မြန်မာပြည်ကို မေ့လို့ရမှာ မဟုတ်တော့ဘူးဆိုတဲ့ ထိုင်းသံအမတ်ကြီးဇနီး

ထိုင်း သံအမတ်ကြီး ဇနီး Ms. Thipayasuda Suvanajata ။ အောင်ခန့်/မြန်မာတိုင်း(မ်)ထိုင်း သံအမတ်ကြီး ဇနီး Ms. Thipayasuda Suvanajata ။ အောင်ခန့်/မြန်မာတိုင်း(မ်)

ကြည့်ကောင်းတဲ့ မျက်နှာအသွင်အပြင်၊ အသားဖြူဖြူ၊ ကိုယ်ဟန်ကျစ်ကျစ်လျစ်လျစ်၊ အရပ်မနိမ့်မမြင့်၊
သပ်ရပ်တိကျတဲ့ ဆံပင်တိုပုံစံတို့ကို ပေါင်းစပ်လိုက်တဲ့အခါ လှပချောမောပြီး အေးချမ်းတဲ့
အမျိုးသမီးတစ်ဦး ဖြစ်လာပါတယ်။

ချိတ်အဆင်သဏ္ဌာန်လုံချည်ကို ဘလောက်စ်အင်္ကျီနဲ့ တွဲဝတ်ထားပြီး လိုက်ဖက်တဲ့
လက်ဝတ်လက်စားတွေကိုပါ သပ်သပ်ရပ်ရပ် တွဲဖက်ဝတ်ဆင်ထားဟန်က သူ့အလှကို
ပိုလို့ထင်းလင်းတောက်ပနေစေပါတယ်။

သူက ရုပ်ရှင်မင်းသမီးတစ်ဦး မဟုတ်သလို နာမည်ကျော်အစီအစဉ် တင်ဆက်သူတစ်ဦးလည်း
မဟုတ်ပါဘူး။ သူက အိမ်ရှင်မတစ်ဦးပါ။ ဒါပေမဲ့ သာမန်အိမ်ရှင်မတစ်ဦးတော့ မဟုတ်ပြန်ပါဘူး။
ခင်ပွန်းသည်ဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအသံမတ်ကြီးရဲ့ ဇနီးသည်အဖြစ် ရရှိထားတဲ့ဂုဏ်ပုဒ်နဲ့
သူ့မှာရှိတဲ့ ကိုယ်စွမ်းကိုယ်စတွေကို အသုံးချလို့ မြန်မာပြည်က လိုအပ်နေသူတွေအတွက်
သူ့လုပ်ငန်းစွမ်းအားကို အကောင်းဆုံးအသုံးချတတ်သူ အိမ်ရှင်မတစ်ဦးပါ။

"သံအမတ်ကြီးကြောင့် သံအမတ်ကြီးဇနီးဆိုတဲ့ ဂုဏ်ပုဒ်ကို ရတယ်။ ကျွန်မဟာ စွမ်းရည်ရှိတယ်။
ဒီတော့ သံအမတ်ကြီးဇနီးဆိုတဲ့ ဂုဏ်ပုဒ်ကို အသုံးပြုပြီး လိုအပ်တဲ့နေရာမှာ အကျိုးရှိစွာ
အသုံးချတယ်"လို့ မစ္စ Thipayasuda Suvanajata က ပြောပါတယ်။

သံအမတ်ကြီး မစ္စတာ Pisanu Suvanajata နဲ့ မစ္စ Suvanajata တို့ဟာ မြန်မာပြည်မှာ
ငါးနှစ်တာတာဝန်ကို ထမ်းဆောင်ပြီးလို့ မကြာခင်မှာ နောက်ထပ်တာဝန်ကျရာ ဗြိတိန်နိုင်ငံကို
သွားရောက်ကြတော့မှာ ဖြစ်ပါတယ်။

"မြန်မာနိုင်ငံကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ ဒီနေရာက ကျွန်မတို့အတွက် ဒုတိယအိမ်လို
ဖြစ်နေပြီ။ ဒါကလည်း ဒီမှာ နှစ်တွေ အကြာကြီးနေခဲ့လို့ မဟုတ်ဘူး။ ဒီကလူတွေနဲ့ တွယ်မိတဲ့
သံယောဇဉ်ကြောင့်ပဲ"လို့ မစ္စ Suvanajata က ပြောပါတယ်။

