စွယ်စုံရ အနုပညာရှင် ဦးဝင်းဖေ ပြောတဲ့ အနုပညာဆိုတာ

ရန်ကုန်ပြခန်းမှာ ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၁ ရက်အထိ ကျင်းပခဲ့တဲ့ '၀င်းဖေ၏ အတ္တနောမတိများ' ပြပွဲမှာ ချိတ်ဆွဲပြသခဲ့တဲ့ ဆရာဝင်းဖေရဲ့ လက်ရာပန်းချီကားတစ်ကား ဖြစ်ပါတယ်။ သီရိလူ/မြန်မာတိုင်း(မ်)ရန်ကုန်ပြခန်းမှာ ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၁ ရက်အထိ ကျင်းပခဲ့တဲ့ '၀င်းဖေ၏ အတ္တနောမတိများ' ပြပွဲမှာ ချိတ်ဆွဲပြသခဲ့တဲ့ ဆရာဝင်းဖေရဲ့ လက်ရာပန်းချီကားတစ်ကား ဖြစ်ပါတယ်။ သီရိလူ/မြန်မာတိုင်း(မ်)

"ပန်းချီရေးတယ်၊ ပန်းချီအကြောင်းတွေ တွေးတယ်၊ ပန်းချီအကြောင်းတွေ ဖတ်တယ်၊ ပန်းချီအကြောင်း
တွေလည်း ငြင်းခုံတယ်၊ တစ်ခါတလေကျရင် ထရိုက်ရမတတ်အထိ ငြင်းခုံတယ်"ဆိုတဲ့ အနုပညာနဲ့
ပတ်သက်ရင် အင်မတန်မှ ပွင့်လင်းပြတ်သားလှတဲ့ ကာတွန်းဆရာ၊ ဒါရိုက်တာ၊ အယ်ဒီတာ၊
ရေဒီယိုအယ်ဒီတာ၊ ပန်းချီဆရာကြီး ဦးဝင်းဖေဆီကို သူ့ရဲ့တစ်ကိုယ်တော်ပြပွဲတစ်ခုကို အကြောင်းပြုလို့
ရောက်သွားခဲ့ပါတယ်။

အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီးဦးဝင်းဖေ ဟာ ကျန်းမာရေးသိပ်အကောင်းကြီး မဟုတ်လှပေမဲ့
သူမြတ်နိုးတဲ့ပန်းချီကို ရေးဆွဲဖန်တီးဖို့ ခွန်အားတွေ ရှိနေသေးသလို သူ့အနုပညာအတွေ့အကြုံနဲ့
အယူအဆတွေကိုလည်း အေးအေးဆေးဆေးနဲ့ တိကျပြတ်သားစွာ ပြောနေနိုင်ပါသေးတယ်။

"အနုပညာဆိုတာ နုနယ်တဲ့ပညာလို့ ထင်ကြတယ်။ အနုပညာဆိုတာ နူးညံ့တယ်ဆိုတဲ့
စာလုံးကလာတာ မဟုတ်ဘူး။ နူးညံ့တဲ့ကိစ္စတွေလုပ်တဲ့အတွက် အနုပညာလို့ မှားယွင်းပြီး
တွေးတာတွေ အရမ်းများတယ်။ အနုပညာဆိုတာ 'အနုသရကိလေသာ' ဆိုတဲ့ သဘော ပါဠိကနေ
လာတယ်။ သိမ်မွေ့တဲ့၊ တပ်မက်တဲ့သဘောတရားရှိတယ်။ အမှန်တော့ အနုပညာဆိုတာ ကတာ၊
ဆိုတာ၊ တီးမှုတ်တာဖြစ်ဖြစ်၊ သရုပ်ဆောင်တာဖြစ်ဖြစ်၊ ပန်းချီရေးတာဖြစ်ဖြစ်၊ ပန်းပုထုတာဖြစ်ဖြစ်
အားလုံးက အနုသရကိလေသာက လာတာပဲ။ အနုပညာမှာ ဖန်တီးသူတစ်ယောက်ချင်းစီရဲ့
ပုဂ္ဂလိကအယူအဆနဲ့ တပ်မက်တဲ့ လောဘ အနုသရကိလေသာတွေ ပါတယ်။ ဒါကြောင့်
အနုပညာတဲ့။ ဒါလေးလည်း သိစေချင်ပါတယ်"လို့ အစချီကာ အနုပညာဆိုတာ ဘယ်က
ဆင်းသက်လာတယ်ဆိုတာ နားလည်မှုမလွဲအောင် ပြောပြသလို အများအားဖြင့် အနုပညာဆိုတာ
နူးညံ့သိမ်မွေ့မှုကလာတယ်လို့ ထင်မြင်ယူဆနေမှုနဲ့ လွဲမှားမှုတချို့ကိုလည်း ရှင်းပြပါတယ်။

