ကမ္ဘာ့အသက်အကြီးဆုံး ယောဂဆရာမ

ယောဂကျင့်နေတဲ့ ထောင်လ်။ ဓာတ်ပုံ - အေအက်ဖ်ပီယောဂကျင့်နေတဲ့ ထောင်လ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ထောင်လ်ပေါချွန်လင့်ခ်ျ ဟာ အသက် ၉၈ နှစ်အရွယ် ရှိနေပေမဲ့လည်း ဒီနေ့အချိန်အထိ
သီတင်းပတ်တစ်ပတ်မှာ ယောဂကျင့်စဉ်သင်တန်းကို ငါးကြိမ်တိတိ သင်ကြားပေးနေဆဲဖြစ်ပါတယ်။

အဲဒီအတွက် ကြံ့ခိုင်ရေးနဲ့ အသက်ရှည်ရှည် နေနိုင်ရေးဆိုပြီး ခေတ်စားလာနေတဲ့ ကမ္ဘာကြီးမှာ
ထောင်လ်ဟာ ကျန်းမာရေးနဲ့ စိတ်ခွန်အားတို့အတွက် ကိုယ်စားပြုပေးတဲ့ ကြော်ငြာမယ်တစ်ဦးပမာ
ဖြစ်လာခဲ့ပါတယ်။

အရင်တုန်းက မော်ဒယ်နဲ့ ဟောလိဝုဒ်က မင်းသမီး (ကုမ္ပဏီတစ်ခုတည်းနဲ့ စာချုပ်ချုပ်ပြီး
အလုပ်လုပ်လေ့ရှိတဲ့ ခေတ်မှာ)ဖြစ်ခဲ့ဖူးတဲ့ ထောင်လ် (Tao Porchon Lynch) ဟာ
ကမ္ဘာ့အသက်အကြီးဆုံး ယောဂဆရာမအဖြစ် ဂင်းနစ်စံချိန်တင်ထားပြီး ဒီနေ့အချိန်အထိလည်း
ပျော့ပျောင်းသွယ်လျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

အိန္ဒိယမှာ ကြီးပြင်းခဲ့ကာ နယူးယော့ခ်ဆင်ခြေဖုံးမှာ နေထိုင်ပြီး ကမ္ဘာတစ်လွှားရှိ ယောဂရိပ်သာတွေကို
လှည့်လည်သွားလာနေတဲ့သူ့ကို လူအများက 'ထောင်လ်' လို့ ခေါ်ကြပါတယ်။

ဖက်ရှင်ကျကျနဲ့ စတိုင်ကြော့ကြော့ နေတတ်တဲ့ ထောင်လ်ဟာ သူနေထိုင်ရာ Westchester ရှိ
Hartsdale အရပ်ကနေ သင်တန်းခန်းမကို မာစီးဒီး Smart ကားကို ကိုယ်တိုင်မောင်းနှင်ပြီး
သွားလေ့ရှိပါတယ်။

သင်တန်းခန်းမကို ရောက်ပြီဆိုတာနဲ့ ထောင်လ်ဟာ ယောဂပုံစံမျိုးစုံကို ပျော်ရွှင်တက်ကြွစွာနဲ့
သရုပ်ပြသပါတော့တယ်။

တစ်ခါတစ်ရံမှာ သင်တန်းသားတစ်ဦးဦးကို သရုပ်ပြသပေးဖို့ စေခိုင်းတတ်တာတောင်မှ သူကလည်း
ပါဝင်လေ့ကျင့်နေသေးတာပါ။

သို့ပေမဲ့လည်း ထောင်လ်အတွက် ယောဂကျင့်စဉ် သင်ကြားတာထက် ပိုတဲ့အချက်ကတော့
ရာစုနှစ်တစ်ခုနီးပါးမျှ အသက်ရှည်စေခဲ့တဲ့ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ကြာမြင့်စွာ ကိန်းအောင်းနေတဲ့
'အသက်ရှင်သန်လိုတဲ့ ပြင်းပြတဲ့ ဆန္ဒ'ကို လူအများအတွက် ပြန်လည်ဝေမျှသင်ကြားပေးတာလို့လည်း
ဆိုနိုင်ပါတယ်။