"နောက်ပြောင်းနေရမယ့် နေရာမှာလည်း လူမှုရေးလုပ်ငန်းတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
ဒါက ကျွန်မရဲ့ စိတ်အားတက်ကြွမှုပဲ"လို့လည်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်စဉ် ငါးနှစ်တာအတွင်းမှာ ခင်ပွန်းသည်ဖြစ်သူ သံအမတ်ကြီးနဲ့ လက်တွဲလို့တစ်ဖုံ၊
သူကိုယ်တိုင် ဦးဆောင်လို့ တစ်မျိုးနဲ့ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ခဲ့တာမို့ စိတ်ကျေနပ်မှု
ရရှိတယ်လို့လည်း ဆိုပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေး အပါအ၀င် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ အာဟာရဆိုင်ရာ ဗဟုသုတတွေ
ဖြန့်ဝေပေးခြင်းနဲ့ ပညာရေးအကူအညီတွေအပြင် အသက်မွေးဝမ်းကျောင်းသင်တန်းတွေကို ပေးခဲ့တဲ့
အဓိကစီမံကိန်း သုံးခုကို မစ္စ Suvanajata ဟာ မြန်မာပြည်မှာနေထိုင်ခဲ့တဲ့ ငါးနှစ်တာ
ကာလအတွင်းမှာ ပြည်တွင်းနဲ့ ပြည်ပက အကူအညီတွေနဲ့ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းဒေသကြီး
အတွင်းတို့မှာ လုပ်ဆောင်ခဲ့ပါတယ်။

"ရန်ကုန်ကို စရောက်ကတည်းက စီမံကိန်းတွေကို စလုပ်ခဲ့တာပဲ။ သံအမတ်ကြီးကို ပြောပြတယ်။
သူကလည်း သဘောတူတယ်။ ကျွန်မတို့ကို တာဝန်ပေးတဲ့ နေရာကို ကျွန်မတို့ သဘောကျတယ်။
ကျွန်မတို့ ဒီနိုင်ငံမှာ ဒေသခံတွေနဲ့အတူ အလုပ်လုပ်ပြီး ကူညီမှုတွေ လုပ်ပေးလို့ရတယ်။ ဒါဟာ
ကျွန်မတို့ကို တာဝန်ချပေးတဲ့နေရာမှာ ဒေသခံတွေနဲ့အတူ လုပ်နိုင်တဲ့ တကယ်ကောင်းမွန်တဲ့
အလုပ်ဖြစ်သလို ကောင်းမွန်တဲ့ ဆက်ဆံရေးကိုလည်း တည်ဆောက်နိုင်တယ်"လို့
မစ္စ Suvanajata က ဆိုပါတယ်။

သူ့ရဲ့ပထမဆုံးစီမံကိန်းကို ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ စတင်ခဲ့တာပါ။

"အဲဒီကျောင်းက ကလေးတွေရဲ့ နေထိုင်မှုအခြေအနေကို တိုးမြှင့်ပေးဖို့အတွက် အများကြီး
လုပ်ပေးနိုင်တယ်ဆိုတာကို ကျွန်မတို့ တွေ့ရှိခဲ့တယ်။ အဆောက်အအုံ ဆောက်ပေးတယ်။ ပြီးတော့
အဲဒီမှာ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ မိလ္လာစနစ်စီမံကိန်းကို ပြုလုပ်ခဲ့တယ်"လို့ ဆိုပါတယ်။

"ကျွန်မတို့ရဲ့ ဦးတည်ချက်က အခြေခံအဆောက်အအုံ လုပ်ပေးတာမျိုးကိုပဲ အာရုံထားတာမျိုးမဟုတ်ဘဲ
စနစ်တစ်ခုအပေါ် ရေရှည်ထိန်းသိမ်းသွားနိုင်မယ့် ဒေသခံတွေလည်းပါဝင်တဲ့ အင်အားတွေကို
ပေါင်းစုပေးတဲ့သဘောပါပဲ"လို့လည်း မစ္စ Suvanajata က ဆိုပါတယ်။

