အမျိုးသမီးတွေရဲ့ အမြင်တွေကို ကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးတဲ့ ဆွစ်စာရေးဆရာမ

ဆွစ်ဇာလန်အမျိုးသမီး စာရေးဆရာမ Carin Salerno။ ဓာတ်ပုံ - ပေးပို့ဆွစ်ဇာလန်အမျိုးသမီး စာရေးဆရာမ Carin Salerno။ ဓာတ်ပုံ - ပေးပို့

ဆွစ်ဇာလန်သူတစ်ဦးဖြစ်တဲ့ Carin Salerno ဟာ ခရီးသွားခြင်းနဲ့ ပတ်သက်ပြီး
အတွေ့အကြုံနည်းသူတော့ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့နှစ် ၂၀ ကျော်လောက်ကတည်းက သူတည်ထောင်ထားတဲ့ NGO အလုပ်တွေနဲ့အတူ
မွေးရပ်မြေကနေ မိုင်ပေါင်းများစွာဝေးလံတဲ့ နေရာတွေကို လှည့်လည်သွားလာခဲ့တဲ့သူပါလို့
Salerno ကိုယ်တိုင်က ပြောပါတယ်။

ဒါပေမဲ့ သူ့ရဲ့သူငယ်ချင်းစုံတွဲတစ်တွဲ အီသီယိုးပီးယားနိုင်ငံကနေ အားလပ်ရက်ခရီးအပြန်မှာတော့
သူတို့ရဲ့အတွေ့အကြုံတွေကို ဝေမျှပြောကြရာကနေ သူကိုယ်တိုင် ရောက်ခဲ့တဲ့နိုင်ငံတွေမှာလည်း
တစ်စုံတစ်ရာ လစ်ဟာနေတယ်ဆိုတာကို Carin ဟာ သိမြင်နားလည်လာခဲ့ပါတယ်။

သူသိရှိခဲ့ရတဲ့ အချက်ကတော့ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍပါပဲ။

"ကျွန်မရဲ့သူငယ်ချင်းက သူခရီးသွားတုန်းက အမျိုးသားတွေချည်းပဲ တွေ့ခဲ့ရတယ်တဲ့။ သူတွေ့သမျှ၊
စကားပြောဖြစ်သမျှ တိုးဂိုက်၊ တက္ကစီဒရိုင်ဘာ၊ ဆိုင်ပိုင်ရှင်စတဲ့အကုန်လုံးက အမျိုးသားတွေချည်းပဲတဲ့။
ဟုတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံကို ခရီးသွားကြတဲ့အခါ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ၊ လက်တွေ့ဘဝ
အကြောင်းကို တွေ့နိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ခရီးသွားစာပေတွေ၊ ခရီးသွားလမ်းညွှန်တွေ
ထဲမှာလည်း အမျိုးသမီးတွေရဲ့ အကြောင်းတွေက မပါဝင်သလောက် နည်းပါးလှပါတယ်"လို့
Salerno က ပြောပါတယ်။

ကမ္ဘာတစ်ဝန်းက အမျိုးသမီးတွေ လုပ်ပိုင်ခွင့်တွေ ပိုမိုရရှိလာဖို့ အားပေးဆောင်ရွက်နေတဲ့ NGO
တစ်ခုဖြစ်တဲ့ Women in Action Worldwide က တွဲဖက်ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သူ
Salerno အနေနဲ့ အဲဒီအချိန်ကစတင်လို့ အမျိုးသမီးတွေရဲ့အသံတွေကို သူ့ရဲ့ခရီးသွားစာပေတွေထဲမှာ
ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

တစ်ဖက်ကလည်း ဆွစ်ဇာလန် သံရုံးဝန်ထမ်းတစ်ဦးအဖြစ် နိုင်ငံပေါင်းစုံလှည့်လည်ပြီး
တာဝန်ထမ်းဆောင်ခွင့်ရတာကလည်း စာအုပ်တွေရေးသားနိုင်ဖို့အတွက် အခွင့်ကောင်းတစ်ခု
ဖြစ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ အမျိုးသမီးတွေရဲ့ ဘ၀အတွေ့အကြုံတွေကို ထည့်သွင်းရေးသားထားတဲ့
ခရီးသွားမှတ်တမ်းစုစည်းမှုတစ်ခု The World of Women ကို စတင်ဆောင်ရွက်ခဲ့ပြီး ပထမဦးဆုံး
ခရီးသွားမှတ်တမ်းစာအုပ် The World of Women Tanzania ကို ထုတ်ဝေခဲ့ပါတယ်။

