Monday, April 24, 2017

သိန်း ၅၀ ကျော် လေလံတင်ရောင်းချနိုင်ခဲ့တဲ့ အောင်လအန်ဆန်ရဲ့ ပရဟိတလေလံပွဲ

One Championship ပွဲမှာ ၀တ်ဆင်ခဲ့တဲ့ လက်ဝှေ့အိတ်ပေါ်တွင် လေလံမတင်ခင် လက်မှတ်ရေးထိုးနေစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)One Championship ပွဲမှာ ၀တ်ဆင်ခဲ့တဲ့ လက်ဝှေ့အိတ်ပေါ်တွင် လေလံမတင်ခင် လက်မှတ်ရေးထိုးနေစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)

နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ရဲ့ ကိုယ်တိုင်ရေး ပန်းချီကားတစ်ကားကို ဒေါ်လာတစ်သောင်းခွဲအထိ
လေလံတင်နိုင်ခဲ့သလို၊ ကချင်ဒီဇိုင်နာရဲ့ ကိုယ်တိုင်ဖန်တီးချုပ်လုပ်ထားတဲ့ ၀တ်စုံကလည်း
ဒေါ်လာ တစ်ထောင်အထိ လေလံတင်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ လေလံတင်ရောင်းချပြီး လိုအပ်တဲ့ နေရာတွေကို ပေးပို့လှူဒါန်းကြတဲ့ ပရဟိတလေလံပွဲ
ဓလေ့ကတော့ တခြားနိုင်ငံတွေထက်စာရင် အရေအတွက် အတော်ကို နည်းပါးနေပါသေးတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ (မတ်လ ၃၁)ရက်မှာတော့ နာမည်ကျော် လူသိများတဲ့ ကချင်တိုင်းရင်းသား
လက်ဝှေ့ အားကစားသမား အောင်လအန်ဆန်ရဲ့ ကိုယ်ပိုင်ပစ္စည်း အသုံးအဆောင်တွေ လေလံတင်
ရောင်းချတဲ့ပွဲကို ရန်ကုန်မြို့၊ န၀ဒေးလမ်းမှာ ကျင်းပခဲ့ပြီး သိန်း ၅၀ ကျော်ဖိုးအထိ
လေလံအောင်ခဲ့ပါတယ်။

အဲဒီ လေလံပွဲရဲ့ အကျိုးအမြတ်တွေအားလုံးကို ကချင်ပြည်နယ်မှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကို
ကူညီပေးနေတဲ့ Shingni NBat Charity အဖွဲ့နဲ့ ရန်ကုန်မှာရှိတဲ့ သုခရိပ်မြုံ မိဘမဲ့ဂေဟာတို့ကို
ထောက်ပံ့လှူဒါန်းခဲ့ကြပါတယ်။

"ကျွန်တော်ကတော့ အခုလိုအခွင့်အရေးမျိုး ရတဲ့အတွက် အရမ်းကို ကျေးဇူးတင်မိပါတယ်" လို့
မြန်မာ့ စပါးအုံးလို့ လူသိများတဲ့ အောင်လအန်ဆန်က လေလံပွဲ မစတင်မီ လေလံပွဲကိုလာရောက်တဲ့
သူ့ရဲ့ပရိသတ်တွေကို စိတ်လှုပ်ရှားနေတဲ့အမူအရာနဲ့ ပြောခဲ့ပါတယ်။

