သန်းကြွယ်သူဌေးကြီး တည်ဆောက်မယ့် မြန်မာ့ပထမဆုံး ပုဂ္ဂလိကပြတိုက်

လွန်ခဲ့သည့် နှစ်သန်း ၄၀ က လူသား၏ အောက်မေးရိုးဟုဆိုသည့် ကျောက်ဖြစ်ရုပ်ကြွင်းကို ဇေကမ္ဘာ ဦးခင်ရွှေ ပြသနေစဉ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)လွန်ခဲ့သည့် နှစ်သန်း ၄၀ က လူသား၏ အောက်မေးရိုးဟုဆိုသည့် ကျောက်ဖြစ်ရုပ်ကြွင်းကို ဇေကမ္ဘာ ဦးခင်ရွှေ ပြသနေစဉ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

မင်းမြောက်တန်ဆာတွေ၊ ပျူခေတ်လက်ရာ ပုံစံအိုးတွေ၊ ယွန်းသေတ္တာတွေအပြင်
ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ ရှေးဟောင်းလက်ရာ ပန်းချီကားတွေ၊ ဆုတံဆိပ်ပေါင်းစုံနဲ့
ရှုပ်ပွပြည့်နှက်နေတဲ့ အခန်းရဲ့ အလယ်က အညိုရောင်ဆိုဖာထိုင်ခုံမှာ ထိုင်နေရင်း
ခပ်၀၀လူကြီးတစ်ယောက်က သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေ အကြောင်းကို စိတ်အားထက်သန်မှု
အပြည့်နဲ့ ရှင်းပြနေပါတယ်။

"ဒါက လွန်ခဲ့တဲ့ နှစ် ၇၀၀ လောက်က နီဂရိုးမင်းရဲ့ သန်လျက်ပေါ့။ ဒီမှာတွေ့လား ပတ္တမြားတွေ
မြှုပ်ထားတာ။ ဒါ သိပ်တန်ဖိုးရှိတဲ့ပစ္စည်း"လို့ ဆိုရင်း သန်လျက်ကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးလိုက်တဲ့
အခါမှာတော့ လက်ကိုင်မှာ မြှုပ်စီထားလို့ ခပ်မှိန်မှိန်ဖြစ်နေတဲ့ ပတ္တမြားသေးသေးလေးတွေက
နီရဲတောက်ပလာပါတော့တယ်။

"ဒါတွေအားလုံးက ပြတိုက်ထဲရွှေ့ရမယ့် ပစ္စည်းတွေချည်းပဲ"လို့ အပြာရောင်အောက်ခံမှာ
အဖြူရောင်မျဉ်းကြောင်းတွေနဲ့ လေးထောင့်ကွက်ကျဲကျဲ ပုံဖော်ထားတဲ့ ရှပ်အင်္ကျီနဲ့ ကချင်ပုဆိုးကို
တွဲဖက်ဝတ်ဆင်ထားတဲ့ လူဝကြီးက သူ့ရုံးခန်းထဲက ရှေးဟောင်းပစ္စည်းတွေကို ရည်ရွယ်ပြီး
ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်ထဲက တစ်ဦးဖြစ်တဲ့ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင်
ဦးခင်ရွှေက သူပိုင်ဆိုင်တဲ့ မင်္ဂလာဒုံဥယျာဉ် မြို့တော်ထဲမှာ 'ဇေကမ္ဘာ'လို့ နာမည်ပေးထားတဲ့
ရှေးဟောင်းပြတိုက်တစ်ခုကို တည်ထောင်ဖို့ စီစဉ်နေပါတယ်။

ဒီပြတိုက်ဟာ ရှေးဟောင်းပစ္စည်း ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်လို့ အစိုးရက အသစ်ပြဋ္ဌာန်းလိုက်တဲ့
'ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ'အရ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင်ဆိုင်တဲ့
ပထမဦးဆုံးပြတိုက်တစ်ခုလည်း ဖြစ်လာနိုင်မှာပါ။