အဲဒီစာအုပ်ကို အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ တန်ဇန်းနီးယားမှာ နေထိုင်ခဲ့စဉ်က
ရေးသားခဲ့တာဖြစ်ပြီး သူငယ်ချင်းဖြစ်တဲ့ Elisabeth Torens နဲ့အတူ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အဲဒီစာအုပ်ဟာ ၂၀၁၅ ခုနှစ်ထဲမှာ ကျင်းပခဲ့တဲ့ Geneva Book and Press Fair မှာ
Zonta Lausanne Creation ဆုကို ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာတော့ မြန်မာနိုင်ငံမှာ နေထိုင်နေစဉ်အတွင်း ဒုတိယမြောက်
ခရီးသွားမှတ်တမ်းစာအုပ် The World of Women Myanmar ကို ထုတ်ဝေပုံနှိပ်ခဲ့ပါသေးတယ်။

အဲဒီစာအုပ်အတွက် ဓာတ်ပုံဆရာအဖြစ် သူ့ရဲ့အမျိုးသားဖြစ်သူ Giuseppe Salerno က
တာဝန်ယူပေးခဲ့ပါတယ်။

"အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကို မြန်မာအမျိုးသမီးတွေရဲ့အမြင်နဲ့ သူတို့ရဲ့
အတွေ့အကြုံ တွေကနေတစ်ဆင့် သိရှိသွားစေချင်တာပါပဲ"လို့ တတိယအကြိမ်မြောက်စာအုပ်
The World of Women Switzerland ကို လာမယ့် မတ်လထဲမှာ ထုတ်ဝေသွားဖို့ ပြင်ဆင်နေတဲ့
Salerno က ဆိုပါတယ်။

"ဒီစာအုပ်ထဲက ရဲရင့်ပြီးသတ္တိရှိတဲ့ အမျိုးသမီးတွေရဲ့အကြောင်းကို မြန်မာနိုင်ငံတင်မကဘဲ
တစ်ကမ္ဘာလုံး ကလူတွေ အကုန်လုံးဖတ်ကြည့်စေချင်တယ်။

ပြီးတော့ သူတို့တွေအနေနဲ့ တစ်ချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်မြင်တိုးတက်ပြီး ဒီမိုကရေစီဆန်တဲ့
အခွင့်အရေးတွေ ရရှိအောင် ကြိုးစားခဲ့ရတာတွေကိုကြည့်ပြီး စိတ်ကူးကောင်းတွေ၊ လုပ်ပိုင်ခွင့်တွေ
ဘယ်လိုဖန်တီးမလဲဆိုတာ သိစေချင်တယ်"လို့ The World of Women Myanmar စာအုပ်ကို
ရည်ညွှန်းလို့ Salerno က ဆိုပါတယ်။

စာအုပ်ထဲမှာ မြန်မာနိုင်ငံက လူသိများတဲ့ ခရီးသွား ဒေသငါးခုဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊
အင်းလေးနဲ့ ငွေဆောင်တို့အကြောင်းကို ထည့်သွင်းဖော်ပြထားပါတယ်။

စာအုပ်အတွက် ကွင်းဆင်းလေ့လာရေး ပြုလုပ်တဲ့အချိန်မှာ Salerno ဟာ တံငါသည်တွေ၊
အနုပညာရှင်တွေ၊ မန်နေဂျာတွေ၊ နိုင်ငံရေးသမားတွေ၊ သီလရှင်တွေ၊ စွန့်ဦးတီထွင်သူတွေ အပါအ၀င်
နယ်ပယ်အသီးသီးက နောက်ခံပုံစံမတူညီသူ အမျိုးသမီးတွေနဲ့ တိုင်းရင်းသားပေါင်းစုံက
အမျိုးသမီးတွေကို တွေ့ဆုံပြီး စူးစမ်းမေးမြန်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

"တချို့အမျိုးသမီးတွေဆိုရင် ကျွန်မနဲ့ စကားပြောဖို့ကို ရှက်ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့
ပြန်ပြောကြပါတယ်။ အဲဒီလိုအင်တာဗျူးတဲ့အခါမှာ အခက်အခဲကတော့ ဘာသာစကားပဲ။
အထူးသဖြင့် တနင်္သာရီ တိုင်းဒေသကြီးက ဆလုံ (Moken) အမျိုးသမီးတွေနဲ့ စကားပြောတဲ့အခါ
ဘာသာပြန်ဖို့ သူ့စကားကို ကျွန်မနားလည်ဖို့ အချိန်တော်တော်ယူခဲ့ရတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ
အကုန်လုံးဆီမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ အဖြစ်အပျက်တွေ ကိုယ်စီရှိနေကြတာတော့
အံ့ဩစရာပါပဲ။ ဒါကြောင့် စာဖတ်သူတွေအနေ နဲ့ အဲဒီအမျိုးသမီးတွေပြောပြတဲ့
ဘ၀အကြောင်းအရာတွေကနေတစ်ဆင့် မြန်မာနိုင်ငံအကြောင်းကို သိရှိရ မှာပါ"လို့ Salerno က
ဆိုပါတယ်။