"ဒီလေလံပွဲမှာ ကျွန်တော်လေ့ကျင့်ရေးလုပ်တဲ့အခါ အသုံးပြုတဲ့ ကျွန်တော့်ကိုယ်ပိုင်ပစ္စည်းတွေ ပါသလို၊
သုဝဏ္ဏကွင်းမှာလုပ်ခဲ့တဲ့ One Championship လက်ဝှေ့ ပွဲမှာအသုံးပြုခဲ့တဲ့ပစ္စည်းတွေလည်း ပါတယ်။
ဒီပစ္စည်းတွေ တော်တော်များများက ကျွန်တော့်အတွက် အမှတ်တရတွေပါပဲ။ ဒါပေမဲ့
အဲဒီပစ္စည်းတွေထက် ကျွန်တော်ကြီးပြင်းခဲ့တဲ့ ကချင်ပြည်နယ်နဲ့ အကူအညီတွေ လိုအပ်နေတဲ့
တခြား နေရာတွေကို လှူဒါန်းဖို့က ပိုပြီးအရေးကြီးပါတယ်။ ဒီ လေလံပွဲလေးက သူတို့တွေဆီ လိုအပ်တဲ့
အကူအညီတွေပေးဖို့ အခွင့်အလမ်းဖန်တီးပေးတဲ့ ပွဲပါပဲ။ဒါကြောင့် ကျွန်တော်ကတော့ အရမ်းကို
စိတ်လှုပ်ရှားရပါတယ်"လို့ အောင်လအန်ဆန်က ဆိုပါတယ်။

အောင်လအန်ဆန်ရဲ့ One Championship (One FC) ပွဲမှာ ၀တ်ဆင်အသုံးပြုခဲ့တဲ့ လက်ဝှေ့အိတ်၊
ရှပ်အကျီ နဲ့ ဘောင်းဘီတွေ အပါအ၀င် ကိုယ်ပိုင်အားကစား အသုံးအဆောင် ခုနစ်မျိုး၊ ၂၀၁၄ ခုနှစ်က
ဗာဂျီးနီးယားပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ North American Grappling Association Tournament မှာ
အနိုင်ရရှိခဲ့တဲ့ ရွှေတံဆိပ်နဲ့အတူ လေလံပွဲအတွက် ဒီဇိုင်းထွင် ထုတ်လုပ်ထားတဲ့ တီရှပ်တွေ အပါအ၀င်
လေလံပစ္စည်းစုစုပေါင်း ၁၃ မျိုးတို့ကို လေလံ တင်ရောင်းချခဲ့တာပါ။

ပစ္စည်းတွေအားလုံးကိုတော့ အောင်လအန်ဆန်ကိုယ်တိုင် လက်မှတ်ရေးထိုးထားပါတယ်။

အဲဒီအပြင် လေလံတင်ပစ္စည်းတွေထဲမှာ ထူးခြားတာက သူနဲ့အတူ ညစာစားခွင့်ပါပဲ။

တခြားပစ္စည်းတွေ လေလံတင်ရောင်းချချိန်မှာတော့ အမျိုးသမီးလေးတွေက လေလံတင်မယ့်
ပစ္စည်းတွေကို စင်မြင့်ပေါ်ယူဆောင် ပြသခဲ့ပေမယ့် ညစာစားခွင့်ကို လေလံတင်တဲ့အခါမှာတော့
သူကိုယ်တိုင် စင်မြင့်ထက်ပေါ် တက်လာခဲ့ပါတယ်။

သူ့နဲ့အတူ ညစာစားခွင့်ကို လေလံဈေးဘယ်လောက်အထိ အောင်မယ်ဆိုတာကို စိတ်လှုပ်ရှားနေသလို
ပီကေ ၀ါးရင်း စင်မြင့်ထက်ကိုတက်လာတဲ့ လေလံပွဲက အောင်လအန်ဆန်ရဲ့အမူအရာက
ကြိုးဝိုင်းထက်မှာ၊ ဓာတ်ပုံတွေထဲမှာနဲ့ အင်တာဗျူးတွေမှာ တွေ့မြင်နေကျပုံစံနဲ့မတူဘဲ ကွဲပြားနေပါတယ်။

ကြမ်းခင်းဈေး ၉၀၀,၀၀၀ နဲ့ စတင်ခေါ်ဆိုခဲ့တဲ့ ညစာ စားခွင့်ကိုတော့ အောင်လအန်ဆန်နဲ့အတူ
လေလံဈေး အမြင့်ဆုံးခေါ်ဆိုအောင်နိုင်သူက နောက်ထပ်တစ်ဦးကို အပိုခေါ်ဆောင်လာပြီး Sarabol
ကိုရီးယားစားသောက်ဆိုင်မှာ ညစာစားခွင့် စကားစမြည်းပြောခွင့်ရမှာဖြစ်ပါတယ်။