"အနုပညာဆိုရင် လူတွေက နုတဲ့၊ သိမ်မွေတဲ့ ကိစ္စတွေနဲ့ ပတ်သက်တဲ့ ပညာလို့ ထင်တာဟာ
လွဲမှားနေပြီး လွဲမှားမှုရဲ့ နောက်ဆက်တွဲအနေနဲ့ လူတွေရဲ့ စိတ်ကူးစိတ်သန်းတွေ၊ အားထုတ်မှုတွေ၊
အဓိပ္ပာယ် နားလည်မှုတွေ လွဲကုန်တယ်။ အနုပညာသည်ဆိုပြီးတော့ မင်းဟာ ကြမ်းလိုက်တာကွာ
ဆိုပြီးဖြစ်ကုန်တယ်။ အဲဒီတော့ လူကြမ်းလုပ်တဲ့ လူတွေက အနုပညာနဲ့ မဆိုင်တဲ့သူတွေ
ဖြစ်ကုန်တယ်။ သူတို့လည်း အနုပညာသည်ပဲ။ ရိုင်းစိုင်းတဲ့ လူတစ်ယောက်ဖြစ်လေဟန် လုပ်ပြရတာ။
အနုပညာမှာ အဲဒီအတိုင်း အများကြီးပဲ။ အနုပညာဆိုတာ တစ်ခါတလေ လူသတ်နေသလိုပဲတဲ့။
များသောအားဖြင့်တော့ နုနယ်တာတွေ များပါတယ်"လို့လည်း ဆိုပါတယ်။

အနုပညာနဲ့ ပတ်သက်ရင် ၀ါသနာကြီးလှတဲ့ ဆရာ့ရဲ့အဖေက အဆို၊ အတီး၊ ပန်းချီစတဲ့ အနုပညာ
အလုပ်တွေကို ဆရာကြီးတို့ မောင်နှမ အားလုံးကို သုံး၊ လေးတန်းရောက်တဲ့အထိ ၀ါသနာပါပါ မပါပါ
သင်ယူလေ့လာစေခဲ့ပါတယ်တဲ့။

ဆရာကြီးကတော့ မောင်နှမတွေထဲကမှ အနုပညာကို ၀ါသနာပါလှ သူမို့ အခုလို စွယ်စုံရ
အနုပညာရှင်ကြီး ဦးဝင်းဖေရယ် လို့ ဖြစ်လာခဲ့တာပါ။

အနုပညာဖန်တီးမှုတွေကို မျိုးစုံပြုလုပ်ခဲ့ပေမဲ့ အသက်အရွယ်ရလာတာနဲ့အမျှ ဆရာ ဦးဝင်းဖေဟာ
ပန်းချီရေးဆွဲရတာကို ပိုလို့ဈာန်ဝင်စား လာပုံရပါတယ်။

အခုလတ်တလော ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၁ ရက်အထိ ရန်ကုန်ပြခန်းမှာ ပြသသွားတဲ့
'၀င်းဖေ၏ အတ္တနောမတိများ'လို့ အမည်ပေးထားတဲ့ ပြပွဲမှာတော့ လေးပေပတ်လည်
Abstract ကားပေါင်း ၂၅ ကားကို ပြသခဲ့ပြီး ကားအားလုံးဟာ 'အတ္တနောမတိများ'ဆိုတဲ့
ပါဠိစကားအနက်အဓိပ္ပာယ်အတိုင်း ဆရာကြီးရဲ့ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်
အယူအဆတွေနဲ့ သူ့အကြိုက်တွေအတိုင်းသာ ဖန်တီးရေးဆွဲထားတဲ့ကားတွေကို ပြသခဲ့တာ
ဖြစ်ပါတယ်။