ဂန္ဓီနဲ့ ဂျာမန်ရုပ်ရှင်မင်းသမီး၊ အဆိုတော် Marlene Dietrich တို့လိုမျိုး ထင်ရှားကျော်ကြားသူတွေနဲ့
တွေ့ဆုံဖူးခဲ့တယ်ဆိုတဲ့ အချက်ကလည်း ထောင်လ်နဲ့ ပတ်သက်ပြီး ထူးခြားချက်ပဲ ဖြစ်ပါတယ်။

"ဘာမှမကြောက်နဲ့။ မင်းမလုပ်နိုင်ဘူးဆိုတဲ့ စကားကို သူများတွေကို ပြောခွင့်မပေးနဲ့" လို့ သူက
သင်တန်းသားတွေကို လှမ်းပြောလိုက်ပါတယ်။

မောပန်းနွမ်းနယ်မှုကြောင့် အလျှော့ပေး၊ လက်မလျှော့လိုက်ဖို့ကိုလည်း "အသက်ရှူပါ။
မိမိခန္ဓာကိုယ်ထဲက ဘ၀ခွန်အားကို ခံစားကြည့်ပါ" လို့လည်း သူက တပည့်တွေကို
သတိပေးနေပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့သင်တန်းမှာ အသက်ကြီးငယ်အရွယ်စုံဟာ
ယောဂလေ့ကျင့်ခန်းကို စွဲမြဲနှစ်သက်စွာနဲ့ လာရောက်လေ့ကျင့်မှု ပြုလုပ်လာကြပါတယ်။

ထောင်လ်ရဲ့ ယောဂသင်တန်းမှာ တက်ရောက်နေခဲ့တာ ရှစ်နှစ်ကြာပြီဖြစ်တဲ့ အသက် ၅၂ နှစ်အရွယ်
Julie Ann Ulbrich က "ဘယ်တုန်းကမှ ကိုယ်လုပ်နိုင်မယ်လို့ ထင်မထားတဲ့ အရာတွေကို ကျွန်မ
အခု လုပ်နိုင်နေပါပြီ"လို့ ပြောပါတယ်။

"ထောင်လ်က အသက် ၉၈ နှစ် ရှိနေတာတောင် ကိုယ့်ဘာသာကားမောင်းတယ်၊ ကိုယ့်ကိုယ်ကိုယ်
အားကိုးပြီး နေနိုင်တယ်။ ယောဂကျင့်စဉ်တွေကိုလည်း ကျင့်နိုင်တယ်။ သူ့ကိုကြည့်ပြီး ကျွန်မမှာ
မျှော်လင့်ချက်တွေ တောက်ပလာတယ်"လို့လည်း သူက ဆိုပါတယ်။

ရှိရမယ့် ခွန်အား

အိုမင်းရင့်ရော်ခြင်းကို ကာကွယ်တွန်းလှန်ဖို့ အသည်း အသန်ကြိုးစားနေကြတဲ့ အနောက်နိုင်ငံ
အသိုင်းအ၀ိုင်းမှာတော့ အသက်ရှည်ခြင်းနဲ့ လက်တွေ့ကျတဲ့ စိတ်ရွှင်လန်းခြင်းတို့ ပေါင်းစပ်ထားတဲ့
ထောင်လ်ပေါချွန်လင့်ခ်ျရဲ့ ကျန်းမာရေး ယောဂကျင့်စဉ်က သူ့ကို ထင်ပေါ်ကျော်ကြား သူဖြစ်စေခဲ့သလို
အွန်လိုင်းပေါ်မှာလည်း စိတ်အားထက်သန်စွာ အမြဲစောင့်ကြည့်အားပေးနေကြတဲ့
ပရိသတ်တွေကိုလည်း အများအပြား ရရှိစေပါတယ်။