၉၀၀,၀၀၀ တန် ညစာကိုတော့ အောင်လအန်ဆန် ရဲ့ အသုံးအဆောင်ပစ္စည်း တော်တော်များများကို
ဝင်ရောက်လေလံဆွဲအောင်မြင့်ခဲ့တဲ့ စုံတွဲတစ်တွဲက ရရှိခဲ့ပါတယ်။

"ဒီလိုမျိုး ကျွန်တော့်ကိုယ်ပိုင်ပစ္စည်းတွေ လေလံတင်တယ်၊ ရလာတဲ့ အကျိုးအမြတ်တွေကို
လိုအပ်နေတဲ့ နေရာတွေကို ကူညီတယ်ဆိုတာက ကျွန်တော့်ဘ၀မှာ ပထမဦးဆုံး
အတွေ့အကြုံပါပဲ။" လို့ ပြောတဲ့ အောင်လအန်ဆန် က သူ့ရဲ့အသုံးအဆောင်ပစ္စည်းတွေ
အားလုံးထဲမှာတော့ သူအသုံးပြုနေကျဖြစ်တဲ့ လက်ဝှေ့လက်အိတ်ကို အကြိုက်ဆုံးပဲလို့လည်း
ဆိုပါတယ်။

"ကျွန်တော်က ချမ်းသာပြည့်စုံတဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ပိုင်ဆိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ
ပစ္စည်းတွေထက် အဲဒီပစ္စည်းတွေကို ကျွန်တော့်ထက် ပိုလိုအပ်နေတဲ့ သူတွေဆီကိုရောက်အောင်
ကူညီပေးနိုင်တဲ့အတွက် ၀မ်းသာမိပါတယ်" လို့ အောင်လအန်ဆန်က လေလံပွဲမတိုင်မီ
မြန်မာတိုင်း(မ်)နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

လေလံတင်ပစ္စည်း ၁၃ မျိုးထဲမှာ အနည်းဆုံး ကြမ်းခင်း ဈေး ၅၀,၀၀၀ ကနေ အများဆုံး ကြမ်းခင်းဈေး
၁၀ သိန်း အထိ ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်က သုဝဏ္ဏအားကစားကွင်းမှာ လက်ဝှေ့အကျော်အမော်
Michael Pasternak နဲ့ ထိုးသတ် အောင်မြင်တုန်းက ၀တ်ဆင်အသုံးပြုခဲ့တဲ့ လက်ဝှေ့ လက်အိတ်
ကိုတော့ ကြမ်းခင်းဈေး ၂၀၀,၀၀၀ နဲ့ စတင် လေလံတင်ခဲ့ပါတယ်။

လေလံပစ်သူတွေ စိတ်ပါဝင်စားပြီး အပြိုင်အဆိုင်လေလံပစ်သူတွေနဲ့ ပွဲတစ်ခုလုံး လေလံသံတွေ
ညံခဲ့တဲ့အချိန်ကလည်း အဲဒီလက်ဝှေ့အိတ်ကို လေလံတင်ချိန်ပါပဲ။

ကြမ်းခင်းဈေး ၂၀၀,၀၀၀ နဲ့ စတင်ခေါ်ဆိုခဲ့ပေမဲ့ အပြိုင်အဆိုင် လေလံဆွဲပြီး နောက်ဆုံးမှာတော့
၁၂ သိန်းနဲ့ လေလံအောင်မြင်ခဲ့ပါတယ်။

လေလံတင်ပစ္စည်း ၁၃ မျိုးထဲမှာ လေလံကြမ်းခင်းဈေး အမြင့်ဆုံးပစ္စည်းက ငွေကျပ် ၁၀ သိန်းနဲ့
စတင်လေလံခေါ်ဆိုခဲ့တဲ့ ၂၀၁၄ ခုနှစ်က ရရှိခဲ့တဲ့ ရွှေတံဆိပ်ဖြစ်ပြီး ၁၆ သိန်းခွဲနဲ့
လေလံအောင်မြင်ခဲ့ပါတယ်။

