လူငယ်တွေ ပူးပေါင်း ထုတ်လုပ်ကြတဲ့ KG တံဆိပ်တီရှပ်

KG ကနေ ထုတ်လုပ်သွားမယ့် စွပ်ကျယ်ဒီဇိုင်းအသစ်။ ဓာတ်ပုံ - KG ဖေ့စ်ဘွတ်ခ်မှKG ကနေ ထုတ်လုပ်သွားမယ့် စွပ်ကျယ်ဒီဇိုင်းအသစ်။ ဓာတ်ပုံ - KG ဖေ့စ်ဘွတ်ခ်မှ

ဘယ်ရောက်အမှတ်တရ၊ ဘယ်ပြန်အမှတ်တရဆိုတဲ့ တီရှပ်တွေကို မေ့ပစ်လိုက်ပါတော့။ အဲဒီအစား
မြန်မာလူငယ်တွေ ထုတ်လုပ်ထားတဲ့ အရည်အသွေးမြင့် တီရှပ်တွေကို ရွေးချယ်ဝတ်ဆင်နိုင်ပါပြီ။

ပြည်တွင်းကလူငယ်တွေ ဦးစီးထုတ်လုပ်တဲ့ KG ဖက်ရှင်တံဆိပ်က နိုင်ငံတကာဖက်ရှင်ဒီဇိုင်းတွေကို
အတုခိုးပြီး ပုံတူထုတ်လုပ်ရောင်းချတာမျိုး မဟုတ်ပါဘူး။

မြန်မာဗျည်းအက္ခရာတွေကို အသုံးပြုပြီး ကိုယ်ပိုင်ဒီဇိုင်းထုတ်လုပ် ရောင်းချတာဖြစ်ပါတယ်။

ဒါက တစ်စထက်တစ်စ ဖွံဖြိုးတိုးတက်လာကာ လူကြိုက်များပြီး အောင်မြင်မှုရရှိလာတဲ့ ပြည်တွင်းထုတ်
တီရှပ်လုပ်ငန်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။

ဒါပေမဲ့ KG Clothing Brand ကနေ ထုတ်လာတဲ့ တီရှပ်ဒီဇိုင်းတွေက ပုံမှန်မြင်နေကျ
မြန်မာဗျည်းစာလုံး ဒီဇိုင်းတွေနဲ့ မတူပါဘူး။

ပုံမှန်ရေးနေကျ ပုံစံထဲကနေခွဲထွက်ပြီး Golden Ration အချိုးနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။
Golden Ration ဆိုတာက လောကနိယာမ သင်္ချာကိန်းဂဏန်းဖြစ်ပြီး ကမ္ဘာကျော်အနုပညာရှင်
Leonardo Da Vinci ရဲ့ နာမည်ကျော်ကြားတဲ့ အနုပညာလက်ရာတွေဖြစ်တဲ့ 'မိုနာလီဇာ' နဲ့
'နောက်ဆုံးညစာ' လို ပန်းချီကားမျိုးတွေနဲ့ အီဂျစ်ပြည်က ပိရမစ်တွေရဲ့ အံ့ဖွယ်ဗိသုကာ
လက်ရာတွေဟာ Golden Ration ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

နောက်ထပ်ထူးခြားချက်က KG က လူငယ်တွေဟာ သူငယ်တန်းမှာ မသင်ရတော့တဲ့ ဗျည်းရှစ်လုံးကို
မူလဗျည်း ၃၃ လုံးထဲကနေ ဖြုတ်ထားခဲ့ပြီး အဲဒီရှစ်လုံးကို အင်္ကျီရဲ့နောက်ကျောမှာ ထည့်သွင်းထားတာ
ဖြစ်ပါတယ်။ ကျန်တဲ့ ဗျဉ်း ၂၅ လုံးကိုတော့ တီရှပ်ရှေ့ခြမ်းမှာ တွေ့မြင်ရမှာပါ။

