနိုင်ရသွားတဲ့
အဆိုတော်မလေး။ အသက် ၁၂ နှစ်ပဲ ရှိသေးတယ်။ ဒီသီချင်းလေးက ပြိုင်ပွဲရဲ့ လူရွေးပွဲအစမှာ
သူသီဆိုယှဉ်ပြိုင်ခဲ့တဲ့ သီချင်းလေး။ သူကိုယ်တိုင် ရေးထားတာ။ နောက် သူ့အခွေ Extended Play
ထွက်လာတော့လည်း အဲဒီသီချင်းလေးကို နားထောင်ဖြစ်တယ်။ ဘာလို့ ကြိုက်လဲဆိုတော့
အဲဒီသီချင်းလေးကို သူစပြိုင်တုန်း နားထောင်မိကတည်းက ကြိုက်တယ်။ သီချင်းလေးက မှတ်မိလည်း
လွယ်တယ်။ ကိုယ်တိုင်ရေး ကိုယ်တိုင်တီးပြီးလည်းဆိုတော့ သူ့ကိုလည်း အရမ်းကိုအထင်ကြီးမိတယ်။
အကုန်လုံး လုပ်နိုင်တာကိုလည်း သဘောကျတယ်။ သီချင်းစာသားလေးကလည်း သူ့အရွယ်လေးနဲ့
လိုက်ဖက်တယ်။ အရမ်းလည်း ချစ်ဖို့ကောင်းတယ်။ အဲဒါကြောင့် ကြိုက်တယ်။"

 


အမွန်း

"သီချင်းတွေ နားထောင်ဖြစ်တာကတော့ အများကြီးပဲ။ ဒီနှစ်ထဲ
အကြိုက်ဆုံးတွေဆို "This is what you came for"။ အဲဒါက
Calvin Harris တီးပြီး Rihanna က Featuring ဆိုပေးထားတာပေါ့။
အဲဒီသီချင်းလေးက နှုတ်စွဲလွယ်တယ်။ သီချင်းလေးက ရိုးရိုးရှင်းရှင်းလေးပေမဲ့
ရီဟားနား ဆိုထားတဲ့အသံက ထူးထူးခြားခြားလေးနဲ့ မိုက်တယ်။ အဲဒီမှာမှ
ကယ်လ်ဗင်ရဲ့ အရမ်းမိုက်တဲ့ သံစဉ်တွေနဲ့ကျတော့ အရမ်းကြွသွားတယ်။
အဲဒီသီချင်းလေး နားထောင်လိုက်ရင် ပိုပြီးပေါ့ပါးမှုရှိသွားတယ်။ အဲဒီကြောင့် အဲဒီသီချင်းလေးဆိုရင်
ကားထဲမှာ အများဆုံး နားထောင်ဖြစ်တယ်။ နောက်တစ်ပုဒ်က Lost Frequencies ရဲ့
"Reality" ဆိုတဲ့ သီချင်း။ Janieck Devy က featuring ဆိုထားတယ်။ သူက House ပုံစံ
သီချင်းလေးပေါ့။ ပေါ့ပ်သီချင်းလို့လည်း ပြောလို့ရတယ်။ အဲဒီသီချင်းမှာက စာသားတွေကို
အရမ်းကြိုက်တယ်။ စာသားတွေက အရမ်းအဓိပ္ပာယ်ရှိတယ်။ တတိယတစ်ပုဒ်ဆိုရင် Fifth Harmony
အဖွဲ့ရဲ့ "All In My Head"။ အဲဒီသီချင်းမှာဆို Music Beat နဲ့ သူတို့အဖွဲ့ရဲ့ အသံပါဝါ
ကောင်းကောင်းတွေနဲ့ ဆိုထားတာကို သဘောကျတာ။ ပြီးတော့ music video ကိုလည်း
အရမ်းသဘောကျတယ်။ ရှင်းရှင်းလေးနဲ့ သူတို့ရဲ့တင်ဆက်မှုတွေကလည်း အရမ်းကောင်းတယ်။"

 