"အနုပညာသည်မှန်ရင် နိမ့်တာ၊ မြင့်တာ၊ နည်းတာ၊ များတာ၊ ကောင်းတာ၊ မကောင်းတာ
အပထားပြီးတော့ အမြောက်အမြားက အနုပညာဖန်တီးသူရဲ့ 'အတ္တနောမတိ' တွေ၊
ကိုယ်ပိုင်အယူအဆတွေ၊ သူ့အကြိုက်တွေချည်းပဲ။ အနုပညာစစ်လေ အတ္တနောမတိက များလေပဲ။
အယူအဆက ကျွန်တော့် အယူအဆ မဟုတ်ဘူး။ အနုပညာနဲ့ ပတ်သက်လို့ ခွဲခြမ်းဝေဖန်တဲ့
ပညာရှင်တွေရဲ့အဆိုပဲ။ အနုပညာဆိုတာဟာ အလွန်ပုဂ္ဂလိက ဆန်တယ်တဲ့။ အနုပညာဆိုတာ
အနုပညာရှင်ရဲ့ ပုဂ္ဂလိက အယူအဆက အဆုံးအဖြတ်ဖြစ်တယ်။ ကောင်းတာ၊ မကောင်းတာ၊
မှန်တာ၊ မမှန်တာနဲ့ ဘာမှမဆိုင်ဘူး။ ဒါက ကမ္ဘာ့အနုပညာ ခွဲခြမ်းဝေဖန်တဲ့ ပညာရှင်တွေရဲ့
အယူအဆတစ်ခုပဲ။ ဗမာပြည်က ဒါမျိုးတွေကို စိတ်ဝင်စားမှုနည်းတယ်"လို့ ဆရာကြီက ဆိုပါတယ်။

ပြပွဲရဲ့အမည်ကို အင်္ဂလိပ်လို "Win Pe's Abstractions" လို့ ခေါင်းစဉ်ပေးထားပြီး မြန်မာလို
'၀င်းဖေ၏ အတ္တနောမတိများ'လို့ ပေးထားတာနဲ့ ပတ်သက်လို့လည်း ဆရာကြီးက
သေချာရှင်းပြပါတယ်။

"အင်္ဂလိပ်လိုက Win Pe's Abstractions လို့ ပေးထားပြီး မြန်မာလိုမှာက '၀င်းဖေ၏
အတ္တနောမတိများ' လို့ ပေးထားတာက Abstractions ဆိုတာကို 'အတ္တနောမတိများ' လို့
ဘာသာပြန်သလားလို့ ဖြစ်နေကြပြန်ရော။

Abstractions ဆိုတာကို အတ္တနောမတိများလို့ ဘာသာပြန်တာ မဟုတ်ပါဘူး။ အတ္တနောမတိများက
ဘာအဓိပ္ပာယ်လဲဆို ၀င်းဖေ၏ ကိုယ်ပိုင် အယူအဆများတဲ့။ မှားချင်မှားမယ်။ မှန်ချင်မှန်မယ်။
ကောင်းချင်ကောင်းမယ်။ မကောင်းချင်လည်း မကောင်းဘူးပေါ့လေ။ ဖြစ်ချင်ရာဖြစ်မယ်။

ဒါပေမဲ့ ဒါတွေက ၀င်းဖေရဲ့ အယူအဆတွေပါပဲ။ အတ္တနောမတိဆိုတာ နာမည်ကြီး ပါဠိစာလုံးပဲ။
အတ္တနောမတိဆိုတာ ဗုဒ္ဓရဲ့တရားတော်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းဘာသာပြန်တဲ့အချိန်မှာ
ဘာသာရေးပညာရှင်တွေရှိတယ်။ သူတို့မှာ ကိုယ်ပိုင်အတွေးတွေ၊ ကိုယ်ပိုင်အမြင် တွေရှိလာရင် '
သည်ကား ကျွန်ုပ်၏ အတ္တနောမတိသာ ဖြစ်၏'လို့ ဘာသာပြန်တတ်ကြတယ်"လို့ ဆိုပါတယ်။

ပန်းချီလောကသားတွေရဲ့အဆိုအရ ခေတ်သစ်ပန်းချီရဲ့ ပထမမျိုးဆက်က ဗဂျီအောင်စိုးနဲ့ မန္တလေးက
ဦးခင်မောင်(ဘဏ်) တို့ဖြစ်ပြီး ဒုတိယ မျိုးဆက်ကိုတော့ ပေါ်ဦးသက်၊ ၀င်းဖေ၊ ခင်မောင်ရင် ဆိုပြီး
သတ်မှတ်ကြတာမို့ ဆရာကြီးဦးဝင်းဖေဟာ ခေတ်သစ်ပန်းချီရဲ့ ဒုတိယမျိုးဆက်ထဲက သက်ရှိထင်ရှား
နောက်ဆုံးကျန်တဲ့ ပညာရှင်ကြီးတစ်ယောက် ဆိုရင်လည်း မမှားပါဘူး။

