Monday, April 24, 2017

လူတိုင်းနှစ်သက်တဲ့ နေရာသစ်မှာ ပြောင်းရွှေ့ကျင်းပခဲ့တဲ့ အကယ်ဒမီည

၂၀၁၆ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုရှင် သုံးဦး။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)၂၀၁၆ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုရှင် သုံးဦး။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

တစ်နှစ်ထက်တစ်နှစ် ထူးခြားမှုတွေပါဝင်လာတဲ့ အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးကတော့ ပြီးခဲ့တဲ့
မတ်လ ၁၈ ရက်က ပြည်သူ့ရင်ပြင်မှာ အောင်အောင်မြင်မြင်၊ ခမ်းခမ်းနားနား ကျင်းပပြီးစီးသွားပါပြီ။

ဆုရလဒ်တွေနဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ရင်ခုန်သံတို့ ထပ်တူကျလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

ဒီနှစ်အကယ်ဒမီပေးပွဲကို ရွှေတိဂုံစေတီတော်ကြီးကို နောက်ခံထားပြီး ပြည်သူ့ရင်ပြင်မှာ
ပထမဆုံးပြုလုပ်မယ်ဆိုကတည်းက ပွဲက ထူးခြားနေပါပြီ။

နေရာရွေးချယ်မှု ရလဒ်ကလည်း ပွဲနေ့မှာ တက်ရောက်သူတွေရော တီဗီဖန်သားပြင်ပေါ်က
ကြည့်ရှုနေတဲ့ သူတွေအတွက်ပါ ရသတစ်မျိုးကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

အကယ်ဒမီစင်မြင့်က အမြင်မှာ ရိုးရိုးရှင်းရှင်းဖြစ်နေပေမဲ့ ညအချိန်ရောက်လာတဲ့အခါမှာတော့
စင်ပေါ်မှာသုံးထားတဲ့ ဆလိုက်မီးတွေရဲ့အလင်းနဲ့ နောက်က ရွှေရောင်တ၀င်းဝင်း တောက်ပနေတဲ့
ရွှေတိဂုံစေတီတော်ကြီးတို့ကို ပေါင်းစပ်ဖူးမြင်ရတာက သိပ်ကို ကျက်သရေရှိပြီး ကြည်နူးဖွယ်
ကောင်းလှပါတယ်။

ဒီနှစ်ပွဲရဲ့ နေရာအကျယ်အ၀န်းနဲ့ ကားပါကင်လုံလောက် မှုရှိတဲ့အတွက်လည်း တက်ရောက်လာတဲ့
အနုပညာရှင်တွေရော ပရိသတ်တွေပါ အဆင်ပြေခဲ့ပါတယ်။

ညနေ၅ နာရီပွဲစကတည်းက စင်မြင့်ထက်မှာ ဖျော်ဖြေနေတဲ့ ဓိရာမိုရ်နဲ့ သံစုံတီးဝိုင်းအဖွဲ့ရဲ့
ဂန္ထ၀င်တေးသွားတွေကလည်း ပွဲလာပရိသတ်ကို နားဝင်ပီယံ ရှိစေခဲ့ပါတယ်။

ပွဲတစ်လျှောက်မှာ ထည့်သွင်းထားတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကလည်း အရင်ခေတ်က
ရုပ်ရှင်ဇာတ်ကားကောင်းတွေရဲ့ ပုံရိပ်တွေကို တစ်ဖန် ရှုမြင်ခံစားရတဲ့အတွက် အဲဒီခေတ်ကို
မမီလိုက်တဲ့ လူငယ်တွေအတွက် ဗဟုသုတ ဖြစ်စေခဲ့ပါတယ်။

သူ့ထက်ငါအပြိုင် ဆန်းသစ်လှပတဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပွဲတက်လာကြတဲ့ အနုပညာရှင်တွေကလည်း
ထုံးစံအတိုင်း ပွဲခင်းထဲမ၀င်ခင် အနီရောင်ကော်ဇောထက်မှာ လျှောက်ဝင်လာရင်း မီဒီယာတွေရဲ့
မှတ်တမ်းတင်မှုကို ခံယူကြပါတယ်။