ရှေးဟောင်းပစ္စည်းတွေ ချစ်မြတ်နိုးတယ်လို့ သူ့ကိုယ်သူ ရည်ညွှန်း ပြောဆိုလေ့ရှိတဲ့ ဦးခင်ရွှေက
၁၉၉၀ ပြည့်နှစ်လောက်ကတည်းက နှစ်သက်သဘောကျတဲ့ ပစ္စည်းတွေကို
ဝယ်ယူစုဆောင်းခဲ့ရာကနေ တဖြည်းဖြည်းနဲ့ ပစ္စည်းတွေ များလာတဲ့အခါမှာတော့ ပြတိုက်တစ်ခု
တည်ဆောက်ပြီး ရေရှည်ထိန်းသိမ်းဖို့ စိတ်ကူးရခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ ပြတိုက်မှာ ခင်းကျင်းပြသဖို့အတွက် ကျောက်ဖြစ် ရုပ်ကြွင်းပေါင်း
သုံးသိန်းခုနစ်သောင်းကျော်၊ ရှေးဟောင်းလက်ရာ ပန်းချီကားပေါင်း တစ်ထောင်ကျော်နဲ့
တခြားပစ္စည်းပေါင်း ခြောက်ထောင်ဝန်းကျင်ခန့် ရှိနေပြီလို့ ဦးခင်ရွှေက ပြောပါတယ်။

ဇေကမ္ဘာပြတိုက်မှာ အစိုးရပိုင်ဆိုင်တဲ့ အမျိုးသားပြတိုက်လို ရွှေထည်တွေနဲ့ မွမ်းမံထားတဲ့
တန်ဖိုးကြီးရှေးဟောင်းပစ္စည်းမျိုးတွေကို တွေ့ရမှာ မဟုတ်ပေမဲ့ အမျိုးအစားစုံလင်ပြီး
စိတ်ဝင်စားစရာကောင်းတဲ့ ရှေးဟောင်း ပစ္စည်းတွေကို ခင်းကျင်းပြသဖို့ ဦးခင်ရွှေက
ပြင်ဆင်ထားပါတယ်။

ပြတိုက်ထဲမှာပြသမယ့် ပစ္စည်းတွေထဲမှာ လူသားနဲ့ တိရစ္ဆာန်၊ သတ္တဗေဒနဲ့ ရုက္ခဗေဒဆိုင်ရာ
ရုပ်ကြွင်းတွေ၊ အရိုးစုတွေ၊ ဘုရားဆင်းတု၊ ကျောက်၊ ကြေး၊ သံ စတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့
ဒင်္ဂါးပြားတွေ၊ ကျောက်စာ၊ အုတ်ခွက်စာနဲ့ နန်းတွင်းအသုံးအဆောင်ပစ္စည်းတွေ၊
အဆောက်အအုံဟောင်းတွေရဲ့ အနုပညာလက်ရာမြောက်လှတဲ့ အစိတ်အပိုင်းတွေ၊
ဘုရားကျောင်းဆောင် စတာတွေကို မင်္ဂလာဒုံဥယျာဉ်မြို့တော်ထဲက ဦးခင်ရွှေ ပိုင်ဆိုင်တဲ့
အဆောက်အအုံတွေထဲမှာ တချို့တစ်ဝက်ရောက်နှင့် လို့နေပါပြီ။

ပြတိုက်အတွက် ရင်းနှီးမြှုပ်နှံမယ့်ပမာဏကို အတိအကျမပြောနိုင်ပေမဲ့ ခရိုနီသူဌေးကြီးရယ်လို့
အများက ခေါ်ဝေါ်ကြတဲ့ ဦးခင်ရွှေက ရှေးဟောင်းပစ္စည်းတွေ ၀ယ်ယူဖို့အတွက် သုံးစွဲခဲ့တဲ့
ပမာဏကတော့ ကျပ်ငွေသိန်း ပေါင်း ၇၀,၀၀၀ ရှိပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆောက်လုပ်ရေးကဏ္ဍရဲ့ ဝေစုအများစုကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေထဲက
တစ်ခုအပါအ၀င်ဖြစ်တဲ့ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေဟာ ယခင်တပ်မတော်က ဗိုလ်ချုပ်ကြီးများနဲ့
ရင်းနှီးကျွမ်းဝင်သူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်တာကြောင့် 'ခရိုနီ'ရယ်လို့ နာမည်တွင်တဲ့
သူတစ်ယောက်လည်း ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ တစ်သီးပုဂ္ဂလ ပစ်မှတ်ထားချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုစာရင်း
(US's Specially Designated National List) ထဲမှာ ဆယ်စုနှစ်တစ်ခုကြာ ထည့်သွင်းခံခဲ့ရပေမဲ့
၂၀၁၆ အောက်တိုဘာလမှာပဲ ဦးခင်ရွှေတစ်ယောက် ဒီစာရင်းကနေ ဖယ်ရှားခံလိုက်ရပါတယ်။

