တွားသွားသတ္တ၀ါတွေ ချစ်တတ်သူ လူငယ်လေး နန်းဦးလှိုင်

နန်းဦးလှိုင်ကို သူ လက်ရှိမွေးမြူထားတဲ့ မုတ်ဆိတ်မွေး နဂါးကောင်လေးနဲ့အတူ တွေ့ရစဉ်။ ညိုမီ/မြန်မာတိုင်း(မ်)နန်းဦးလှိုင်ကို သူ လက်ရှိမွေးမြူထားတဲ့ မုတ်ဆိတ်မွေး နဂါးကောင်လေးနဲ့အတူ တွေ့ရစဉ်။ ညိုမီ/မြန်မာတိုင်း(မ်)

အိမ်မွေးတိရစ္ဆာန်လို့ ပြောလိုက်တာနဲ့ လူအများ တွေးဖြစ်မှာက ခွေး၊ ကြောင်၊ ယုန်၊ ဟမ်းစတား
(မြီးတိုပါးတွဲကြွက်) စတာတို့သာ ဖြစ်လောက်မှာပါ။

ဒါပေမဲ့ တခြားတွားသွားသတ္တ၀ါတွေဖြစ်တဲ့ ပုတ်သင် ညို၊ လိပ်၊ မြွေ၊ ပင့်ကူ၊ မိကျောင်း စတာတွေကို
တမြတ်တနိုးနဲ့ မွေးထားကြတဲ့သူတွေလည်း မြန်မာနိုင်ငံမှာ တကယ်ပဲရှိပါတယ်။

ဆိုရှယ်မီဒီယာ (ဖေ့စ်ဘွတ်ခ်)မှာ Myanmar Reptile Fantastic ဆိုတဲ့ တွားသွားသတ္တ၀ါ
မွေးမြူသူများနှင့် ၀ါသနာရှင်များအဖွဲ့တစ်ခုရှိနေပြီး ကိုယ်တိုင် မွေးမြူထားကြတဲ့ တိရစ္ဆာန်တွေနဲ့
ပတ်သက်ပြီး သတင်းတွေ အချင်းချင်း မျှဝေကြတာဖြစ်ပါတယ်။

ဒီအဖွဲ့မှာ အဖွဲ့ဝင် ၅,၅၀၀ ကျော်ရှိပြီး မွေးမြူထားကြတဲ့ အကောင်တွေကလည်း စုံလို့နေတာပါပဲ။

ဆယ်ကျော်သက်အရွယ် လူငယ်လေး နန်းဦးလှိုင်ကလည်း ထူးထူးဆန်းဆန်း
တွားသွားသတ္တ၀ါလေးတွေ မွေးရတာကို အထူးစိတ်ဝင်စားသူတစ်ဦးပါ။

ဒီတော့ တွားသွားသတ္တ၀ါမွေးမြူသူအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

သူက လတ်တလောမှာတော့ မုတ်ဆိတ်မွေး နဂါးတစ်ကောင် (Bearded dragon) နဲ့
အမွေးထူပင့်ကူတစ်ကောင် (Tarantula) မွေးထားပါတယ်။

တစ်ဦးတည်းသောသားဖြစ်တဲ့ နန်းဦးလှိုင်မှာ ခင်တွယ်စရာဆိုလို့ သူမွေးထားတဲ့
အကောင်လေးတွေပဲရှိပြီး ယုန်၊ ဟမ်းစတား၊ ငှက်၊ ဇီးကွက်တွေ၊ ဖွတ်၊ ပင့်ကူစသဖြင့် မွေးခဲ့တဲ့
တိရစ္ဆာန်အမျိုးအစား ၁၅ မျိုး လောက် ရှိပါပြီ။

ငယ်စဉ်တည်းက တိရစ္ဆာန်လေးတွေကို စိတ်ဝင်စားတာမို့ Animal Planet လို ရုပ်သံလိုင်းကို
အမြဲစောင့်ကြည့်ခဲ့ရာက တခြားတိရစ္ဆာန်တွေထက် တွားသွားသတ္တ၀ါလေးတွေကို ပိုပြီးစိတ်ဝင်တစား
စောင့်ကြည့်ခဲ့သူလည်း ဖြစ်ပါတယ်။

"ငယ်ငယ်လေးတည်းက သူများတွေလို ခွေးတွေ၊ ကြောင်တွေ ချစ်တာထက် သူများနဲ့ မတူတဲ့၊
ထူးခြားတဲ့ အကောင်မျိုးတွေကို ပိုသဘောကျတယ်။ အစက ဒီကောင်တွေ ရှိခဲ့မှန်းမသိဘူး"လို့
အသက် ၁၉ နှစ် အရွယ် တက္ကသိုလ်ကျောင်းသား နန်းဦးလှိုင်က ဆိုပါတယ်။