အဲဒီမှာပဲ အဆင်မပြေတဲ့ အချက်တစ်ခုကို စတွေ့တော့တာပါပဲ။ အဲဒါကတော့ အနုပညာရှင်တွေ
ကော်ဇောပေါ် မဖြတ်ခင်ကတည်းက လုံခြုံရေးအတွက် စစ်ဆေးတဲ့ အပေါက်မှာ bella
လက်ဆောင်အိတ်တွေကို ပေးလိုက်တာပဲ ဖြစ်ပါတယ်။

အလှပဆုံး ၀တ်စားထားကြတာမို့ အဲဒီအိတ်ကို လက်ကတကိုင်ကိုင်နဲ့က သူတို့ရဲ့ တစ်ကိုယ်လုံး
ကိုယ်လုံးပေါ်အလှကို ထိခိုက်သလို ဓာတ်ပုံဆရာတွေ မီဒီယာတွေအတွက်လည်း ဓာတ်ပုံရိုက်ရတာ
အားမရသလို ဖြစ်စေခဲ့ပါတယ်။

တကယ်ဆို ကော်ဇော်နီအပေါ် ဖြတ်လျှောက်အပြီး တစ်ဖက်ကျမှလည်း အဲဒီလက်ဆောင်အိတ်တွေကို
ပေးလို့ရပါတယ်။

နောက်ပြီး နေရာထိုင်ခင်းက အနုပညာရှင် တော်တော်များများအတွက် အဆင်ပြေပေမဲ့
တချို့ အနုပညာရှင်တွေနဲ့ ဧည့်သည်တွေကတော့ နေရာမရတာလား၊ ရှာလို့ပဲ မတွေ့တာလားတော့
မသိပါဘူး။ မထိုင်ရဘဲ မတ်တတ်ရပ်ကြည့်ရတဲ့ အနေအထားတွေလည်း ပွဲခင်းထဲမှာ
တွေ့ရပြန်ပါတယ်။

နောက် အကယ်ဒမီပေးပွဲကြီးကို ညှိုးနွမ်းမှုဖြစ်စေတဲ့ အချက်တစ်ချက်ကို ပြောရမယ်ဆိုရင်
အနုပညာ လောကသားတချို့တွေရဲ့ ဗရုတ်ကျမှုတွေလို့ ဆိုရပါမယ်။

'ဟေးဟေးဝါးဝါး' အော်ကြတာက ဆုကြေညာလိုက်တဲ့ အချိန်မျိုးမှာ လုပ်တာမျိုးမဟုတ်ဘဲ အစီအစဉ်
တင်ဆက်သူတွေက စကားပြောနေတဲ့ အချိန်၊ ဆုရရှိတဲ့သူက ကျေးဇူးတင် အမှတ်တရ
စကားပြောနေတဲ့ အချိန်မျိုးမှာ အဖွဲ့ကျနေကြတဲ့ လူတစ်စုဟာ တစ်နေရာကနေ ဟေးလေးဝါးလေး
အသံတွေ ပြုလုပ်ကြတာဟာ တကယ့်ကို သရုပ်ပျက်ပါတယ်။

အဲဒီအတွက် အကြံပေးရမယ်ဆိုရင်တော့ နောက်နှစ်တွေမှာ ဒီလိုမျိုးမဖြစ်ရအောင် အဲဒီလို
သရုပ်ပျက်တဲ့ အပြုအမူကိုလုပ်တဲ့ သရုပ်ဆောင်တွေကို အကယ်ဒမီပေးပွဲတက်ဖို့ blacklist လုပ်ပြီး
အဲဒီစာရင်းထဲကို ထည့်အပြစ်ပေးတာမျိုး လုပ်ဖို့ပါပဲ။

သဘောကျတဲ့ အချက်တစ်ချက်ကို ပြောရမယ်ဆိုရင် ဆုတွေမကြေညာခင်ကတည်းက အစီအစဉ်
ကြေညာသူတွေက ဆုရသူကို စာအိတ်ဖွင့်ဖောက် ကြေညာလိုက်ရင် အဲဒီအနုပညာရှင်ဆီကို
ထသွားပြီး အုန်းအုန်းရုန်းရုန်းနဲ့ အရင်နှစ်တွေကလို သွားရောက်အားပေးတာမျိုးအစား
ကိုယ့်ရဲ့ထိုင်ခုံကနေပဲ မတ်တတ်ရပ်ပြီး အားပေးဖို့ ပြောခဲ့တာပါ။