အနာကြီးရောဂါသည်တွေအတွက် လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေပေးခဲ့သလို
အော်တစ်ဇင်(autism)နဲ့ တခြားဆက်စပ်ရောဂါတွေ ခံစားနေရသူတွေကိုလည်း ထောက်ပံ့မှုတွေ
ပြုလုပ်ပေးခဲ့ပါတယ်။

"ကိုယ်ခန္ဓာပိုင်း မသန်စွမ်းသူတွေဆိုရင် လူတိုင်းက သူတို့ကို သတိထားမိကြတယ်။ ဘာလို့လဲဆိုတော့
သူတို့အသွင်အပြင်ကို တွေ့မြင်နိုင်လို့ပဲ။ ဒါပေမဲ့ ဉာဏ်ပိုင်းဆိုင်ရာမှာ အထူးလိုအပ်ချက်တွေ
ရှိနေသူတွေကျတော့ တစ်ခါတလေမှာ သူတို့ကို အလွယ်တကူမသိနိုင်ကြဘူး။ ပြီးတော့ ဒီလိုလူတွေရဲ့
စရိုက်လက္ခဏာတွေကို မသိတဲ့သူတွေဆိုရင် သူတို့ဟာ လူထူးဆန်းတွေလို့ အထင်ခံရရော။
တကယ်တော့ ဒီလူတွေဟာ တကယ့်ကို အကူအညီလိုအပ်တဲ့သူတွေ ဖြစ်တယ်။ မဟုတ်ရင်တော့
သူတို့ကို အိမ်ထဲမှာပဲ ထည့်ထားခံရရော။ ဒါကြောင့်မို့ ဒီက autism association နဲ့အတူ
ပညာပေးအစီအစဉ်တွေကို လွန်ခဲ့တဲ့ သုံးနှစ်က စလုပ်ခဲ့တာ"လို့ မစ္စ Suvanajata က ဆိုပါတယ်။

သူ့ရဲ့စီမံကိန်းတွေအတွက် ပြည်တွင်းက မိတ်ဆွေတွေက အချိန်ပေးကာ ၀ိုင်းဝန်းကူညီပေးကြပြီး
လိုအပ်တဲ့ ရန်ပုံငွေနဲ့ တခြားအကူအညီတွေကိုလည်း ထိုင်းနိုင်ငံက အလှူရှင်တွေ၊ ပညာရှင်တွေထံ
ကနေ ရရှိတယ်လို့ ဆိုပါတယ်။

"အတူလက်တွဲ လုပ်ပေးကြတဲ့ ရန်ကုန်က မိတ်ဆွေတွေကို အရမ်းကျေးဇူးတင်သလို
သူတို့အတွက်လည်း အရမ်းကို ဂုဏ်ယူမိတယ်။ တစ်ကြိမ်တစ်ခါတည်း လိုက်လုပ်ပြီး ပြီးသွားတာမျိုး
မဟုတ်ဘဲ သူတို့ရဲ့အချိန်တွေကို ဖယ်ပြီး ရေရှည်ဆက်တိုက် လုပ်ကိုင်ခဲ့ကြတာ"လို့ ဆိုပါတယ်။

ဒါ့အပြင် လူမှုရေးအလုပ်တွေကို လုပ်နေစဉ်အတွင်းမှာလည်း ရင်ထဲမှာ ထိထိခိုက်ခိုက် ခံစားခဲ့ရတာ
မျိုးတွေလည်း ကြုံခဲ့ရတယ်လို့လည်း ဆိုပါသေးတယ်။

"တစ်ခါက ဖောင်ကြီးက အနာကြီးရောဂါသည်တွေ နေတဲ့နေရာကို သွားခဲ့တယ်။ နေ့လယ်စာတွေ၊
အစားအစာတွေ ပေးတာပေါ့လေ။ ဒါပေမဲ့ အဓိကရည်ရွယ်ချက်က အဲဒီမှာရှိတဲ့သူတွေက ဗုဒ္ဓဘာသာနဲ့
ခရစ်ယာန်တွေဆိုတော့ ဘုရားဆင်းတုတော်တွေနဲ့ ကျမ်းစာအုပ်တွေကို ပေးချင်လို့ သွားတာပါ။