ဒီလိုဖယ်ရှားခံရပြီး မကြာခင်မှာပဲ ဦးခင်ရွှေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက
သူစုဆောင်းခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့ ပြတိုက်တစ်ခုဖွင့်ဖို့ ကြေညာလိုက်တာကြောင့်
ဒီပြတိုက်ရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းရင်းများ ရှိလေမလဲလို့ တွေးဆသူတွေလည်း
ရှိပါတယ်။

ပြတိုက်ကနေ နာမည်ကောင်းတစ်ခု ပြန်လည်တည်ဆောက်ဖို့လား၊ ဒါမှမဟုတ် တရားဝင်ငွေရ
လမ်းကြောင်းတစ်ခုပြဖို့လား စတဲ့ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။

ဦးခင်ရွှေကတော့ ခေတ်အဆက်ဆက်အစိုးရနဲ့ ဆက်ဆံခဲ့ရပေမဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နဲ့
ရင်းနှီးတဲ့အတွက် တခြားသူတွေနဲ့ ဆက်ဆံရေး မကောင်းခဲ့တဲ့အပြင် စီးပွားရေးနဲ့ နိုင်ငံရေးအရ
တိုက်ခိုက်ခံရမှုတွေကို ကြုံခဲ့တယ်လို့ ဆိုပါတယ်။

"ဒီနေ့ အန်ကယ့်မှာ ပိုင်ဆိုင်တာအားလုံး ကိုယ့်ကြိုးစားမှုနဲ့ ရခဲ့တာ။ သူများထက်
အမြင်ကျယ်တဲ့အတွက် အန်ကယ် ဒီအခြေအနေဖြစ်တယ်။ အခု အန်ကယ့်မှာ ပိုက်ဆံအများကြီး
ဖြစ်သွားပြီ။ ဘာကြောင့်လဲဆိုတော့ သိန်း ၅၀ နဲ့ရောင်းတဲ့ မြေကြီးကို ဟိုတုန်းက မ၀ယ်ကြဘူး။
အခု သိန်း ၅,၀၀၀ ကျမှ လာဝယ်တယ်။ အပွင့်လင်းဆုံးပြောရရင် ခရိုနီ မဟုတ်ဘူး။ စီးပွားရေးအရ
အရောင်းအ၀ယ်လုပ်တာပဲ"လို့ ဦးခင်ရွှေက တုံ့ပြန်လိုက်ပါတယ်။

အမေရိကန် စီးပွားရေး ပိတ်ဆို့မှုကနေ လွတ်မြောက်ပြီးမှ ဇေကမ္ဘာပြတိုက် တည်ထောင်ဖို့
ကြေညာခဲ့တဲ့ သူ့ရဲ့တစ်ခုတည်းသော အကြောင်းပြချက်ကတော့ ၁၉၅၇ ခုနှစ်
ရှေးဟောင်းဝတ္ထုပစ္စည်းများ အက်ဥပဒေအရ သူ ၀ယ်ယူစုဆောင်းလာတဲ့ ရှေးဟောင်းပစ္စည်းတွေ
အားလုံးဟာ တရားမ၀င်တဲ့ ပစ္စည်းတွေ ဖြစ်နေလို့ပါပဲ။

"ဘယ်သူမှ တရားမ၀င်ဘူး။ ဒါပေမဲ့ အားလုံး ဒီလိုပဲ သိမ်းကြတာပဲ။ ဒါကြောင့် အန်ကယ်က
ပြတိုက်ဖွင့်ဖို့ ဥပဒေအသစ်ကို စောင့်နေတာ"လို့ ဦးခင်ရွှေက ပြောပါတယ်။