ထောင်လ်ဟာ Athleta တံဆိပ်နဲ့ အမျိုးသမီးယောဂ ၀တ်စုံတွေနဲ့ အားကစားဝတ်စုံတွေ ထုတ်လုပ်တဲ့
နာမည်ကြီး Gap ကုမ္ပဏီကနေ ထောက်ပံ့စရိတ် ရရှိထားတဲ့ အားကစားသမားတစ်ဦးဖြစ်ကာ
Athleta ရဲ့ နောက်ဆုံးထွက် မဂ္ဂဇင်းမျက်နှာဖုံးမှာလည်း ထောင်လ်ရဲ့ပုံကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ယောဂသင်တန်းပေးနေတဲ့ ထောင်လ်ကို တွေ့ရစဉ်။ ယောဂသင်တန်းပေးနေတဲ့ ထောင်လ်ကို တွေ့ရစဉ်။

"သဘာဝတရားကို ယုံတယ်။ အသက်ရှူခြင်းကို ယုံတယ်။ အပြင်လောကကြီးထဲမှာရှိနေတဲ့
တစ်စုံတစ်ရာ (သို့) တစ်စုံတစ်ဦးကို ကျွန်မ မျှော်ကိုးပြီး ဆုမတောင်းချင်ဘူး။ ကျွန်မ ခန္ဓာကိုယ်ထဲမှာ
ရှိတဲ့ တစ်စုံတစ်ခုကိုသာ ကျွန်မ မျှော်ကိုးပြီး ဆုတောင်းလိုပါတယ်"လို့ ထောင်လ်က ရှင်းပြပါတယ်။

"သစ်ပင်တွေကို ကြည့်လိုက်၊ သက်တမ်းက နှစ်ပေါင်း ရာနဲ့ချီနေပြီ။ အခုအချိန်မှာ ဘာအရွက်မှ
မရှိတော့ဘူး။ အကိုင်းအခက် အရိုးတွေချည်းပဲနဲ့ အသက်မရှိတော့တဲ့ ပုံပဲ။ ဒါပေမဲ့ သူတို့
မသေသေးဘူး။ သူတို့ဟာ သူတို့ကိုယ် သူတို့ အဟောင်းတွေကနေ အသစ်တွေ
ပြန်လည်ဖန်တီးနေကြတယ်"လို့ ဆောင်းရာသီရှုခင်းကို မေးတစ်ချက် ဆတ်လို့ ကြည့်ရင်း
ပြောလိုက်ပါတယ်။

ပြီးတဲ့အခါ "အဲဒီ သစ်ပင်တွေဟာ အိုမင်းမလာကြဘူး။ သူတို့ဟာ ပိုပြီးခွန်အားတွေ
ရှိလာနေကြတယ်"လို့ လည်း ဆက်ပြောလိုက်ပါတယ်။

သို့ပေမဲ့လည်း သူ့ရဲ့ဘ၀အစပိုင်းမှာတော့ ကောင်းကောင်းမွန်မွန် မွေးဖွားကြီးပြင်းလာခဲ့ရတာတော့
မဟုတ်ပါဘူး။ ပထမကမ္ဘာစစ်အပြီး ၁၉၁၈ ခုနှစ်၊ ဩဂုတ် ၁၃ ရက် မှာ သူ့ကိုမွေးဖွားခဲ့ပြီး
သူ့အသက် ခုနစ်လအရွယ်မှာပဲ မိခင်ဖြစ်သူ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီနောက် သူ့ကိုမွေးစားဖို့အတွက်
အိန္ဒိယရှိ ပြင်သစ်ကိုလိုနီအရပ်မှာ နေထိုင်တဲ့ ဦးလေးနဲ့ အဒေါ်လက်ထဲကို ဖခင်ဖြစ်သူက
ပေးလိုက်ပါတယ်။

