ရာသီဥတု ပြောင်းလဲမှုအပေါ် သတိထားမိစေဖို့ ထွန်းညှိခဲ့တဲ့ ဆီမီးများ

'Earth Hour' အခမ်းအနားတွင် ဆီမီးခွက်များ ပါဝင်ထွန်းညှိခဲ့ကြသည့် ပွဲတက်ရောက်သူများ။ သီရိလူ/မြန်မာတိုင်း(မ်)'Earth Hour' အခမ်းအနားတွင် ဆီမီးခွက်များ ပါဝင်ထွန်းညှိခဲ့ကြသည့် ပွဲတက်ရောက်သူများ။ သီရိလူ/မြန်မာတိုင်း(မ်)

မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာအရ ဆီမီးထွန်းညှိပူဇော်ပွဲတွေကို နိုင်ငံတစ်ဝန်း မကြာမကြာဆိုသလို
ကျင်းပလေ့ရှိကြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ရွှေတိဂုံစေတီတော်ကြီးမှာလည်း ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲတစ်ပွဲ
ပြုလုပ်ကျင်းပသွားပါတယ်။

ဒါပေမဲ့ ဒီတစ်ခါ ပြုလုပ်သွားတဲ့ ဆီမီးထွန်းပူဇော်ပွဲက မြန်မာနိုင်ငံရဲ့ ပထမဆုံးအနေနဲ့ ပြည်သူတွေ
ပူးပေါင်းပါဝင်တဲ့ Earth Hour လှုပ်ရှားမှုအဖြစ် ကျင်းပခဲ့တာပါ။

မတ်လ ၂၅ ရက် ရွှေတိဂုံရင်ပြင်မှာ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲကို ကမ္ဘာလုံးဆိုင်ရာ
သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF) နဲ့ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ
ပူပေါင်းအဖွဲ့ (MCCA)တို့နဲ့ ပူးပေါင်းပြီး ပြုလုပ်တာဖြစ်ပါတယ်။

Earth Hour အစီအစဉ်ဟာ ကမ္ဘာပေါ်မှာ မတူညီတဲ့ အဖွဲ့အစည်းအသီးသီးကလူတွေ ပေါင်းစည်းပြီး
ပြုလုပ်တဲ့ အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု ဖြစ်ပါတယ်။

ဆီမီးတစ်သောင်းပူဇော်ရတဲ့ ရည်ရွယ်ချက်ထဲမှာ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကြောင့်
အသက်ဆုံးရှုံးခဲ့သူတွေကို အောက်မေ့သတိရတဲ့ အနေနဲ့လည်း ထွန်းညှိပူဇော်ခဲ့တာဖြစ်တဲ့အတွက်
သံဃာတော်တွေ ဦးဆောင်ပြီး ဆုတောင်းမေတ္တာ ပို့သတာတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

"မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ထိခိုက်ခံစားရဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံပါ။
မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ ပြောင်းလဲနေခဲ့ပြီးဖြစ်သလို ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းကနေ
၂၀၅၀ ပြည့်နှစ်အတွင်းမှာ သိသိသာသာ ပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ ခန့်မှန်ချက်တွေလည်း
ရှိပါတယ်" လို့ WWF Myanmar ရဲ့ ဌာနေမန်နေဂျာ Christy Williams က မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။

"ကျွန်တော်တို့တွေအားလုံး ကမ္ဘာ့ရာသီဥတုနဲ့ ပတ်သက်ပြီး အခုထက်ပိုလုပ်ကြဖို့ လိုပါတယ်။
ရွှေတိဂုံစေတီတော်မှာ ကျင်းပတဲ့ Earth Hour လှုပ်ရှားမှုကို တက်ရောက်တာဟာ ရာသီဥတု
ပြောင်းလဲမှုဖြစ်စဉ်ကို ပြုပြင်ပြောင်းလဲနိုင်တဲ့ လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပြီး
ဖြစ်သွားပါပြီ" လို့ သူက ဆက်ပြောပါတယ်။

ဒီပွဲမှာ ပြည်သူတွေအပြင် မိုးလေ၀သပညာရှင် တစ်ယောက်လည်းဖြစ်၊ WWF ရဲ့
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သံတမန်တစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာထွန်းလွင်၊ WWF ရဲ့
Earth Hour သံတမန် ဘန်နီဖြိုးနဲ့ WWF ရဲ့ လူငယ်သံတမန် Miss Face of Beauty Myanmar
2015 ဆုရှင် အလှမယ် ခြူးစစ်ဟန်တို့က စေတနာ့ဝန်ထမ်းတွေနဲ့အတူ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