ရှေးဟောင်းပစ္စည်းထိန်းသိမ်းဖို့အတွက် ရှေးဟောင်းဝတ္ထုပစ္စည်းများ အက်ဥပဒေကို ၁၉၅၇ ခုနှစ်မှာ
ပြဋ္ဌာန်းခဲ့ပေမဲ့ ထိရောက်တဲ့ ကာကွယ်ထိန်းသိမ်းမှုတော့ မပြုလုပ်နိုင်ခဲ့ပါဘူး။

မြန်မာနိုင်ငံက ရှေးဟောင်းပစ္စည်းအများစုဟာ နယ်စပ်ကနေတစ်ဆင့် တရုတ်၊ ထိုင်း၊ အိန္ဒိယ စတဲ့
အိမ်နီးချင်းနိုင်ငံတွေကို တရားမ၀င်တဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ခိုးထုတ်ခံရမှုတွေ ရှိခဲ့ပါတယ်။

ဥပဒေအရ ရှေးဟောင်းပစ္စည်းကို အထောက်အထားမရှိဘဲ လက်ဝယ် ပိုင်ဆိုင်တဲ့သူဟာ
ထောင်ဒဏ်ကျခံရမှာဖြစ်ပြီး ရှေးဟောင်းပစ္စည်းတစ်ခုခုကို တူးဖော်တွေ့ရှိခဲ့လို့ နိုင်ငံတော်ကို
အပ်ရင်လည်း ဆုငွေအနည်းငယ်သာ ပေးနိုင်တဲ့အတွက် အများစုက ပြည်ပကို ဈေးကောင်းကောင်းနဲ့
ထုတ်ရောင်းဖို့ပဲ အားသန်ခဲ့ကြပါတယ်။

ဒါပေမဲ့ ၁၉၅၇ ဥပဒေအစား ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှာ အသစ် ပြဋ္ဌာန်းလိုက်တဲ့ 'ရှေးဟောင်းဝတ္ထု
ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ'အရ ရှေးဟောင်းပစ္စည်းတွေကို အစိုးရသာမက ပုဂ္ဂလိက
ထိန်းသိမ်းပိုင်ခွင့်ကိုလည်း ပေးလိုက်ပြီဖြစ်ပါတယ်။

အဲဒီဥပဒေအရ ရှေးဟောင်းပစ္စည်းရှာဖွေလိုသူ၊ သုတေသနပြုလိုသူ၊ ခင်းကျင်းပြသလိုသူ၊
ထိန်းသိမ်းကာကွယ်ချင်သူ အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ စစ်ဆေးခွင့်ပြု ချက်နဲ့ ဆောင်ရွက်ခွင့်ပေးထားပါတယ်။

ယဉ်ကျေးမှုဝန်ကြီးဌာနက 'ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်း'ကို
လွှတ်တော်ထဲတင်သွင်းတဲ့အချိန်မှာ အမျိုးသားလွှတ်တော်အမတ်ဖြစ်တဲ့ ဦးခင်ရွှေကလည်း
ရှေးဟောင်းပစ္စည်းတွေကို ပုဂ္ဂလိကထိန်းသိမ်းခွင့်ပေးဖို့ အကြံပြုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

"အခု ၇၅ ရာခိုင်နှုန်းလောက်က ပြည်ပကို ရောက်ကုန်ပြီ။ ဒါကြောင့် ဥပဒေကြမ်းတင်တော့
ပုဂ္ဂလိကပြတိုက် လုပ်ခွင့်ပေးပါလို့ တောင်းဆိုတယ်။ နိုင်ငံတော်ပြတိုက်တစ်ခုတည်းနဲ့ လုပ်မယ်ဆို
ကျန်တဲ့ ၃၀ ရာခိုင်နှုန်းက ပြည်ပကို ရောက်သွားနိုင်တယ်။ ဒီတော့ အန်ကယ်တို့လို တတ်နိုင်တဲ့
သူတွေကမှ မထိန်းသိမ်းရင် ဘယ်သူက ဒီပစ္စည်းတွေကို ထိန်းသိမ်းမလဲ" လို့ ဦးခင်ရွှေက
ပြောပါတယ်။