သူပထမဆုံး မွေးဖြစ်ခဲ့တဲ့ တိရစ္ဆာန်ကတော့ အရှည် သုံးပေလောက်ရှိတဲ့ အဖြူရောင်အမေရိကန်
စပါးကြီး မြွေပေါက်လေးပဲ ဖြစ်ပါတယ်။

အသက် ၁၅ နှစ်ပြည့်တဲ့အချိန်မှာ မထင်မှတ်ဘဲ အစ်ကိုတစ်ယောက်ဆီက လက်ဆောင်ရခဲ့ရာက
တွားသွားသတ္တ၀ါကို အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးလို့ရတယ်ဆိုတာ သိခဲ့ရတယ်လို့ နန်းဦးလှိုင်က
ဆိုပါတယ်။

အဲဒီလိုသိပြီးနောက်ပိုင်းမှာ တွားသွားသတ္တ၀ါလေးတွေ ဆက်မွေးဖြစ်ခဲ့ပါတယ်။

"မြွေစပြီးရတုန်းက အမှန်အတိုင်းပြောရင် မွေးချင်ပေမဲ့ ကိုင်ဖို့တော့ လက်တွန့်တာပေါ့။ ကြောက်လည်
ကြောက်တယ်။ ဒါပေမဲ့ ကိုင်ပြီးတဲ့အချိန်မှာ မြွေရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး သဘောကျပြီး
ချစ်သွားတယ်"လို့ တိရစ္ဆာန်လေးအပေါ် အကြောက်တရားကနေ ချစ်ခြင်းအဖြစ် ပထမဆုံးအကြိမ်
ကူးပြောင်းခဲ့ရတဲ့ သူ့ရဲ့ခံစားချက်ကို ပြောပြပါတယ်။

မြွေလေးရတဲ့အခါ ဘယ်လိုနေရာမှာ ထားရမလဲ၊ ဘာတွေ ကျွေးရမလဲ၊ ဘယ်လိုအပြုအမှုရှိသလဲ
စတာတွေကို သိရဖို့အတွက် နန်းဦးလှိုင်တစ်ယောက် အင်တာနက်မှာ ၀င်ရောက်လေ့လာရင်း
အလုပ်ရှုပ်ရပါပြီ။

စပါးကြီးမြွေရဲ့ သဘာဝကို သေသေချာချာ လေ့လာထားပေမဲ့လည်း အပေါက်ခံရတာကြောင့်
ထိခိုက်ဒဏ်ရာရပြီး လက်ကို နှစ်လလောက် ပတ်တီးစီးလိုက်ရသေးတယ်လို့ နန်းဦးလှိုင်က
ပြန်ပြောပြပါတယ်။

"အမှန်က အစာကျွေးရင် သုံးရတဲ့ ညှပ်ရှိပေမဲ့ သူ့ကိုချစ်လွန်းလို့ လက်ကိုသုံးပြီး ကျွေးလိုက်တာ
အစာမှန်း၊ လက်မှန်းမသိဘဲ ကျွန်တော့်ကို ပေါက်လိုက်မိတာ"လို့ သူ့ကိုပေါက်တဲ့မြွေအပေါ် တစိုးတစိမှ
စိတ်ဆိုးဟန်မရှိဘဲ ပြောပြပါတယ်။

မြွေသားပေါက် ဘ၀တုန်းကတော့ အစာအဖြစ် ရေခဲရိုက်ထားတဲ့ ကြွက်နီတာရဲလေးတွေကို ကျွေးရပြီး
နောက်ပိုင်းကြီးလာတဲ့အခါမှာတော့ ကြက်သားကျွေးရပါတယ်။

မြွေပေါ်မူတည်ပြီး ကျွေးရတဲ့ ရေခဲရိုက်ကြွက် အသေအရွယ်အစား (နီတာရဲနဲ့ အကောင်လတ်တွေ
ဆိုပြီး) ကွာခြားသွားပါတယ်။ (အစာတွေကို အိမ်မွေး တိရစ္ဆာန်နဲ့ အစာရောင်းတဲ့ ဆိုင်မှာ
ဝယ်ယူရနိုင်ပါတယ်။)