၂၀၀၇ ခုနှစ်က ဆစ်ဒ်နီမြို့မှာ ခေတ္တမီးအမှောင်ချပြီး စတင်ဆင်နွှဲခဲ့တဲ့ Earth Hour လှုပ်ရှားမှုကို
နိုင်ငံပေါင်း ၁၇၀ က မြို့ပေါင်း ၇,၀၀၀ ကျော်မှာ တစ်ဦးတစ်ယောက်ချင်းအပြင် စီးပွားရေး
အဖွဲ့အစည်းတွေနဲ့ တခြားအဖွဲ့အစည်းတွေအလိုက် ကျင်းပတဲ့ အချိန်တစ်နာရီကနေ
တစ်နာရီထက်ပိုတဲ့ လှုပ်ရှားမှုအနေနဲ့ တွင်ကျယ်လာခဲ့ပါတယ်။

ရွှေတိဂုံမှာ ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုမှာ ည ၈ နာရီခွဲကနေ ၉ နာရီခွဲအထိ ဆီမီးတွေကို
ထွန်းညှိပူဇော်ခဲ့ကြသလို အဲဒီအချိန်အတွင်းမှာလည်း ရန်ကုန်မြို့ အနှံ့အပြားမှာ လျှပ်စစ်မီး
အလင်းရောင်တွေ မှိတ်ထားပြီး ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာနဲ့အတူ ထပ်တူညီညွတ်ကြောင်း
ပြသခဲ့ကြပါတယ်။

ဒီပွဲမှာ နာမည်ကျော်ပန်းချီဆရာ၊ ကာတွန်းဆရာနဲ့ ရုပ်ပြောင်ကာတွန်းဆွဲ ဆရာတွေလည်း
ပါဝင်ခဲ့ကြပြီး မြန်မာနိုင်ငံနဲ့ ကမ္ဘာကြီးမှာ ရာသီဥတုပြောင်းလဲ နေတာနဲ့ပတ်သက်တဲ့ သူတို့ရဲ့
အမြင်တွေကို ကာတွန်းတွေ၊ ပန်းချီတွေအဖြစ် တက်ရောက်လာသူတွေ ရှေ့မှာပဲ လက်တွေ့ရေးဆွဲ
ပြခဲ့ကြပါတယ်။

ဒီပွဲအပေါ်မှာ တချို့ကလည်း ဆီမီးထွန်းညှိပူဇော်တာဟာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့
အချက်တွေထဲကတစ်ခုအဖြစ် မြင်ကြတဲ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုအဖြစ်
ပြုလုပ်တဲ့ Earth Hour ပွဲကို မေးခွန်းထုတ်ကြတာလည်း ရှိနေပြန်ပါတယ်။

"ကျွန်တော်တို့က မြန်မာတွေ အထွတ်အမြတ်ထားတဲ့ နေရာမျိုးမှာ မီးတွေ မှိတ်ပြီး ကျင်းပလို့မရပါဘူး။
ပြီးတော့ ဒီဆီမီး အရေအတွက်ကလည်း ကျွန်တော်တို့ မထွန်းလည်း ရွှေတိဂုံမှာ ထွန်းနေကျပါ။
ဒါကြောင့် ကျွန်တော်တို့က ရွှေတိဂုံဂေါပကအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ပဲ ဒီဆီမီးတစ်သောင်းကို Earth Hour
လှုပ်ရှားမှုအနေနဲ့ ထွန်းညှိတာပါ။ ကျွန်တော်တို့ ဒီပွဲလုပ်လို့ ထပ်တိုးပြီး ထွန်းညှိတာ မဟုတ်ပါဘူး" လို့
Christy Williams က ရှင်းပြပါတယ်။

အခမ်းအနားတွင် ပန်းချီလက်တွေ့ ရေးဆွဲနေကြစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)အခမ်းအနားတွင် ပန်းချီလက်တွေ့ ရေးဆွဲနေကြစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)

