မြန်မာဝတ္ထုတို ရာပြည့်အထိမ်းအမှတ်ပွဲ ကျင်းပမည်

၁၉၁၇ ခုနှစ်၊ မတ်လက ထုတ်ဝေခဲ့တဲ့ သူရိယမဂ္ဂဇင်း အမှတ်စဉ်(၁)မှာ ဆရာကြီး ရွှေဥဒေါင်းရဲ့
'မောင်သိန်းတင် မသိန်းရှင်' ၀တ္ထုတိုကို စတင်ဖော်ပြခဲ့ပြီး မြန်မာစာပေလောကရဲ့ ပထမဦးဆုံးသော
ဝတ္ထုတိုဖြစ်ကြောင်း မြန်မာစာပေ အသိုင်းအ၀ိုင်းတစ်ခုလုံးက သတ်မှတ်ထားပါတယ်။

ဒါကြောင့် ဒီနှစ် ၂၀၁၇ ခုနှစ်ဟာ မြန်မာဝတ္ထုတို ရာပြည့်နှစ်ပဲ ဖြစ်ပါတယ်။ ရာပြည့်အထိမ်းအမှတ်ပွဲ
အဖြစ် စာပေစကားဝိုင်းတွေကို ပဲန်မြန်မာရဲ့ အစီအစဉ်နဲ့ မတ် ၁၈ ရက်နေ့မှာ သံဈေးငါးလွှာမှာ
တည်ရှိတဲ့ မြန်မာစာအုပ်ပလာဇာမှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပပြုလုပ်သွားမှာ
ဖြစ်ပါတယ်။

မနက်ပိုင်းမှာ 'ဖန်တီးသူနှင့် တည်းဖြတ်သူတို့၏ ၀တ္ထုတိုအမြင်' ဆိုတဲ့ ခေါင်းစဉ်နဲ့ စာပေစကားဝိုင်းကို
ပြုလုပ်သွားမှာဖြစ်ပြီး ဆရာမျိုးမြင့်ညိမ်းက ကြားခံဆွေးနွေးသူအဖြစ် ဆောင်ရွက်မှာဖြစ်ကာ
ဆရာချစ်ဦးညို၊ ဆရာမ မစန္ဒာ၊ ဆရာမ မသီတာ (စမ်းချောင်း)နဲ့ ဆရာဝင်းဖေတို့က
ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒုတိယစာပေစကားဝိုင်းရဲ့ ခေါင်းစဉ်ကတော့ 'မြန်မာခေတ်ပြိုင်ခေတ်ပေါ် ၀တ္ထုတိုရေစီးကြောင်း' ဖြစ်ပြီး
ပဲန်မြန်မာရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဆရာဟန်ဆန်းက ကြားခံဆွေးနွေးသူအဖြစ် ဆောင်ရွက်မှာပါ။

ဒီစာပေစကားဝိုင်းမှာ ဆွေးနွေးမယ့် သူတွေကတော့ ဆရာသစ္စာနီ၊ ဆရာငြိမ်းအေးအိမ်၊
ဆရာမောင်ဒေးနဲ့ ဆရာမိုးသက်ဟန်တို့ပဲ ဖြစ်ပါတယ်။

ဒီအစီအစဉ်နှစ်ခု စလုံးမှာ တက်ရောက်လာကြသူတွေက မေးခွန်းတွေ၊ မှတ်ချက်တွေနဲ့ အပြန်အလှန်
ဝင်ရောက်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

"ပွဲနေ့မှာ ၀တ္ထုတိုရေးတဲ့ စာရေးဆရာတွေနဲ့ တွေ့ရမယ်။ သူတို့ ကြုံတွေ့ ဖြတ်သန်းခဲ့ရတဲ့
စာပေလောကအကြောင်းတွေကို ဗဟုသုတအနေနဲ့ သိနိုင်မယ်။ စာရေးဆရာတွေရဲ့
လက်မှတ်တွေကိုလည်း ရနိုင်မယ်။ စာရေးသူတွေကို သူတို့ရေးခဲ့တဲ့ စာအုပ်အကြောင်းတွေ
ဇာတ်ကောင်အကြောင်းတွေ စတဲ့ ကိုယ်သိချင်တာတွေကိုလည်း မေးနိုင်မယ်။ စာရေးဆရာဖြစ်ချင်တဲ့
လူငယ်တွေလည်း အဲဒီနေ့မှာ လေ့လာနိုင်မယ်"လို့ ရာပြည့်အထိမ်းအမှတ်ပွဲနဲ့ ပတ်သက်ပြီး
ဆရာဟန်ဆန်းက ပြောပါတယ်။

အထိမ်းအမှတ်ပွဲ လာသူတိုင်းကို ပဲန်မြန်မာကနေ ပြန်လည်ပုံနှိပ်ထားတဲ့ ဆရာကြီးရွှေဥဒေါင်းရဲ့
'မောင်သိန်းတင် မသိန်းရှင်' ၀တ္ထုတိုကို လက်ဆောင် ပေးသွားမှာဖြစ်ပြီး စိတ်ကူးချိုချိုစာပေ၊
မဟာစာပေနဲ့ ငါတို့စာပေတို့က ထုတ်ဝေထားတဲ့ ၀တ္ထုတိုပေါင်းချုပ်စာအုပ်တွေကိုလည်း
၃၀ ရာခိုင်နှုန်းလျှော့ဈေးနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။