"စာအုပ်ထဲမှာ ပါဝင်တဲ့ တချို့သောအမျိုးသမီးတွေ ကျတော့ သူတို့တွေရဲ့အကြောင်းကို ကျွန်မအနေနဲ့
လူတွေသိအောင် လုပ်ပေးဖို့ မလိုအပ်လောက်အောင် ကို လူသိထင်ရှားကြပြီးသားပါ။ ဒါပေမဲ့
သူတို့တွေအပြင် တခြားလူမသိတဲ့ အမျိုးသမီးတွေရဲ့အသံတွေကို သိစေချင်ပါတယ်။
ဒါက ကျွန်မအတွက် အရေးပါပါတယ်။ သူတို့တွေနဲ့ စကားပြောရတဲ့အတွက် ကျွန်မအတွက်လည်း
အများကြီးဗဟုသုတရသလို ဒါကလည်း ဒီစာအုပ်ရဲ့အသက်ပါပဲ"လို့ Salerno က ပြောပါတယ်။

မြန်မာနိုင်ငံက ဆွစ်ဇာလန်သံရုံးမှာ International Cooperator တာဝန်နဲ့ လေးနှစ်ကြာလောက်
နေထိုင်ပြီးတဲ့အခါမှာတော့ Salerno ဟာ ကမ္ဘောဒီးယားကို နောက်ထပ်လေးနှစ်တာ
နေထိုင်ဖို့အတွက် ဒီနှစ် ဇန်န၀ါရီလ အစောပိုင်းကာလအတွင်းမှာပဲ ပြောင်းရွှေ့သွားခဲ့ပါပြီ။

ဒါပေမဲ့ အမျိုးသမီးတွေတင်မကဘဲ အမျိုးသားတွေပါ ဖတ်ရှုသင့်တယ်လို့ဆိုတဲ့ The World of
Women Myanmar ခရီးသွားမှတ်တမ်းစာအုပ်ဖြစ်လာဖို့ မြန်မာအမျိုးသမီးတွေအတွက်
လက်ဆောင်အဖြစ် အားထုတ်ကြိုးပမ်းပေးခဲ့ပါတယ်။

"အမျိုးသားတွေ အလုပ်ထွက်လုပ်ပြီး အမျိုးသမီးတွေက အိမ်ထောင်မှုကိစ္စအ၀၀ကို လုပ်ရမယ်ဆိုတဲ့
ခေတ်က ကုန်သွားပါပြီ။ အခုအချိန်က အိမ်ထောင်မှု ကိစ္စတွေနဲ့ မိသားစု၊ အလုပ်အကိုင်ကိစ္စ
အားလုံးကို အတူတကွ ဝေမျှပြီး လုပ်ဆောင်ရမှာပါ။ ကျွန်မတို့ မိခင်တွေအနေနဲ့လည်း ကိုယ့်ရဲ့
သားလေးတွေကို နောင်တစ်ချိန် အရွယ်ရောက်တဲ့အခါ အမျိုးသမီးတွေ၊ ဇနီး၊ အစ်မ၊ ညီမနဲ့
အဘွားတွေကို စာနာလေးစား နားလည်ပေးနိုင်တဲ့ အဖိုးတန်ပညာတတ်အမျိုးသားတစ်ဦးဖြစ်အောင်
ငယ်ငယ်ကတည်းက သွန်သင်သင့်ပါတယ်။ ငယ်ငယ်ကတည်းက အိမ်ကိစ္စတွေကို သူတို့ ရဲ့အစ်မ၊
ညီမတွေနဲ့အတူ ခွဲဝေလုပ်ကိုင်ခိုင်းပါ။ ဒါက အရမ်းအရေးကြီးပါတယ်"လို့ Salerno က ဆိုပါတယ်။

The World of Women Myanmar ခရီးသွားမှတ် တမ်းစာအုပ်ကို ထိုင်းနိုင်ငံမှာ ပုံနှိပ်ခဲ့တာဖြစ်ပြီး
ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ အင်းလေး စတဲ့နေရာတွေက စာအုပ်ဆိုင်တွေမှာ ကန်ဒေါ်လာ ၃၀ နဲ့
ဝယ်ယူရရှိ နိုင်ပါတယ်။

[email protected] အီးမေးလ်လိပ်စာကို စာပို့ပြီးတော့လည်း
ဆက်သွယ် မှာယူနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်