ဥပဒေသစ်အရ အစိုးရက ခွင့်ပြုပေးလိုက်တဲ့ အချိန်မှာတော့ ဦးခင်ရွှေ တစ်ယောက် ပြတိုက်ဖွင့်ဖို့
အတွက် သူစုဆောင်းထားတဲ့ ပစ္စည်းတွေသာမက ရှေးဟောင်းပစ္စည်း စုဆောင်းတဲ့
သူတွေဆီကနေလည်း ပြန်ဝယ်ယူမှုတွေကို စတင်ပြုလုပ်ခဲ့ပါတယ်။

လေသူရဲ ဦးလှဝင်း စုဆောင်းထားတဲ့ မိဖုရား စုဖုရားလတ်ရဲ့ ဖလား အပါအ၀င် ပုရပိုက်အဖြူ၊
ပုရပိုက်စင်ကျမ်း၊ ဗေဒင်ကျမ်း၊ ရှေးဟောင်းနဲ့ သမိုင်းဝင်ပစ္စည်းတွေအားလုံးကို ၀ယ်ယူခဲ့ပြီး
ရှေးဟောင်းပစ္စည်း တူးဖော်သူတချို့ကလည်း ပြတိုက်အတွက် လှူဒါန်းတာတွေလည်း ရှိပါတယ်။

လေသူရဲဦးလှဝင်းဆီကနေ ရှေးဟောင်းပစ္စည်းတွေအပါအ၀င် ပစ္စည်းတွေ ထားသိုဖို့ပါ နေရာအကျအန
ပြင်ဆင်ထားတဲ့ ဦးလှဝင်းရဲ့ သန်လျင်မြို့နယ်၊ ရွှေနံ့သာ(၁)လမ်းထဲက ခြံကိုပါ ၀ယ်လိုက်တာမို့
ရှေးဟောင်းပစ္စည်းတွေကို ကြည့်ရှုလေ့လာလိုသူတွေ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

"အန်ကယ်အပြင်ထွက်ပြီး လိုက်ဝယ်တာ မဟုတ်ဘူး။ ပြတိုက်လုပ်တော့မယ်ဆိုတဲ့အချိန်မှာ
တစုတဝေးတည်းစုထားတဲ့ ပုဂ္ဂိုလ်တွေဆီကနေ သိန်းနဲ့ချီပြီး ပေးဝယ်လိုက်တာပဲ"လို့ ဦးခင်ရွှေက
ပြောပါတယ်။

ကျပ်သိန်း ၃၀၀ မှ ၄၀၀ ကြား တန်ဖိုးရှိသည့် ပျူခေတ်ပုတီးကုံးများကို တွေ့ရစဉ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ကျပ်သိန်း ၃၀၀ မှ ၄၀၀ ကြား တန်ဖိုးရှိသည့် ပျူခေတ်ပုတီးကုံးများကို တွေ့ရစဉ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ဝယ်ယူစုဆောင်းတဲ့ပစ္စည်းတွေထဲမှာ တန်ဖိုးအကြီးဆုံး ပေးဝယ်ရတဲ့ ပစ္စည်းတွေက ဘာတွေများ
ဖြစ်မလဲဆိုတဲ့အခါမှာ "ပျူခေတ်က ပုတီးတွေ ပါပဲ"လို့ ဦးခင်ရွှေက ဆိုရင်း သေတ္တာဘူးလေးထဲမှာ
ထည့်သိမ်းထားတဲ့ ပုတီးကုံးတွေကို ထုတ်ပြပါတယ်။

ပုတီးတစ်ကုံးအတွက် ကျပ် သိန်းသုံးရာကနေ လေးရာကြား တန်ဖိုး ရှိတယ်လို့ သူကဆိုပါတယ်။

ဒါတင် မကသေးပါဘူး။ ဦးခင်ရွှေက လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၄၀ က လူသားရဲ့အောက်မေးရိုးတစ်ခုနဲ့
၈ ပေ ၄ လက်မ အရွယ်အစားရှိတဲ့ လိပ်ကျောက်ဖြစ်ရုပ်ကြွင်းက ပြတိုက်အတွက် အထူးခြားဆုံး
ပစ္စည်းတွေ ဖြစ်တယ်လို့ဆိုပါတယ်။