"ဒီလိုနဲ့ နောက်တစ်ခေါက် ထပ်ရောက်တော့ သူတို့ကို နှုတ်ဆက်ဖို့ စင်္ကြံလမ်းအတိုင်း
လျှောက်သွားရင်း တံခါးတစ်ခုရှေ့မှာ ရပ်လိုက်မိတယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်က
ကျွန်မတို့ ယူလာတဲ့ ဒံပေါက်ဘူးကို မစားသေးဘဲ ဘုရားကို ကပ်နေတာ တွေ့လိုက်လို့ပဲ။ အဲဒါနဲ့
ကျွန်မက 'ရှင် ဗိုက်မဆာဘူးလား' လို့ မေးလိုက်တော့ 'ကျွန်တော် ဘုရားကို အရင်ကပ်နေတာ'လို့
ပြန်ဖြေပြီး 'မမှတ်မိဘူးလား၊ ဒီဘုရားဆင်းတုတော်က မင်းဆီက နေရတာလေ။ ကျွန်တော် ညတိုင်း
ဝတ်ပြုတယ်'လို့ ထပ်ပြောတဲ့ အခိုက်ဟာ ကျွန်မရဲ့စိတ်နှလုံးကို အရမ်းခံစားရစေတယ်။
ကိုယ်လုပ်ပေးခဲ့တာက ဘာမှမဟုတ်တဲ့ သေးသေးလေးတွေဖြစ်ပေမဲ့ တစ်ပါးသူအတွက်တော့
အများကြီး အဓိပ္ပာယ်ရှိစေတယ်"လို့ သူခံစားရတာကို မစ္စ Suvanajata က ပြန်လည်ဝေမျှ
ပြောပြပါတယ်။

သူ့ရဲ့ခံယူချက်ကလည်း နိဗ္ဗာန်ဘုံရောက်ရှိဖို့အတွက် နောက်ဘ၀အထိ စောင့်စရာမလိုဘဲ
လက်ရှိမှာတင်ပဲ ရရှိနိုင်တယ်လို့ ပြောပြတဲ့အချိန်မှာ သူ့ မျက်ဝန်းမှာလည်း သူ့လုပ်ရပ်အတွက်
ပီတိမျက်ရည်တွေနဲ့ စွတ်စိုနေပါတယ်။

"ဘာလေးပဲဖြစ်ဖြစ် လုပ်လိုက်ပါ။ အဲဒါရဲ့ ကောင်းမွန်တဲ့ ရလဒ်ကို ခံစားရတယ်ဆိုရင်၊ တစ်ပါးသူ
တစ်ဦးဦးရဲ့ပျော်ရွှင်မှုကို ခံစားရတယ်ဆိုရင် အဲဒါနိဗ္ဗာန်ဘုံပဲ။ ဘာကိုမှ စောင့်ဖို့မလိုဘူး။ နောက်ဘ၀မှာ
လူအဖြစ် ပြန်ဝင်စားမလားဆိုတာလည်း မသိနိုင်ဘူး"လို့ ဆိုပါတယ်။

ခုတော့ ငါးနှစ်တာကာလအတွင်း လုပ်ခဲ့တဲ့ လူမှုအကျိုးပြုစီမံကိန်းတွေကို သူနဲ့အတူ
ပူးပေါင်းလုပ်ကိုင်ခဲ့တဲ့ ဒေသခံလုပ်အားပေးတွေကို လွှဲပြောင်းပေးခဲ့ပါပြီ။

"ဒေသခံအဖွဲ့ဝင်တွေကို သက်ဆိုင်ရာ ချိတ်ဆက်လုပ်ဆောင်ရမယ့်လူတွေနဲ့ ချိတ်ဆက်ပေးခဲ့ပြီးပြီ။
သူတို့က ဆက်ပြီးလုပ်သွားလိမ့်မယ်"လို့ ဆိုပါတယ်။

မြန်မာပြည်မှာ နေထိုင်စဉ်အတွင်း မြန်မာလုံချည်ကို နေ့စဉ်ဝတ်ဆင်လေ့ရှိတဲ့ မစ္စ Suvanajata ဟာ
သူ့နိုင်ငံရဲ့တာဝန်ပေးချက်အရ အဝေးကိုပြောင်းရွှေ့နေထိုင်ရပေမဲ့လည်း မြန်မာပြည်နဲ့ မြန်မာပြည်သူ၊
ပြည်သားတွေဟာ သူ့ရင်ထဲမှာ အမြဲအမှတ်တရ ရှိနေမှာပါလို့လည်း ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်