"အခုနောက်ပိုင်းမှာ ကိုယ်ပိုင်တီရှပ်လေးတွေ ထုတ်ရောင်းလာကြတာ ကောင်းပါတယ်။
မြန်မာမှုလေးတွေပြုပြီး ကိုယ်ပိုင်ဒီဇိုင်းထုတ်ကြတော့ မြန်မာဓလေ့မြတ်နိုး သူတွေအနေနဲ့ အမြတ်တနိုး
ဝတ်လို့ရတယ်လေ။ ဟိုအရင်ကဆို မြန်မာမှုတီရှပ်ဆိုတာ ပုဂံရောက်အမှတ်တရ၊ ကျိုက်ထီးရိုးရောက်
အမှတ်တရတို့လိုမျိုးပဲ ရှိခဲ့တာ။ အခုတော့ အစုံဝတ်လို့ ရနေပြီ။ ဒီလိုအချိန်မှာ brand အသစ်လုပ်တော့
အဓိကက quality နဲ့ပဲ ဦးစားပေးထုတ်ထားပါတယ်။ ကျွန်တော်တို့က ၁၀၀ ရာခိုင်နှုန်း ချည်သားလို့
ပြောရောင်းသလို အဲဒီလိုရအောင်လည်း ဦးစားပေး လုပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အင်္ကျီ
ဝတ်ကြည့်ပြီးတဲ့ သူတွေဆီကလည်း အသားကောင်းတယ်လို့ ပြန်ကြားရပါတယ်"လို့ KG ကို
တည်ထောင်သူတွေထဲက တစ်ဦးဖြစ်သူ ကိုပိုင်ဘုန်းသွင် (၂၆ နှစ်)က ဆိုပါတယ်။

သူတို့တွေရဲ့ ပထမဦးဆုံးတီရှပ်ဒီဇိုင်းကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ထုတ်လုပ်ရောင်းချခဲ့ပြီး
မြန်မာဗျည်း စာလုံးဒီဇိုင်းအပြင် 'အခြစ်ရှိလား Do You Have Light' ဆိုပြီး တော့လည်း illustration
ပုံစံနဲ့ ထုတ်ထားပါသေးတယ်။

"ကျွန်တော်က Game of Throne ကို အရမ်းကြိုက်သလို ကြည့်ဖြစ်တယ်။ အဲဒီဇာတ်ကားထဲက
ဇာတ်ကောင်တွေပါတဲ့ တီရှပ်ကို ဒီမှာရှာကြည့်တယ်၊ မတွေ့ဘူး။ နောက်တော့ နိုင်ငံခြားကနေ
လှမ်းမှာရတယ်။ အဲဒီလိုပါပဲ။ ကျွန်တော်တို့လူငယ်တွေ တော်တော်များများကြိုက်တဲ့
အကြောင်းအရာတွေ၊ ဇာတ်ကောင်တွေပါတဲ့ တီရှပ်တွေဆိုရင် ဒီမှာ အရည်အသွေးကောင်းကောင်းနဲ့
ရနိုင်ဖို့ တော်တော်ခက်တယ်။ ဒါကြောင့် ဒီလိုမျိုး ကိုယ့်စိတ်ကြိုက်၊ ကျွန်တော်တို့လူငယ်တွေ
နှစ်သက်မယ်ထင်တဲ့ ဒီဇိုင်းတွေကို ထုတ်ဖို့ဆုံးဖြတ်ခဲ့တာပါ"လို့ ပိုင်ဘုန်းသွင်က ဆိုပါတယ်။

KG ၏ ပထမဆုံး တီရှပ်ဒီဇိုင်း။ ဓာတ်ပုံ - KG ဖေ့စ်ဘွတ်ခ်မှKG ၏ ပထမဆုံး တီရှပ်ဒီဇိုင်း။ ဓာတ်ပုံ - KG ဖေ့စ်ဘွတ်ခ်မှ

သူငယ်ချင်း သုံးဦးနဲ့အတူ ပြီးခဲ့တဲ့နှစ်က စတင်တည်ထောင်ခဲ့တဲ့ KG အ၀တ်အထည်တံဆိပ်အတွက်
ဒီဇိုင်းတွေ ကိုတော့ ပြည်တွင်းက ဒီဇိုင်နာ ကိုကျော်စိုးသူက လုပ်ပေးတယ်လို့ဆိုပါတယ်။