"မြန်မာပြည်က ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတာ မဟုတ်ဘူး။ ရာသီဥတုပြောင်းလဲမှုက
ဖြစ်နေပြီးပြီ။ အမှန်တိုင်းပြောရရင် သူများနိုင်ငံက လုပ်တဲ့ ဒဏ်တွေကို မြန်မာပြည်က ခံနေရတယ်။
ကိုယ့်နိုင်ငံက ထုတ်လွှတ်တဲ့ဓာတ်ငွေ့တွေ ဘာတွေကြောင့်မဟုတ်ဘဲ သူများနိုင်ငံက
ထုတ်လွှတ်တာတွေကြောင့်လည်း အခု ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနေရတယ်။
ဒီ Earth Hour ရဲ့ ရည်ရွယ်ချက်က ရာသီဥတုကတော့ ဆိုးရွားနေပြီ။ မြန်မာနိုင်ငံမှာ
ဒီဒဏ်တွေလည်း ခံနေရပြီ။ အဲဒီတော့ တစ်ခုခု လုပ်ကြရအောင်။ ဒါတွေဖြစ်နေပြီဆိုတဲ့ အသိကို
လူတွေဆီ ရောက်သွားစေချင်တာ"လို့ သူက ဆက်ပြောပြပါတယ်။

WWF Myanmar က Green Economy Manager ရဲ့ အဆိုအရဆိုရင် မြန်မာပြည်က လူတွေက
ခေတ်အဆက်ဆက် ထင်းမီး၊ ရေနံဆီ စတာတွေကို ဟင်းချက်တဲ့နေရာ၊ မီးထွန်းတဲ့နေရာတွေမှာ
သုံးလာခဲ့ကြသလို အခုထိလည်း သုံးနေကြတုန်းပါပဲ။

"ကျွန်မတို့ ယုံကြည်တာကတော့ နောက်ပိုင်းမှာ Renewable Resources တွေဖြစ်တဲ့
ဆိုလာနည်းစနစ်တွေ၊ လေအားနဲ့ Geothermal စတာတွေကို အစားထိုးအသုံးပြုနိုင်မယ့်
အခွင့်အလမ်းတွေ မြန်မာပြည်မှာ အများကြီး ရှိလာမယ်ဆိုတာပါပဲ။ ဒါပေမဲ့ အဲဒီအပြောင်းအလဲ
အတွက်တော့ အချိန်တွေ ယူရဦးမှာပါ" လို့ သူက ပြောပါတယ်။

"လူတစ်ဦး တစ်ယောက်ချင်းအနေနဲ့လည်း သူတို့ဘယ်လိုပုံစံနဲ့ ခရီးသွားတယ်၊ လျှပ်စစ်မီး
ဘယ်လောက်အသုံးပြုတယ်၊ ရေဘယ်လောက် အသုံးပြုတယ်ဆိုတာကို စဉ်းစားဖို့ လိုအပ်သလို
ရာသီဥတုပြောင်းလဲမှုအပေါ်မှာ တတ်နိုင်သမျှ ခံနိုင်ရည်ရှိဖို့နဲ့ ဒဏ်ခံနိုင်ဖို့ အစိုးရဘက်ကလည်း
သူတို့ တတ်နိုင်သလောက် အကောင်းဆုံးလုပ်ဆောင်ဖို့ လိုတယ်' လို့ သူက ဆက်ပြောပါတယ်။

Earth Hour ပွဲကို မနှစ်ကလည်း WWF ဌာနအတွင်းမှာ ဆီမီးထွန်းညှိပြီး ပြုလုပ်ခဲ့တယ်လို့
မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

ဒါပေမဲ့ သီးသန့်ကျင်းပခဲ့တာမို့ အခု ဒီပွဲကတော့ လူအများ ပါဝင်ပြီး တရားဝင်ပွဲလို့ ဆိုရမှာပါ။

"ဒါက အလွန်ကောင်းတဲ့ လှုပ်ရှားမှုပါ။ တစ်နည်းပြောရရင် မနှစ်ကလုပ်တဲ့ ရည်ရွယ်ချက်က
ရာသီဥတုပြောင်းလဲခြင်းမှာ အဓိက တာဝန်ရှိတဲ့ Green of Gas ထုတ်လွှတ်မှုမှာ
အများဆုံးဖြစ်နေတာက ကျောက်မီးသွေးအသုံးပြုတာဖြစ်နေတော့ အဲဒီကျောက်မီးသွေးအသုံးကို
လုံးဝရပ်တန့်သွားဖို့နဲ့ ၂၀၅၀ မှာ ကမ္ဘာပေါ်မှာ ကျောက်မီးသွေးသုံးတာ မရှိရဘူးဆိုတဲ့ ရည်မှန်းချက်နဲ့
ဦးတည်ပြီး လူထုသတိရှိအောင် အသိရအောင် လုပ်တာပေါ့။ ဒီနှစ်ရည်ရွယ်ချက်ကတော့ မလိုတဲ့
လျှပ်စစ်တွေကို မသုံးဘဲနဲ့ ချွေတာခြင်းအားဖြင့် လျှပ်စစ် ထုတ်လုပ်မှုကို လျှော့ချနိုင်ဖို့အတွက်ပါ"လို့
ဦးထွန်းလွင်က ပြောပါတယ်။