ဦးလေးနဲ့ အဒေါ်လက်ထဲမှာ ကြီးပြင်းခဲ့ရတဲ့ ထောင်လ် ဟာ သက်သတ်လွတ်စားသူတစ်ဦး
ဖြစ်လာပါတယ်။

ပြင်သစ်စကားနဲ့ ဟင်ဒီစကားဟာ သူ့ရဲ့မိခင်ဘာသာစကားတွေပဲ ဖြစ်ပါတယ်။

အလွန်ငယ်ရွယ်စဉ်အချိန်ကပင် ရထားစီမံကိန်းတွေ ရေးဆွဲရတဲ့ ဦးလေးဖြစ်သူနဲ့ လိုက်ပါရင်း
နိုင်ငံအများအပြားကို ရောက်ဖူးခဲ့ရပါတယ်။

အသက် ၁၂ နှစ်အရွယ်မှာ သူ့ရဲ့မိသားစုအိမ်ကို လာလည်တဲ့ ဂန္ဓီနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

"မျက်မှန်တပ်ပြီး ကြမ်းပြင်ပေါ်ထိုင်နေတဲ့ ရယ်စရာကောင်းတဲ့ သေးသေးကွေးကွေး လူတစ်ယောက်ကို
အားလုံးက ၀ိုင်းပြီး ဂါရ၀ပြုနေကြတယ်"လို့ သူမှတ်မိသမျှကို ပြန်ပြောပြပါတယ်။

နောက်သုံးပတ်အကြာမှာတော့ ဂန္ဓီရဲ့ အကြမ်းမဖက်ဆန္ဒပြပွဲမှာ ပါဝင်ဖို့ ဦးလေးဖြစ်သူက သူ့ကို
ခွင့်ပြုခဲ့ပါတယ်။

ခေတ်သစ်အိန္ဒိယနိုင်ငံရဲ့ ဖခင်ဖြစ်သူ ဂန္ဓီနဲ့ သူ့ရဲ့ ဦးလေးတို့ထံကနေ ထောင်လ်
လေ့လာသင်ယူခဲ့ရတာကတော့ "ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အထင်အမြင်သေးစိတ်နဲ့
မဆက်ဆံဖို့"နဲ့ "စည်းလုံးညီညွတ်မှုရဲ့ အရေးကြီးပုံကို သိရှိဖို့ပဲ"လို့ ပြောပြပါတယ်။

ဒုတိယကမ္ဘာစစ် စတင်တဲ့အခါ ပြင်သစ်စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ ဆင့်ခေါ်ခံရတဲ့ဖခင်ကို
ရှာဖွေဖို့အတွက် ဥရောပဆီ ထောင်လ် ထွက်ခွာလာခဲ့ပါတယ်။

Rhone မြို့တွင် အဒေါ်တစ်ဦးနဲ့ အတူနေထိုင်ရင်း သူအလွန်နှစ်ခြိုက်တဲ့ အရာတွေထဲက တစ်ခုဖြစ်တဲ့
ဝိုင်ယမကာလောကနဲ့ မိတ်ဆက်ခွင့် ရရှိခဲ့သလို ပြင်သစ်တော်လှန်ရေးနဲ့လည်း တွေ့ကြုံခဲ့ရပါတယ်။

မိတ်ဆွေ ရဲဘော်ရဲဘက်တစ်ဦးကို ဂျာမန်တွေ ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်
အမေရိကန်တပ်ဖွဲ့တွေအတွက် အိန္ဒိယအကနဲ့ ဖျော်ဖြေတင်ဆက်သူဖြစ်လာစေမယ့် လန်ဒန်မြို့ကို
ခရီးထွက်ခဲ့ပါတော့တယ်။

