အိမ်ထဲမှာ အပင်လေးတွေ စိုက်ကြမယ်

စိမ်းစိမ်းစိုစိုနဲ့ လှတဲ့ Ivy ပင်များ။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)စိမ်းစိမ်းစိုစိုနဲ့ လှတဲ့ Ivy ပင်များ။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)

ဒီတစ်ပတ်တော့ Ivy ပင်လေးတွေအကြောင်းကို ဖော်ပြပေးသွားမှာပါ။ သူက တွဲလောင်းကျနေတတ်တဲ့
နွယ်ပင်တစ်မျိုးဖြစ်ပြီး အိမ်တွင်းအလှဆင် အပင်အနေနဲ့ စိုက်ပျိုးကြပေမဲ့ အရိပ်တကြည့်ကြည့်နဲ့
ဂရုတစိုက်ယုယပြီး စိုက်ပျိုးရတဲ့ အပင်မျိုးပါ။

Ivy အမျိုးအစားပေါင်းများစွာရှိပြီး မျိုးစိတ်ခွဲတွေလည်း အများကြီးရှိတဲ့အတွက် အရွက်ပုံစံမျိုးစုံနဲ့
အရောင်မျိုးစုံ ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ တရုတ်ဘက်က၀င်တဲ့ အစိမ်းမှာ အဖြူအနားကွပ်လေးတွေဖြစ်တဲ့ Ivy ပင်တွေကိုပဲ
အစိုက်များပါတယ်။

Ivy အပင်လေးတွေကို တစ်ပင်တည်းစိုက်တာထက် ခပ်များများနဲ့ တွဲလောင်းလေးတွေ
အများကြီးကျနေတဲ့ ပုံစံမျိုးစိုက်တာက အိမ်ထဲမှာ စိမ်းစိမ်းစိုစိုနဲ့ ပိုပြီးလှပစေပါတယ်။

အပင်စိမ်းစိမ်းလေးတွေ အိမ်ထဲမှာ များများရှိတဲ့အတွက် အိမ်ထဲမှာရှိတဲ့ လေထုကိုလည်း
ပိုပြီးသန့်စင်စေပါတယ်။

အပင်အသက်ရှင်ဖို့ အရေးအကြီးဆုံး လိုအပ်ချက်ကတော့ နေအလင်းရောင်ပါပဲ။

အလင်းရောင်ကို တော်တော်လေးကြိုက်တဲ့ အမျိုးအစားမို့ အလင်းရောင်အောက်မှာထားဖို့
အဓိကလိုအပ်ပါတယ်။

ဒီတော့ အိမ်ထဲမှာ မဟုတ်ဘဲ ခြံထဲမှာ စိုက်မယ်ဆိုရင်လည်း ပိုတောင်ကောင်းပါသေးတယ်။

အိမ်ထဲမှာ စိုက်လို့ကတော့ အလင်းရောင်ရတဲ့ နေရာမှာ မထားဘူးဆိုရင် သူ့အတွက်
အစာချက်လုပ်ဖို့ ခက်ခဲပြီး တဖြည်းဖြည်းကြာလာတဲ့အခါမှာ ဖျော့တော့ပြီး သေသွားနိုင်ပါတယ်။

ပြီးတော့ အနည်းငယ်ခြောက်သွေ့တဲ့ မြေမျိုးကို နှစ်သက်တဲ့အတွက် ရေအများကြီး မလောင်းရပါဘူး။

ရေမလောင်းခင်မှာ အပင်စိုက်ထားတဲ့ မြေကြီးရဲ့အစိုဓာတ်ကို သတိထားပြီး ဂရုစိုက်ဖို့လိုပါတယ်။

မြေကြီးမှာ အစိုဓာတ်ရှိနေသေးတယ်ဆိုရင် ရေတွေ အများကြီးမလောင်းပါနဲ့။

အစိုဓာတ်မရှိတော့ဘူးဆိုမှ ရေလောင်းသင့်ပါတယ်။

မြေကြီးမှာ အစိုဓာတ်တွေ အရမ်း များနေတာမျိုးကို Ivy ပင်လေးတွေက သဘောမကျပါဘူး။

ဓာတ်မြေဩဇာကိုလည်း ပုံမှန်ထည့်ပေးဖို့ လိုအပ်ပြီး နိုက်ထရိုဂျင်များများ ပါဝင်တာမျိုးကို
သဘောကျပါတယ်။

ဓာတ်မြေဩဇာ ပုံမှန်ထည့်ပေးမှ အပင်လေးက ပိုပြီးစိမ်းစိမ်းစိုစိုနဲ့ လှပနေမှာပါ။

နွေရာသီလို အပူချိန်များတဲ့ကာလမှာ ဓာတ်မြေဩဇာကို တစ်လတစ်ခါလောက် ထည့်ပေးဖို့လိုအပ်ပြီး
ဆောင်းရာသီမှာတော့ ဓာတ်မြေဩဇာ သိပ်ထည့်စရာ မလိုအပ်ပါဘူး။

နောက်ထပ် သတိထားရမယ့် တစ်ချက်ကလည်း Ivy ပင်လေးတွေကို စိုက်မယ်ဆိုရင်
အရွက်တွေပေါ်မှာ ဖုန်တက်နေတာမျိုး ပိုးမွှားလေးတွေလည်း ကပ်ငြိနေတာမျိုး မဖြစ်အောင် ဂရုစိုက်ပြီး
သန့်စင်ပေးဖို့နဲ့ ပိုးမွှားတွေရန်ကို ကာကွယ်နိုင်အောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

ခုခေတ်ကာလ မြန်မာပြည်မှာ အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာ ကားတွေ
အရမ်းများပြီး လေထုညစ်ညမ်းမှုတွေလည်း တစ်စတစ်စနဲ့ ဆိုးရွားလာတာမို့ သစ်ပင်တွေလည်း
လျော့နည်းလာပါတယ်။

လိုအပ်ချက်အရ တိုက်ခန်းတွေ တဖြည်းဖြည်း များလာသလို တိုက်ခန်းနေလူတန်းစားကလည်း
အများစုဖြစ်တဲ့အတွက် သန့်စင်တဲ့ လေထုကို ရှူရှိုက်ခွင့်ရဖို့ တော်တော်လေး အခွင့်အရေး
နည်းပါးလာပါတယ်။

တကယ်လို့ ကိုယ့်အိမ်ထဲမှာ အိမ်တွင်းအလှဆင် အပင်လေးတွေ များများစိုက်ထားမယ်ဆိုရင်တော့
အနည်းဆုံး အိမ်ထဲမှာရှိနေတဲ့ လေထုကိုတော့ သန့်စင်ပေးနိုင်ပါတယ်။

Ivy ပင်လေးတွေကို စိုက်ပျိုးချင်တယ်ဆိုရင်တော့ ကန်တော်ကြီး မြေပဒေသာကျွန်းထဲက
အန်တီကြီးဒေါ်အေးသွယ်နှင့် သားများဆိုင်မှာ သွားရောက်ဝယ်ယူလို့ရပါတယ်။

အပင်ရဲ့ အရွယ်အစားပေါ် မူတည်ပြီး ဈေးတွေကလည်း အမျိုးမျိုးပဲဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်