နှစ်သန်း ၄၀ ရှိတဲ့ လူသားအောက်မေးရိုးကို ကျောက်ဖြစ်ရုပ်ကြွင်းတွေ တူးဖော်စုဆောင်းတဲ့
ဦးခင်ညိုက ၂၀၀၁ ခုနှစ်က မင်းဘူးခရိုင် ပုံတောင်ဒေသမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

"လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတည်းက ၀ါသနာအရ ရှေးဟောင်းပစ္စည်း စုဆောင်းတာတွေ
လုပ်ခဲ့တယ်။ ရှာဖွေလို့ရတဲ့ပစ္စည်းတွေထဲက တချို့ကို နေပြည်တော် အမျိုးသားပြတိုက်နဲ့
ရန်ကုန်အမျိုးသားပြတိုက်ကို လှူဒါန်းခဲ့ပါတယ်။ ၀ါသနာအရ ရှာဖွေစုဆောင်းပြီး ဦးခင်ရွှေက
ပြတိုက်လုပ်မယ်ပြောလာတဲ့အခါ ကျွန်တော်တို့က ပစ္စည်းစိုက်ပြီး သူက ငွေစိုက်ရင်း ပြတိုက်အတွက်
ပူးပေါင်းလုပ်တဲ့သဘောပါပဲ"လို့ ဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ ဇေကမ္ဘာပြတိုက်အတွက် ပြတိုက်မှူး
တာဝန်ကိုယူထားတဲ့ ဦးခင်ညိုက ပြောပါတယ်။

မင်္ဂလာဒုံဥယျာဉ်မြို့တော်ဝင်းထဲက ဇေကမ္ဘာရုံးခန်းအဆောက်အအုံရှေ့မှာပဲ လက်ရှိပြသထားတဲ့
လိပ်ကျောက်ဖြစ်ရုပ်ကြွင်းကြီးတစ်ခုကိုတော့ ပခုက္ကူဒေသ၊ ပေါက်မြို့နယ်က ကျေးရွာတစ်ရွာမှာ
တွေ့ရှိခဲ့တာဖြစ်ပြီး ရွာကို ဦးခင်ရွှေက ရန်ပုံငွေပေးပြီး ရန်ကုန်ကို သယ်ယူလာတာ ဖြစ်ပါတယ်။

ဒီလို ရှားပါးအဖိုးတန်ပစ္စည်းတွေ ထောင်ပေါင်းများစွာကို ခင်းကျင်းပြသသွားမှာ ဖြစ်တဲ့အတွက်
ဇေကမ္ဘာပြတိုက်က အရှေ့တောင်အာရှမှာ အကြီးဆုံးပြတိုက်ဖြစ်လာမယ်လို့ ဦးခင်ရွှေက
ကြွေးကြော်ထားပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း ဦးခင်ရွှေ စုဆောင်းထားတဲ့ ရှေးဟောင်း ပစ္စည်းတွေထဲမှာ အတုတွေ
ပါဝင်နေပြီး ရှေးဟောင်းပစ္စည်းတစ်ခုရဲ့ စံသတ်မှတ်ချက်နဲ့ လွဲချော်နေတယ်ဆိုတဲ့
ဝေဖန်စွပ်စွဲချက်တွေလည်း ရှိပါတယ်။ (မြန်မာတိုင်း(မ်)က ဒီသတင်းဆောင်းပါးကို
ဇန်န၀ါရီ ၂၀ ရက်က အင်္ဂလိပ်ဘာသာနဲ့ ပုံနှိပ်ဖော်ပြခဲ့တဲ့အခါမှာလည်း နှစ်ပေါင်း သန်း ၄၀
သက်တမ်းရှိတဲ့ လူသားအောက်မေးရိုးကျောက်ဖြစ်ရုပ်ကြွင်းဆိုတဲ့ ဖော်ပြချက်အပေါ် အငြင်းပွားမှုတွေ
ရှိခဲ့ပါတယ်။)

ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂ ရဲ့ ရှေးဟောင်းဝတ္ထုပစ္စည်းကို
အဓိပ္ပာယ်ဖွင့်ဆိုချက်မှာတော့ မြေပေါ်၊ မြေအောက်၊ ရေပေါ်၊ ရေအောက်မှာ နှစ်ပေါင်း ၁၀၀ နှင့်အထက်
သက်တမ်းရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများအပါအ၀င် လူသားတို့ပြုလုပ်သုံးစွဲခဲ့သော
အရာဝတ္ထုပစ္စည်းများကို ဆိုသည်လို့ ဖော်ပြထားပါတယ်။