"ပြီးခဲ့တဲ့ ခုနစ်နှစ်အတွင်း နေကလာတဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့အဆက အနည်းဆုံးဖြစ်ပေမဲ့ ကမ္ဘာက
သူ့အလိုလို အပူဆုံးဖြစ်နေတယ်။ အဲဒါဟာ အတော်ကြောက်စရာကောင်းတယ်။ ဆိုလိုတာက
ကမ္ဘာဟာ သူ့သဘောသူ ဆောင်နေတဲ့ သဘောပေါ့။ တစ်နည်းပြောရရင် Anthropogenic ပေါ့။
လူ့ပယောဂတွေ များနေတဲ့သဘောကို ပြနေတယ်။ အဲဒါဟာ ကမ္ဘာသူ ကမ္ဘာသားအားလုံး
သတိပြုရမယ့်အချက်ပဲ" လို့ ဦးထွန်းလွင်က ထောက်ပြခဲ့ပါတယ်။

ဘန်နီဖြိုးကတော့ ဒီနှစ်မှ ပထမဆုံး ရွေးချယ်လိုက်တဲ့ WWF Myanmar ရဲ့ Earth Hour
သံတမန်တစ်ယောက် ဖြစ်ပါတယ်။

သူကလည်း ဒီပွဲမှာ တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့သလို သူ့ကိုချစ်တဲ့ သူ့ရဲ့ပရိသတ်တွေကလည်း
ဒီပွဲမှာ ပါဝင်ခဲ့ကြပါတယ်။

"အားလုံး အိုဇုန်လွှာပါးတဲ့ အကြောင်းတွေ စာတွေ သင်ခဲ့ရတယ်။ ကမ္ဘာကြီးမှာ ရာသီဥတုတွေ
ဘယ်လိုတွေပြောင်းလဲလာတာတွေ သင်ခဲ့ရတယ်။ ဒါပေမဲ့ လူတွေက ကိုယ့်နေ့စဉ်ဘ၀မှာ
ရုန်းကန်လှုပ်ရှားရင်းနဲ့ ဒါတွေကို မေ့မေ့သွားကြတာပေါ့။ အမှန်တော့ ကျွန်တော်တို့က
အနီးကပ်မြင်မနေရတာမို့ ဒါကို သတိမေ့နေကြတယ်လို့ ထင်ပါတယ်။ အမှန်က လက်တစ်ကမ်းမှာပါ။
ရာသီဥတုက ပိုပိုပူလာတယ်။ ဆောင်းတွင်းဆိုလည်း မအေးတော့ဘူး။ မိုးတွင်းလည်း ပူချင်သလိုပူ
အေးချင်သလိုအေးနဲ့ ရာသီဥတုတွေက ဖောက်ပြန် လာတယ်။ အဲဒီတော့ အခုအချိန်က ပြောင်းလဲဖို့
အရမ်းနောက်မကျသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ အဲဒီအတွက် တတ်နိုင်သလောက်
ကိုယ့်တစ်ကိုယ်စီကနေပဲ စပြီး နေ့စဉ်နေထိုင်မှုပုံစံတွေ ကိုယ့်ပတ်ဝန်းကျင်ရဲ့ပုံစံတွေ ပြောင်းမယ်ဆိုရင်
ပိုပြီးကောင်းလာမယ် ထင်ပါတယ်"လို့ ဘန်နီဖြိုးက ဆိုပါတယ်။

ဒီနှစ်ဟာ Earth Hour အခမ်းအနား ကျင်းပတဲ့ ၁၀ နှစ်မြောက် နှစ်ပတ်လည် နှစ်လည်း ဖြစ်ပါတယ်။

အခု ရွှေတိဂုံစေတီတော်မှာ ကျင်းပခဲ့တဲ့ Earth Hour အခမ်းအနားက မြန်မာနိုင်ငံကို Earth Hour
ကျင်းပတဲ့ ၁၈၄ နိုင်ငံထဲမှာ တစ်နိုင်ငံအပါအ၀င်အဖြစ် မှတ်တမ်းတင်စေခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်