ဒါပေမဲ့လည်း အရင် နှစ်တွေကလောက် လူတွေပြုံနေတာမျိုး မဟုတ်ပေမဲ့ ထိုင်ခုံကနေထပြီး
အားပေးတဲ့ လူတွေကတော့ ရှိတုန်းပါပဲ။ ဒါကလည်း နောက်ပိုင်းကျရင် လျော့ပါးသွားဖို့
မျှော်လင့်ပါတယ်။

ဒီပွဲမှာ နောက်ထပ်အဆင်မပြေဖြစ်ခဲ့ရတာက အိမ်သာပါ။ အနုပညာရှင်တွေနဲ့ ဖိတ်ကြားထားတဲ့
နိုင်ငံတော်အကြီးအကဲနဲ့ လူကြီးမင်းတွေအတွက် VIP အိမ်သာကို ထားရှိပေမဲ့ သာမာန်ပွဲကို
လာကြသူတွေ အတွက်ကတော့ အိမ်သာက ပွဲခင်းရဲ့အပြင်ဘက်မှာပါ။

ဒါလည်း ကိုယ်အိမ်သာသွားချင်လို့ အပြင်ထွက်ရတာ သိပ်ကိစ္စမရှိပါဘူး။ ကိစ္စရှိတာက ထားပေးတဲ့
ရွေ့လျားအိမ်သားလေးတွေက ကျဉ်းတာအပြင် မီးမရ၊ အိမ်သာတံခါး အဖွင့်အပိတ် အဆင်မပြေ၊
ရေအခက်အခဲနဲ့ သန့်ရှင်းမှုပိုင်း အားနည်းတာက ပွဲကို ကျော့ကျော့မော့မော့ ၀တ်စားလာကြသူတွေ
အတွက် ဒုက္ခတွေ့စေခဲ့ပါတယ်။

ဒီနှစ်ပွဲကို ပိုပြီး စိတ်ဝင်စားမှုရှိစေတဲ့ အချက်တွေကတော့ ပွဲနေ့မတိုင်ခင် ဖေ့စ်ဘွတ်ခ်ပေါ်ကို
ရောက်ခဲ့ကြတဲ့ ဂယက်တွေကြောင့်ပါ။

အခုခေတ်မှာ ဖေ့စ်ဘွတ်ခ်ဆိုတာကလည်း တစ်ခုခုဟေ့ဆို တင်ကြမယ်၊ ဝေမျှကြမယ်နဲ့
သတင်းပြန့်အလွန့်ကို လျင်မြန်လွယ်ကူပါတယ်။

အဲဒီဂယက်တွေကြောင့် တကယ့်ပွဲနေ့ကျ ဘယ်လိုတွေဖြစ်မလဲ၊ ဘာလဲနဲ့ တချို့တွေက
စိုးရိမ်ကြပေမဲ့လည်း အခမ်းအနားကတော့ အောင်အောင်မြင်မြင်နဲ့ ပြီးသွားခဲ့ပါတယ်။

ပွဲကြီးက အောင်အောင်မြင်မြင်နဲ့ ပြီးတယ်ဆိုပေမဲ့ ပွဲအပြီး နောက်နေ့ မနက်မှာတော့ လွတ်လပ်တဲ့
ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်နေကြတဲ့ ပြည်သူတွေရဲ့ မဆင်မခြင် စည်းကမ်းမဲ့တဲ့
အကျင့်စရိုက်တွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတာပါပဲ။

ပွဲထဲမှာ စားသောက်ခဲ့တဲ့ အမိုက်တွေကို ရုပ်ရှင်ရုံမှာ လုပ်သလို စည်းကမ်းမဲ့ချခဲ့တာပါ။
တော်တော်လေးကို အကြည့်အရဆိုးပြီး ဖေ့စ်ဘွတ်ခ်တစ်ခွင် အဲဒီပို့စ်တွေ မြင်ရတာ ရှက်စရာပါပဲ။

ဒီတော့ ခမ်းနားကြီးကျယ်တဲ့ အကယ်ဒမီပွဲကြီး ဒီထက်ကောင်းမွန်လာဖို့ဆိုတာ အနုပညာရှင်တွေရော
ပြည်သူတွေပါ လက်တွဲပူးပေါင်းပြီးတော့ စည်းကမ်းရှိရှိ ပါဝင်ကြမယ်ဆိုရင် မြန်မာ့ရုပ်ရှင်
ထူးချွန်ဆုပေးပွဲကြီးက ဂုဏ်ယူဖွယ်ရာအပြည့်နဲ့ ဖြစ်လာမယ်ဆိုတာ မလွဲပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်