ဦးဝင်းဖေကို ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကင်းမြို့နယ်ရှိ နေအိမ်တွင် တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ဦးဝင်းဖေကို ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကင်းမြို့နယ်ရှိ နေအိမ်တွင် တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

"ဒီငါးယောက်လက်ထက်မှာ ဗမာပြည်ခေတ်သစ်ပန်းချီက သိပ်ခက်ခဲတယ်။ ဘေးက ပရိသတ်မပြောနဲ့
ပန်းချီဆရာအချင်းချင်းကြားမှာတောင် တော်တော်ရန်များတယ်။ 'ဒီလူတွေဟာ ပန်းချီလောကကို
ဖျက်ဆီးတာလားဆိုပြီး အဓိပ္ပာယ်မရှိတာတွေ လုပ်တယ်'ဆိုပြီး တော်တော်ကိုအန္တရာယ်ကြီးတယ်။
နှစ်ပေါင်း ၃၀ ကျော်၊ ၄၀ နီးပါးကို အငြိုငြင်ခံရတယ်။ ဘယ်တိုင်းပြည်မှာမဆို ထုံးတမ်းစဉ်လာ
အတွေးအခေါ် ရှိတဲ့သူနဲ့ ခေတ်သစ်အတွေးအခေါ်ရှိတဲ့ သူနဲ့က အမြဲပြဿနာရှိတတ်တယ်"လို့
သူဖြတ်သန်းခဲ့တဲ့ ခေတ်သစ်ပန်းချီခေတ်အစပိုင်းကာလကို ပြောပြပါတယ်။

ခေတ်သစ်ပန်းချီလောကရဲ့ ဒုတိယမြောက်မျိုးဆက်အဖြစ် ရဲရဲတွေး ရဲရဲရေးထားတဲ့ Abstract
ပန်းချီကားပေါင်း မြောက်မြားစွာဖန်တီးခဲ့သူ တစ်ဦးအနေနဲ့ Abstraction နဲ့ပတ်သက်လို့ မှားယွင်းစွာ
သုံးနှုန်းနေကြတဲ့ မြန်မာအသုံးအနှုန်းတွေကိုလည်း မသုံးသင့်ကြောင်း ပြတ်ပြတ်သားသား
ပြောပါတယ်။

"Abstraction ဆိုတာ အန်ကယ်တို့ ငယ်ငယ်ကတည်းက ဖန်တီးရေးဆွဲခဲ့ကြတာ။ Abstract Art
ဆိုတာကို စိတ္တဇပန်းချီလို့ ပြန်တယ်။ အန်ကယ်တို့က ငယ်ငယ်ကတည်းက သဘောမတူဘူး။
Abstract (N) စိတ္တဇနာမ်လို့ သဒ္ဒါကြမ်းမှာ ဘာသာပြန်ခဲ့တဲ့အတွက် Abstract Art ကိုလည်း
စိတ္တဇပန်းချီလို့ ဘာသာပြန်လိုက်ပုံရတယ်။ ဘယ်သူဘယ်ဝါလို့တော့ မပြောလိုဘူး။ စိတ္တဇပန်းချီလို့
ပြန်လိုက်တဲ့အတွက် စဉ်းစားတွေးခေါ်တဲ့သူကို အမှားမှားအယွင်းယွင်း အဓိပ္ပာယ်တွေဖြစ်စေတယ်။
စိတ္တဇဆိုတာကို အများသိတာ အရူးလို့သိကြတဲ့အတွက် အရူးပန်းချီလို့ပြောတာနဲ့တစ်ပြိုင်နက်
ဒီပန်းချီကို အလေးအနက်စဉ်းစားဖို့ ခက်သွားတယ်။ အတော်ကို ခွကျတယ်။ တကယ်တမ်းကျ
ဒီပန်းချီဟာ အရူးပန်းချီ လည်းမဟုတ်ဘူး၊ အဓိပ္ပာယ်မရှိတဲ့ ပန်းချီလည်းမဟုတ်ပါဘူး။ စိတ္တဇပန်းချီဆိုတဲ့
စကားလုံးများ သုံးချင်ရင်လည်း ကျွန်တော်က ပြောတယ်၊ မသုံးပါနဲ့"လို့ ဆိုပါတယ်။