ဦးခင်ရွှေကတော့ သူဝယ်ယူစုဆောင်းထားတဲ့ ပစ္စည်းတွေအားလုံးဟာ ရှေးဟောင်းပစ္စည်းအပါအ၀င်
သမိုင်းဝင်ပစ္စည်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ပြတိုက်အတွက် ဦးခင်ရွှေ စုဆောင်းထားသည့် ပစ္စည်းများ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ပြတိုက်အတွက် ဦးခင်ရွှေ စုဆောင်းထားသည့် ပစ္စည်းများ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ပြတိုက်အတွက် ဦးခင်ရွှေ စုဆောင်းထားသည့် ပစ္စည်းများ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ပြတိုက်အတွက် ဦးခင်ရွှေ စုဆောင်းထားသည့် ပစ္စည်းများ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ပြတိုက်အတွက် ဦးခင်ရွှေ စုဆောင်းထားသည့် ပစ္စည်းများ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ပြတိုက်အတွက် ဦးခင်ရွှေ စုဆောင်းထားသည့် ပစ္စည်းများ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ပြတိုက်အတွက် ဦးခင်ရွှေ စုဆောင်းထားသည့် ပစ္စည်းများ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ပြတိုက်အတွက် ဦးခင်ရွှေ စုဆောင်းထားသည့် ပစ္စည်းများ။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

ပြတိုက်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနကနေ ခွင့်ပြုချက်ရပြီးတဲ့အပြင် တည်ဆောက်မယ့်
ပြတိုက်ပုံစံကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဌာနကို တင်ပြထားတယ်လို့လည်း ဆိုပါတယ်။

ဖွင့်လှစ်မယ့် ရှေးဟောင်းပြတိုက်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိပေမဲ့ ဦးခင်ရွှေကတော့
သူပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ယုံကြည်မှုအပြည့် ရှိတဲ့ပုံပါပဲ။

ဥပဒေအရ ပြတိုက်မှာ ခင်းကျင်းပြသမယ့် ပစ္စည်းတွေအားလုံးကိုလည်း ရှေးဟောင်းယဉ်ကျေးမှုဌာနမှာ
မှတ်ပုံတင်ဖို့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သူက ဆိုပါတယ်။

ဦးခင်ရွှေရဲ့ ပြောဆိုချက်နဲ့ပတ်သတ်ပြီး မြန်မာတိုင်း(မ်)က ရှေးဟောင်း ယဉ်ကျေးမှုဌာနကို
မေးမြန်းတဲ့အခါမှာတော့ ရှေးဟောင်းယဉ်ကျေးမှု သုတေသနဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ ဦးစီးအရာရှိ
ဒေါ်ယဉ်မိုးအေးက ဌာနကနေ စစ်ဆေးနေတာ ဟုတ်မှန်ကြောင်း အတည်ပြုပေးပါတယ်။

"ဘယ်ဟာက ရှေးဟောင်းဆိုတာ ကျွန်မခွဲပြီး မှတ်တမ်းလုပ်ပေးတယ်။ အဲဒါ အမှန်ပါပဲ။
စာရင်းကလည်း အဲဒါကိုပဲ ယူမှာပါ။ သူ့ဆီမှာရှိတဲ့ ပစ္စည်းတွေက မြန်မာ့လက်မှုပစ္စည်းလည်း
အစုံပါတဲ့အတွက် ကိုလိုနီခေတ်လည်းပါသလို ရှေးဟောင်းလည်း ပါပါတယ်။
ရှေးဟောင်းသုတေသနက သတ်မှတ်ထားတဲ့ စံနှုန်း၊ စည်းကမ်းဥပဒေအတိုင်းပဲ စစ်ပေးပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း သုံး၊ လေး၊ ငါးဆယ်၊ ရှစ်ဆယ်လောက်က ပစ္စည်းတွေဆို ကိုလိုနီခေတ်အဖြစ်
သတ်မှတ်ပြီး အခုရောက်နေတဲ့ ခုနှစ်ကနေ နှစ် ၁၀၀ ကျော်တဲ့ ပစ္စည်းဆို ရှေးဟောင်းပစ္စည်းလို့
သတ်မှတ်ပါတယ်"လို့ ဒေါ်ယဉ်မိုးအေးက ပြောပါတယ်။