လေလံပစ်နေချိန်မှာ ကြမ်းခင်းဈေးနည်းတဲ့ ပစ္စည်းတွေဆိုရင် ကျပ် ၁၀,၀၀၀ စီ တိုးပြီး
လေလံဈေးမြှင့်တင် ခေါ်ဆိုပေမဲ့ ကြမ်းခင်းဈေးများတဲ့ ပစ္စည်းတွေဆိုရင်တော့ ကျပ် ၃၀,၀၀၀ ကနေ
ကျပ် ၅၀,၀၀၀ အထိ အသီးအသီး အပြိုင်အဆိုင် မြှင့်တင်ခေါ်ဆိုခဲ့ပါတယ်။

"ကျွန်တော်တို့အနေနဲ့ အခုလို အားကစားသမားရဲ့ကိုယ်ပိုင်အသုံးအဆာင်ပစ္စည်းတွေကို
လေလံတင်တယ်ဆိုတာ တစ်ခါမှ အတွေ့အကြုံမရှိသလို ကြုံလည်းမကြုံ ဖူးပါဘူး။ ကိုယ်တစ်ခါမှ
မလုပ်ဖူးတဲ့အလုပ်ကို စလုပ်ရတယ်ဆိုတော့ အခက်အခဲတွေ အများကြီးရှိပါတယ်။ အဓိကစိန်ခေါ်မှုက
တကယ်လေလံမှာ ပါဝင်မယ့်သူတွေကို ဖိတ်ခေါ်ရတာပါ။ ဒါပေမဲ့ အောင်လရဲ့ပရိသတ်တွေက
များတော့ လူတွေက စိတ်ဝင်စားကြတယ်။ နောက်ပြီး တော့ သူကလည်း သူ့ရဲ့အင်တာနက်
ဆိုရှယ်စာမျက်နှာတွေမှာ ကြော်ငြာပေးထားတော့ ဒီပွဲအောင်မြင်မယ်လို့ ထင်ပါတယ်" လို့
လေလံပွဲမစခင် ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ shopmyar.com က Marketing & Operation Manager
ဖြစ်တဲ့ ကိုမင်းသူဝင်းက ပြောပါတယ်။

Shopmyar.com ကတော့ အောင်လအန်ဆန်ရဲ့ ပရဟိတလေလံပွဲကို ဦးစီးပြုလုပ်ပေးတဲ့
ကုမ္ပဏီဖြစ်ပြီး ပြည်တွင်းနဲ့ ပြည်ပနှစ်မျိုးလုံးက ပစ္စည်းတွေ ၀ယ်ယူပို့ဆောင်မှုပေးနေတဲ့ အွန်လိုင်း
ဝက်ဘ်ဆိုက်တွေကို တည်ထောင်ပြီး အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်နေတဲ့
onestop online shopping destination ကုမ္ပဏီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ လက်ဝှေ့အကျော်အမော် အောင်လအန်ဆန်က ကချင်ပြည်နယ်
သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ လေလံပွဲက ရရှိခဲ့တဲ့ အကျိုးအမြတ်တွေထဲက တချို့တစ်ဝက်ကိုတော့
လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ အသက် ၃၁ နှစ်ကျော်၊ မြန်မာလက်ဝှေ့အားကစားသမား
အောင်လအန်ဆန် ကတော့ ၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းထွက်ခွာခဲ့ပြီး
အမေရိကန်နိုင်ငံကို သွားရောက်နေထိုင်ခဲ့ပါတယ်။

အခုဆိုရင်တော့ သူဟာ အမေရိကန်နိုင်ငံသားတစ်ဦးအဖြစ် ခံယူထားခဲ့တဲ့အပြင် အမေရိကန်မှာ
အိမ်ထောင်ကျပြီး သားတစ်ယောက်ရဲ့ ဖခင်ဖြစ်နေပါပြီ။

သူနောက်ဆုံး ထိုးသတ်ခဲ့တဲ့ ဇန်န၀ါရီလက အင်ဒိုနီးရှား၊ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ ပွဲမှာတော့
မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲအဖြစ် ရုရှားဖိုက်တာ Vitaly Bigdash နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး
အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

သူ့အနေနဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ပြန်လည်စိန်ခေါ်ထိုးသတ်ဖို့ အစီအစဉ်ရှိတယ်လို့
ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်