"လူတော်တော်များများက သူတို့ကြိုက်တဲ့၊ သူတို့အတွက် အမှတ်တရဖြစ်မယ့်အရာဆိုရင် ကိုယ်ပေါ်မှာ
တက်တူးထိုးကြတယ်။ ကျွန်တော့်အနေနဲ့တော့ အဲဒီအရာတွေကို တီရှပ်ပေါ်မှာ ဒီဇိုင်းထွင်ပြီးဝတ်တာ
ကောင်းတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တက်တူးဆိုတာ မကြိုက်ရင် ပြောင်းဖို့ခက်ခဲပေမဲ့
တီရှပ်ကျတော့ ကိုယ်လိုချင်တာကို တစ်ထည်ချင်း လဲဝတ်လို့ရတယ်"လို့ ပိုင်ဘုန်းသွင်က ပြောပါတယ်။

KG အနေနဲ့ တစ်လကို ဒီဇိုင်းသစ်တစ်ခုကနေ နှစ်ခုအထိ လစဉ်ထုတ်သွားမယ်လို့လည်း ဆိုပါတယ်။
အဲဒီလို ထုတ်တဲ့အခါမှာလည်း အမျိုးသားရော၊ အမျိုးသမီးအတွက်ပါအဆင်ပြေမယ့် တီရှပ်ဒီဇိုင်းတွေ
အပြင် စွပ်ကျယ်တွေကိုလည်း ထုတ်လုပ်ရောင်းချပေးပါတယ်။

အရောင်ကတော့ အဖြူ၊အနက် နှစ်ရောင်ကိုသာ အသုံးပြုထားပြီး ဈေးနှုန်းကတော့ ကျပ် ၆,၀၀၀ ကနေ
၁၀,၀၀၀ အတွင်း ဖြစ်ပါတယ်။

"ဒီဇိုင်းကို သာအောင် လုပ်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်က
အကြိုက်မတူကြဘူးလေ။ ကျွန်တော်တို့ကတော့ ခေတ်ရေစီးကြောင်းအရ ရွေးပါတယ်။ ပြီးတော့
ကိုယ်ကိုယ်တိုင် ၀ယ်တဲ့ သူနေရာကနေ စဉ်းစားကြည့်ပြီးတော့ ရွေးချယ်တာပါ"လို့လည်း သူတို့ရဲ့
ဒီဇိုင်းဖန်တီးပုံကို ပိုင်ဘုန်းသွင်က ပြောပြပါတယ်။

လက်ရှိအထိ ဒီဇိုင်းနှစ်မျိုး ထုတ်လုပ်ပြီးခဲ့ပြီး နောက်လထဲမှာ ထွက်လာမယ့် ဒီဇိုင်းအသစ်ကိုတော့
မြန်မာနိုင်ငံအလံကို မြန်မာဗျည်းတွေနဲ့ရောထားတဲ့ ဒီဇိုင်းမျိုး ဖန်တီးထားတယ်လို့ ဆိုပါတယ်။

အဲဒီ ဒီဇိုင်းကိုလည်း တီရှပ်ပုံစံရော၊ စွပ်ကျယ်ပုံစံပါ ရရှိနိုင်မှာဖြစ်ပါတယ်။

KG ကထုတ်တဲ့ဒီဇိုင်းတွေကို ကြည့်ချင်ရင်ပဲဖြစ်ဖြစ်၊ မှာယူချင်ရင်ပဲဖြစ်ဖြစ် KG ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်
စာမျက်နှာဖြစ်တဲ့ www.facebook.com/KG.Clothing.Co ကနေ ဆက်သွယ်နိုင်ပါတယ်။

"အခုလောလောဆယ်တော့ အွန်လိုင်းကနေတစ်ဆင့်ပဲ ရောင်းပါသေးတယ်။ မှာတဲ့သူတွေကိုလည်း
ပို့ပေးပါတယ်။ နောက်ဆိုရင်တော့ ဆိုင်ဖွင့်နိုင်ဖို့ လုပ်နေပါတယ်"လို့ ပိုင်ဘုန်းသွင်က ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်