ဦးဝင်းဖေက အနုပညာနဲ့ ပတ်သက်လာတဲ့အခါ တိကျ ပြတ်သားသလို နည်းနည်းလေးမှလည်း
အမှားအယွင်း၊ အတိမ်းအစောင်းမဖြစ်စေချင်တဲ့ စေတနာလည်း အပြည့်အသိပ်ကို ရှိပုံရပါတယ်။

"Abstract ဆိုတာကို စိတ္တဇလို့မသုံးပြန်တော့ ဒြပ်မဲ့လို့ သုံးပြန်တယ်။ Abstract ဆိုတာက
Non Objectic နဲ့ အတူတူပဲဆိုပြီး Non Objectic လို့ သုံးပုံရတယ်။ Abstract မှာကိုက ဒြပ်က
ရှိနေတယ်။ ဘာဒြပ်လဲဆိုတော့ အမြင်အာရုံတွေနဲ့ အသစ်ပြန်ဖွဲ့စည်းထားတာမို့ ဒြပ်က ရှိနေတယ်။
အဲဒါကြောင့် ဒြပ်မဲ့လို့ ပြန်လို့မရ ပြန်ဘူး။ အဲဒီလိုလည်း မသုံးပါဘူး။ Abstract Art ကို
စိတ်မြင်နာမ်မြင်ဉာဏ်မြင်ပေါ့လေ။ ဆရာဇော်ဂျီကလည်း အဲဒီလို ဘာသာပြန်တယ်"လို့လည်း
ဆရာ ဦးဝင်းဖေက ဆိုပါတယ်။

အရောင်ရဲရဲ၊ စုတ်ချက်ရဲရဲတွေနဲ့ ဖန်တီးတတ်တဲ့ ဆရာကြီးရဲ့ ခေတ်သစ်ပန်းချီလက်ရာတွေမှာ
မြန်မာ့ဟန်နဲ့ မြန်မာဆန်မှုလေးတွေတော့ အမြဲတွဲပါနေတတ်တာကတော့ သူ့ရဲ့ဟန်ပန်စတိုင်ပဲ
ဖြစ်ပါတယ်။

ဒီလို မြန်မာဟန်လေးတွေကို သူ့ပန်းချီကားထဲမှာတွေ့ရတတ်တာဟာ Abstraction
ဖန်တီးတဲ့နေရာမှာ မြန်မာဖြစ်တဲ့ အတွက် မြန်မာရဲ့တောတောင်ရေမြေအရသာ၊ မြန်မာရဲ့
လွှမ်းမိုးမှုတွေ ရှိနေတဲ့အတွက် သူ့ကားထဲမှာ မြန်မာမှုတွေကို တွေ့နေရတာလို့ ဆရာကြီးက
ဆိုပါတယ်။

"ကျွန်တော်ဟာ ဗမာဖြစ်တဲ့အတွက် ဗမာရဲ့ တောတောင်ရေမြေပတ်ဝန်းကျင်တွေတွေ့နေရတဲ့
ဗမာပြည်မှာနေတဲ့အတွက် ကျွန်တော့်ဆီမှာ ဗမာဆန်မှုက ပါကိုပါတယ်။ ခင်ဗျားဘာသာခင်ဗျား
အ၀ိုင်းရေးရေး ကြက်ခြေခတ်ရေးရေး ဗမာဆန်မှုက ပါကိုပါနေတယ်။ ဘယ်လိုပါနေလဲဆိုတာတော့
ကိုယ့်ဘာသာကိုယ် ရှာကြည့်ကြတော့လို့ပဲ ကျွန်တော်ပြောချင်တယ်"လို့ ဆရာဦးဝင်းဖေက
ပြောပါတယ်။

ဆရာကြီးဟာ အနုပညာပေါင်းမြောက်မြားစွာကို ဖန်တီးခဲ့ရာမှာ အသစ်တွေကိုသာ
ရင်ခုန်တတ်သူလည်းဖြစ်ပါတယ်။

သူ့စိတ်ထဲမှာ အနုပညာတစ်ခုကို ဖန်တီးနေစဉ်မှာ အမြဲတမ်းစိတ်လှုပ်ရှားနေတတ်ပြီး ဖန်တီးမှု
ပြီးဆုံးသွားတာနဲ့ သူ့စိတ်ခံစားမှုကလည်း ပြီးဆုံးသွားပြီး နောက်ထပ်အသစ်တစ်ခုကို
ထပ်ဖန်တီးချင်လာတယ်လို့ ဆိုပါတယ်။