"မြွေတွေကတော့ ကြွက်အရှင်ကို ပိုကြိုက်ကြပေမဲ့ အသေပဲစားအောင် ကျွေးနေရတယ်။ ဘာလို့ဆို
ဒီနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ အရှင်ကျွေးတာ အကုသိုလ်ဖြစ်တယ်ဆိုပြီး လူကြီးတွေကလည်း
မကြိုက်ကြဘူး။ ဒါကြောင့် မ၀ယ်တာ"လို့ ပြောပါတယ်။

စပါးကြီးမြွေကို နှစ်နှစ်လောက်မွေးပြီးနောက်မှာတော့ အရွယ်က တော်တော်ကြီးလာပြီး အိမ်မှာ
ထားစရာနေရာ မရှိတာကြောင့် ပဲခူးရိုးမထဲကို သွားလွှတ်လိုက်ရပါတယ်။

ဒါပေမဲ့လည်း သံယောဇဉ်ဖြစ်ပြီး နောက်မှာမှ ပြန်လွှတ်ပေးလိုက်ရတာမို့ စိတ်မကောင်း ဖြစ်ရပြီး
အဲဒီနောက်ပိုင်းမှာ ဘာမှဆက်မမွေးဖြစ်တော့ဘူးလို့ ဆိုပါတယ်။

အတန်ကြာပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်နှစ်လောက်မှာမှ ရေမြွေနှစ်ကောင် (Buff face နဲ့ Vine snake)၊
ပုတ်သင်ညိုအသေးမျိုး (Toad Head)၊ အမွေးထူပင့်ကူ (Tarantula)၊ ဖွတ် (Iguana) နဲ့
မုတ်ဆိတ်မွေးနဂါး (ဩစတြေးလျပုတ်သင်ညိုမျိုးစိတ်/Bearded Dragon) တို့ကို
ဆက်တိုက်မွေးဖြစ်ခဲ့ပါတယ်။

အမွေးထူ ပင့်ကူ။ ညိုမီ/မြန်မာတိုင်း(မ်)အမွေးထူ ပင့်ကူ။ ညိုမီ/မြန်မာတိုင်း(မ်)

အကုန်လုံးကို ပြည်ပကနေပဲ မှာယူခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အမွေးထူပင့်ကူတစ်ကောင်နဲ့
မုတ်ဆိတ်မွှေးနဂါး တစ်ကောင်သာ ကျန်တော့ပြီး တခြားအကောင်တွေထဲက တစ်ကောင်သေသွားပြီး
ကျန်တာတွေကို ပြန်ရောင်းလိုက်တာ ဖြစ်ပါတယ်။

"Toad Head ကတော့ ကျွန်တော် အမွေးမတတ်လို့ သေသွားတယ်။ ကျန်တဲ့ကောင်တွေကိုတော့
ငါးလ လောက်မွေးပြီး ပြန်ရောင်းလိုက်တယ်"လို့ နန်းဦးလှိုင် က ပြောပါတယ်။

"ဖွတ်ကတော့ ပထမစပါးကြီးမြွေ မွေးတုန်းကလိုပဲ ကြီးလာတော့ အိမ်မှာထားဖို့နေရာ မရှိတော့ဘူး။
ပြီးတော့ ယဉ်အောင်လုပ်လို့ရပေမဲ့ သူ့ရဲ့ သဘာဝက ရိုင်းတယ်။ ကျွန်တော်က အလုပ်များပြီး
ဂရုမစိုက်နိုင်တဲ့အခါမှာ အကောင်က အရမ်းရိုင်းပြီး လူကိုအန္တရာယ် ဖြစ်လာမှာတစ်ကြောင်း၊
အရမ်းကြီးလာမှာတစ်ကြောင်း၊ ကိုယ်တာဝန်မယူနိုင်မှာစိုးလို့ ပြန်ရောင်းလိုက်တာ"လို့ ဆိုပါတယ်။
(ဖွတ်ရောင်းဈေးက တစ်ပေကျော်အရွယ်ကို ခြောက်သောင်းလောက် ဈေးရပြီး တွားသွားသတ္တ၀ါ
မွေးမြူသူများအုပ်စုကနေတစ်ဆင့်ပဲ ရောင်းချခဲ့တာပါ။)

"ရေမြွေတွေကကျတော့ ငါးကို အရှင်ကျွေးရတယ်။ အရှင်ကျွေးရတာကို အိမ်က စစချင်းတော့
ဘာမှမပြောပေမဲ့ ကြာတော့ မကြိုက်ဘူး။ အဲဒါကြောင့် ပြန်ရောင်းလိုက်တာ"လို့ ဆိုပါတယ်။
(ရေမြွေတွေကို ပြည်တွင်းမှာလည်း ရနိုင်ပြီး တစ်ကောင်ကို ကျပ်ငါးထောင်ကနေ တစ်သောင်းကြား
ရှိပါတယ်။)