ဒေါင်း

"ကျွန်တော်က သီချင်းဆို အရင်တုန်းက သီချင်းတွေပဲ နားထောင်ရတာ
ကြိုက်တယ်။ ဘယ်တော့ဖြစ်ဖြစ်၊ ဘယ်နေရာပဲဖြစ်ဖြစ် အရင်ကသီချင်းတွေပဲ
နားထောင်တာများတယ်။ မြန်မာသီချင်းရော အင်္ဂလိပ်သီချင်းရော။ အဲဒီတော့
ဒီနှစ်ထဲမှာ ထွက်တဲ့အထဲက ကျွန်တော်ကြိုက်နှစ်သက်ပြီး နားထောင်ဖြစ်တာ
ရှားတယ်။ ဒါပေမဲ့ တစ်ပုဒ်တော့ မှတ်မှတ်ရရရှိတယ်။ အဲဒီသီချင်းကလည်း
ထွက်တာ မကြာသေးဘူး။ ကိုလေးဖြူရဲ့ 'ပထမနိုင်ငံတော်' ဆိုတဲ့ သီချင်းဗျ။
အဲဒီသီချင်းက တစ်ပုဒ်တည်းပဲ ထွက်လာတဲ့ သီချင်းပေါ့။ တေးရေးဆရာ မျိုးဆွေသန်းက
ရေးထားတာ။ ပုဂံအကြောင်းကို ရေးထားတဲ့သီချင်း။ သီချင်းရဲ့ ရည်ရွယ်ချက်လေးကိုလည်း
ကြိုက်တယ်။ စနားထောင်လိုက်တာနဲ့ ရင်ထဲရောက်တယ်။"

 


Ar T

"၂၀၁၆ ထဲမှာ ထွက်လာတဲ့ အထဲက အကြိုက်ဆုံးသီချင်းတွေဆို Adele ရဲ့
"All I Ask"။ အဲဒီသီချင်းရေးထားတဲ့အထဲမှာ Bruno Mars လည်းပါတယ်။
ပြီးတော့ သီချင်းရဲ့ အကြောင်းအရာလေးရော၊ Adele အဲဒီသီချင်းပေါ်မှာ
သွင်းပြီး ဆိုထားတဲ့ စိတ်ခံစားချက်ကိုလည်း ကြိုက်တယ်။ နောက်တစ်ပုဒ်က
The Weekend ရဲ့ "Stay Boy" က ကျတော့ ဆိုထားတဲ့
The Weekend က သူ့ရဲ့ကျော်ကြားမှု၊ သူ့မှာရှိတဲ့ ပိုက်ဆံ၊ သူ့မှာရှိတဲ့ ကား၊
သူ့ရဲ့ ရည်းစားတွေအကြောင်း၊ သူ မဟုတ်ကဟုတ်က လုပ်ထားတာတွေရော ပြောထားတဲ့
သီချင်းပေါ့။ အဲဒါကြောင့် ကြိုက်တယ်။ ပြီးတော့ အဲဒီသီချင်းလေး နားထောင်ရင် motivate
ဖြစ်တယ်။ နောက်တစ်ပုဒ်က Axwell ၏ Ingrosso ဆိုတဲ့ နှစ်ယောက်တွဲ ဒီဂျေအဖွဲ့ရဲ့
"Something New" ဆိုတဲ့ သီချင်းပေါ့။ အဲဒီသီချင်းက Progressive House အမျိုးအစား။
ကျွန်တော့်အမြင်အရဆို သူတို့တွေပဲ သိတဲ့အရသာတစ်ခု၊ ကဏ္ဍတစ်ခုကို သာယာကြည်နူးပြီး
သဘောတွေ့နေတဲ့ အကြောင်းကို ရေးထားတာ။ အဲဒီသီချင်းကိုလည်း ဒီနှစ်ထဲမှာ တော်တော်လေး
နားထောင်ဖြစ်တယ်။ အကြိုက်ဆုံးအယ်လ်ဘမ်က Britney Spear ရဲ့ "Glory" ဆိုတဲ့ အယ်လ်ဘမ်ကို
ကြိုက်တယ်။ ဒီအယ်လ်ဘမ်မှာက သူလုပ်နေကျ သီချင်းပုံစံတွေမဟုတ်ဘဲ အသစ်တွေကို တွေ့ရတယ်။
ခေတ်အခြေအနေအရ သူ့အခွေက သိပ်မပေါက်ပေမဲ့ ကျွန်တော့်အတွက်ကတော့ ဒီနှစ်ထဲ
အရမ်းကြိုက်တဲ့ အယ်လ်ဘမ်ပါ။"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်