"ဦးဝင်းဖေ ခင်ဗျားသီချင်းတွေ ဆိုတယ်။ ရုပ်ရှင်တွေ ရိုက်တယ်။ ပန်းချီတွေရေးတယ်။
ခင်ဗျားဖန်တီးထားတဲ့ ဖန်တီးမှုတွေထဲမှာ ဘယ်ရုပ်ရှင်၊ ဘယ်သီချင်း၊ ဘယ်ပန်းချီကား
အကြိုက်ဆုံးလဲ"လို့ လူတွေ မေးလာတဲ့အခါမှာတော့ ဆရာကြီးပြန်ဖြေတဲ့အဖြေဟာ တစ်ခုတည်းပါပဲ။

ဒါက ဘာလဲဆိုရင် "ရုပ်ရှင်ဖြစ်ဖြစ်၊ ပန်းချီဖြစ်ဖြစ်၊ သီချင်းဖြစ်ဖြစ် ကျွန်တော်နောက်လုပ်မယ့် ဖန်တီးမှုကို
အကြိုက်ဆုံးပဲ။ ပြီးပြီးသား အနုပညာဖန်တီးမှုတွေက ပြီးလည်းပြီးရော ကျွန်တော်လည်း
မကြိုက်တော့ဘူး။ စိတ်လှုပ်ရှားမှု မရှိတော့ဘူး။ အနုပညာဖန်တီးမှုရဲ့ သဘာဝက အဲသလိုရှိတယ်။
ဖန်တီးနေရတဲ့အချိန်ရဲ့ စိတ်လှုပ်ရှားမှုကို ကြိုက်တာ။ ဖန်တီးပြီးသွားတာနဲ့တစ်ပြိုင်နက်
နောက်ထပ်တစ်ကား ရိုက်ဖို့ပဲ စိတ်ဝင်စားတော့တယ်"လို့ ဦးဝင်းဖေက ဆိုပါတယ်။

"အမေရိကားမှာနေပြီး ရေဒီယိုအလုပ်လုပ်နေတုန်းကလည်း အပျင်းပြေပန်းချီတွေ ရေးတာပဲ။ ပန်းချီကို
ငယ်ငယ်ကတည်းက ၀ါသနာပါလို့ ရေးတယ်။ အခုကျတော့ ရေဒီယိုအလုပ်တွေ ရပ်ပြီး ပန်းချီကားတွေ
ရေးတဲ့ အလုပ်ကို အချိန်ပြည့် ၂၄ နာရီ လုပ်တယ်"လို့ ဆိုပါတယ်။

"အနုပညာသမားတွေ ရိုးသားရမယ်ဆိုတာ တစ်ခုတည်းပဲ။ အဲဒါဘာလဲဆိုရင် သူ့အနုပညာကို
ဖန်တီးတဲ့အချိန်မှာ သူကောင်းတယ်လို့ယူဆတာကို မလိမ်မညာ ဖြောင့်ဖြောင့်တန်းတန်းလုပ်ရမယ်၊
ဒါပဲ။ သူ့အနုပညာနဲ့ ပတ်သက်လို့ ဘယ်တော့မှ မလိမ်နဲ့တဲ့။ အနုပညာသည်က သစ္စာတရားကို
ရှာတယ်ဆိုတာ သူဘာကြိုက်တယ်ဆိုတဲ့ သစ္စာတရားကိုပဲ ရှာတာ။ အနုပညာသည် ပြည်သူအတွက်
ဖြစ်ရမည်ဆိုတာကို ကျွန်တော် မယုံဘူး။ ကိုယ်ဖန်တီးလိုက်တာက ပြည်သူအတွက်ဖြစ်သွားတယ်ဆို
ဒါ ၀မ်းသာရတာပေါ့။ ဒါပေမဲ့ လူတွေရဲ့အကြိုက်၊ ပရိသတ်အကြိုက်ကို လိုက်လုပ်တယ်ဆိုရင်
အနုပညာစစ်စစ် မဟုတ်ဘူး၊ အဂတိလိုက်စားတာပဲ"လို့ ဆရာကြီးက အနုပညာသမား
တစ်ယောက်အနေနဲ့ ထားရှိတဲ့ သူ့ရဲ့ခံယူချက်ကိုလည်း ပြောပြခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်