တွားသွားသတ္တ၀ါတွေကို မွေးမြူရာမှာ အဓိကကြုံရတဲ့ပြဿနာက သူတို့ နေမကောင်းတဲ့အခါ
ကုသပေးနိုင်တဲ့ ဆရာဝန် မရှိဘူးလို့ နန်းဦးလှိုင်က ပြောပါတယ်။

"တိရစ္ဆာန်ဆေးကုခန်းက ရှိတယ်။ ဒါပေမဲ့ အဲဒီက ဆရာဝန်တွေကိုက လူမွေးများတဲ့ ခွေး၊ ကြောင်၊
ငှက်၊ ဟမ်းစတားပဲ ကုတတ်တာ။ ကျွန်တော်မွေးတဲ့ တွားသွားအကောင်လေးတွေကို အိမ်မွေးတိရစ္ဆာန်
မဟုတ်ဘူးလို့ သူတို့ ယူဆကြတယ်"လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။

"နောက်ထပ် ပြဿနာကတော့ အစာပါ။ မြွေဆိုရင် ရေခဲရိုက်ကြွက်တွေ၊ BD (Bearded dragon)
အတွက်ဆိုလည်း ဒီမှာက ၀ါးပိုးကျွေးတာ များပေမဲ့ နေရာတိုင်းမှာ မရနိုင်ပါဘူး။ တချို့ကကျတော့
ဒူဘိုင်းကလာတဲ့ ဈေးလည်း ပိုကြီးသလို ဒီမှာ ၀ယ်ရခက်တဲ့ ပိုးဟပ်ကျွေးပါတယ်"လို့လည်း
ဆိုပါတယ်။

ဒါပေမဲ့ မွေးခဲ့တဲ့ အကောင်တွေထဲမှာ မွေးရအခက်ဆုံးက အမေရိကန်စပါးကြီးမြွေပဲလို့ နန်းဦးလှိုင်က
ဆိုပါတယ်။

သူ လက်ရှိမွေးထားတဲ့ BD အတွက် သူတို့ အရေခွံလဲဖို့၊ အစာချက်နိုင်ဖို့ UVA ၊ UVB မီးပေးဖို့
လိုအပ်ပါတယ်လို့ ပြောပြပါတယ်။

"အဲဒီလိုပေးမှ သူတို့ အရေခွံလဲတာ၊ အစာစားတာကို ပိုပြီးအထောက်အကူဖြစ်တယ်။ သူတို့က
အစာချက်ဖို့အတွက်ကို အပူလိုတယ်။ သူတို့ အရေခွံက အရမ်းထူလို့ တော်ရုံတန်ရုံအပူက သူတို့
ခန္ဓာကိုယ်ကို မ၀င်နိုင်တော့ မီးအပူပေးမှ အစာချက်နိုင်တာ။ အရေခွံလဲဖို့ UVB မီးကို ထားပေးရတယ်။
ဒါမှ အရေခွံလဲပြီး အရောင်ပိုတောက်လာတယ်"လို့ပြောပါတယ်။

အဲဒီလို ဂရုစိုက်ရတဲ့အပြင် သူတို့ရဲ့ နေထိုင်တဲ့ ပုံစံအတိုင်းလည်း သဘာဝကျတဲ့ ပတ်ဝန်းကျင်ကို
ဖန်တီးပေးရပါတယ်။

အမွေးထူပင့်ကူအတွက် စိုစွတ်တဲ့မြေကြီးနဲ့ တွင်းကြိုက်တာမို့လည်း သူနေဖို့ မှန်လုံကန်ကို
အနီးစပ်ဆုံးပုံစံဖြစ်အောင် ပြုလုပ်ပေးထားရပါတယ်။

တချို့တွားသွားသတ္တ၀ါတွေဖြစ်တဲ့ မြွေ၊ ပင့်ကူ တို့က ကိုက်ရင် သွားဆိပ်တော့ရှိပေမဲ့ လူကို
သေလောက်တဲ့အထိ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်တော့ မရှိဘူးလို့လည်း ဆိုပါတယ်။

နောက်ထပ်မွေးဖို့အတွက် စိတ်ဝင်စားနေတဲ့ မြွေမျိုးစိတ်က corn snake ဖြစ်ပြီး သူ့အကြောင်းကို
လေ့လာနေတယ်လို့ နန်းဦးလှိုင်က ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်