အဲဒီမှာပဲ မင်းသမီး Dietrich နဲ့ တွေ့ဆုံခဲ့ပြီး အလွန်ခင်မင်ရင်းနှီးခဲ့ကြတယ်လို့ ထောင်လ်က
ပြန်ပြောင်းပြောပြပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးမှာတော့ ပြင်သစ်နိုင်ငံကို ပြန်လာကာ Lanvin ကုမ္ပဏီအတွက်
အလှမယ်မော်ဒယ်အဖြစ် အလုပ်လုပ်ကိုင်ပေးခဲ့ပါတယ်။

အဲဒီနောက် ၁၉၄၈ ခုနှစ်မှာ အမေရိကန်နိုင်ငံကို ပထမဦးဆုံးအကြိမ်အဖြစ် ခရီးထွက်ခဲ့ပါတော့တယ်။

နောက်တစ်နှစ်အကြာမှာတော့ ထောင်လ်ဟာ အမေရိကန်ဆီ အပြီးအပိုင်ထွက်ခွာလာခဲ့ပြီး
ဟောလိဝုဒ်ရှိ MGM ကုမ္ပဏီအတွက် ကန်ထရိုက်စာချုပ်နဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပါတယ်။

ကလေးဘ၀ကတည်းကပင် လူကြီးသူမတွေက မိန်းကလေးတွေအတွက် မသင့်တော်ဘူးရယ်လို့
ပြောကြားခံခဲ့ရပေမဲ့လည်း ယောဂကျင့်စဉ်ကို သူ့တစ်သက်တာလုံး လေ့ကျင့်လာခဲ့တဲ့ ထောင်လ်ဟာ
ကယ်လီဖိုးနီးယားမှာ ယောဂသင်တန်း ဆရာမ ဖြစ်လာခဲ့ပြန်ပါတယ်။

ဟောလိဝုဒ်ရှိ အိန္ဒိယလူမျိုး အသိအကျွမ်းတစ်ယောက်က သူ့ကို သင်တန်း နည်းပြဆရာမ
လုပ်ဖို့အတွက် တိုက်တွန်းရာကနေ တခြားသူတွေပါ သင်ကြားပေးဖို့ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ပထမဦးဆုံး တပည့်တွေက ရုပ်ရှင်မင်းသမီးတွေ ဖြစ်ကြတဲ့ Debbie Reynolds နဲ့ Kathryn
Grayson တို့ပဲ ဖြစ်ကြပါတယ်။

အဲဒီနောက် ယောဂပညာကို ပိုမိုနက်နက်ရှိုင်းရှိုင်း သိရှိနိုင်ဖို့အတွက် အိန္ဒိယကို ပြန်လည်
သွားရောက်ပြီး နာမည်ကြီးယောဂဆရာ Krishna Pattabhi Jois ထံမှာ သင်ယူခဲ့ပါတယ်။

အာမခံအကျိုးဆောင် ဘီလင့်ခ်ျနှင့် အိမ်ထောင်ကျခဲ့ပြီး အိမ်ထောင်သက် နှစ် ၂၀ အကြာ
၁၉၈၂ ခုနှစ်မှာ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခဲ့တယ်။

သူတို့မှာ သားသမီး မထွန်းကားခဲ့သလို ဆွေမျိုးရင်းချာတွေလည်း မရှိပါဘူး။

"ကျွန်မ တပည့်တွေက ကျွန်မ ကလေးတွေပါပဲ"လို့ ထောင်လ်က ပြောပါတယ်။

သူ့ရဲ့မွေးနေ့ပွဲတွေကို တပည့်တွေနဲ့သာ ကျင်းပလေ့ရှိပါတယ်။

ထောင်လ်ဟာ ယောဂက သူ့ရဲ့စိတ်နှလုံးကို နုပျိုစေဖို့ မလုံလောက်ဘူးလို့ ယူဆတဲ့အခါ
ကပွဲခန်းမတွေကို သွားရောက်ပြီး သူ့ထက် အသက် ၇၀ လောက်ငယ်တဲ့သူတွေနဲ့ တွဲဖက်ကလေ့
ရှိသူလည်း ဖြစ်ပါတယ်။

ဇော်ညွန့် ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်