ပစ္စည်းတွေကို အမျိုးအစားခွဲ၊ စာရင်းလုပ်ပြီးတဲ့နောက် စစ်ဆေးအတည်ပြုဖို့အတွက် ညွှန်ကြားရေးမှူး
ဒေါ်ဥမ္မာအောင် ဦးစီးတဲ့အဖွဲ့ကို ပို့ပေးရတယ်လို့ ဒေါ်ယဉ်မိုးအေးက ပြောပါတယ်။

ပြတိုက်အတွက် ရေးဆွဲထားသည့် အဆောက်အအုံ ဒီဇိုင်းပုံစံ။ ဓာတ်ပုံ - ဇေကမ္ဘာပြတိုက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပြတိုက်အတွက် ရေးဆွဲထားသည့် အဆောက်အအုံ ဒီဇိုင်းပုံစံ။ ဓာတ်ပုံ - ဇေကမ္ဘာပြတိုက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ

ပြတိုက်ရဲ့ အဆောက်အအုံပုံစံကို ပြင်သစ်က ပညာရှင်တစ်ဦးကို ငှားရမ်းရေးဆွဲစေခဲ့တာဖြစ်ပြီး
မင်္ဂလာဒုံဥယျာဉ်မြို့တော်ထဲက မြေသုံးဧက ပေါ်မှာ ACE ကုမ္ပဏီက တာဝန်ယူတည်ဆောက်သွားမှာ
ဖြစ်ပါတယ်။

အဆောက်အအုံတည်ဆောက်ဖို့ ကုန်ကျစရိတ်ကိုတော့ ကျပ်ငွေ ၁၀ ဘီလျံလောက်သုံးဖို့
ရည်မှန်းထားတယ်လို့ ဦးခင်ရွှေက ဆိုပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဇန်န၀ါရီလကုန်မှာ စတင်မှာဖြစ်ပြီး ၂၀၁၈ ခုနှစ်
နှစ်ကုန်ပိုင်းလောက်မှာ ဖွင့်လှစ်ဖို့ လျာထားပါတယ်။

ပြတိုက်ဝင်ကြေးကို ကောက်ခံသွားမှာဖြစ်ပေမဲ့ ကျောင်းသူ၊ ကျောင်းသားတွေကိုတော့ အခမဲ့
ဝင်ရောက်ခွင့်ပေးမယ့်အပြင် ကျောင်းအလိုက် ဖိတ်ခေါ်ပြီး မြန်မာ့သမိုင်းဝင် ပစ္စည်းတွေအကြောင်းကို
ရှင်းပြနိုင်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ပြတိုက်နဲ့ ပတ်သက်ပြီး ဦးခင်ရွှေရဲ့ ရည်မှန်းချက်တွေကတော့ အများကြီးပါပဲ။

ဒါပေမဲ့ အဓိကအကြောင်းရင်းကတော့ နှစ်ခုရှိပါတယ်။

"အတ္တအရပြောရရင် ကိုယ့်ကုမ္ပဏီအတွက် ဆောက်တာ။ တစ်ချိန်သေရင် ဘယ်လောက်လုပ်လုပ်
ဇေကမ္ဘာဆိုတဲ့ နာမည် ပျောက်သွားမယ်။ ပြတိုက်ထောင်တယ်ဆိုတာက ပြတိုက်ကြီး တည်ရှိသရွေ့
ဇေကမ္ဘာဆိုတာ ဆက်ပြီးတည်ရှိနေတယ်။ ပရအရပြောရင် နိုင်ငံအတွက်ဆောက်တာ။ ကိုယ့်နိုင်ငံမှာ
ဒီလိုပြတိုက်နဲ့ ရှေးဟောင်းပစ္စည်းတွေ ထိန်းသိမ်းထားတယ်ဆိုတာ ဂုဏ်ယူရမယ်"လို့ ဦးခင်ရွှေက
မကြာခင် ရုပ်လုံးပေါ်လာတော့မယ့် သူ့ပြတိုက်အတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောလိုက်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်