စိတ်ကျန်းမာရေးထောက်ပံ့မှု အားနည်းချက်တွေမှ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေဆီသို့ ..

မြန်မာနိုင်ငံမှာ နှစ်စဉ် မိမိကိုယ်ကိုယ် အဆုံးစီရင်သူနှုန်းက လူတစ်သိန်းမှာ ၁၃ ဒသမ ၁ ယောက် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဖော်ပြထားပါတယ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)မြန်မာနိုင်ငံမှာ နှစ်စဉ် မိမိကိုယ်ကိုယ် အဆုံးစီရင်သူနှုန်းက လူတစ်သိန်းမှာ ၁၃ ဒသမ ၁ ယောက် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဖော်ပြထားပါတယ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

အသက် ၂၂ နှစ်အရွယ် ဆာကူရာ (အမည်လွှဲ)ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်
အဆုံးစီရင်ဖို့ ကြံစည်ဖူးတဲ့အကြောင်းကို မကြာသေးမီကမှ သူငယ်ချင်းတွေကို
ပြန်လည်ပြောပြနိုင်ခဲ့ပါတယ်။

ဆာကူရာရဲ့ ဆယ်ကျော်သက်နှောင်းပိုင်းကာလကတော့ မိသားစုနဲ့ အဆင်မပြေမှုတွေ၊
အချိန်အကြာကြီး တွဲခဲ့တဲ့ချစ်သူနဲ့ အဆက်အသွယ်ပြတ် စတဲ့ပြဿနာတွေနဲ့ ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့
ကာလပဲဖြစ်ပါတယ်။

အဲဒီလိုအဆင်မပြေမှုတွေက သူ့ကို မွန်းကျပ်စေပြီး စိတ်ထွက်ပေါက်အဖြစ် တစ်ခုခုကို
လိုအပ်နေစေခဲ့ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရခြင်းရဲ့ အကြောင်းအရင်းတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီပါဘူး။
အထူးသဖြင့် မြန်မာနိုင်ငံကတော့ တခြားနိုင်ငံတွေထက် ပိုကွာခြားပါတယ်။

မြန်မာနိုင်ငံမှာ စိတ်ဓာတ်ကျတယ်၊ စိတ်ဖိစီးမှု အရမ်းများတယ် စတဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်းရဲ့
ရှေ့ပြေးလက္ခဏာတွေကို ဂရုတစိုက် မကုသကြတာ များပါတယ်။ ကုသရမယ်မှန်းလည်း
မသိကြပါဘူး။ အဲဒါကြောင့် စိတ်ပိုင်းဆိုင်ရာပြဿနာ ခံစားနေရတဲ့လူတွေက များသောအားဖြင့်
ကုသဖို့၊ ကုသပေးနိုင်တဲ့သူနဲ့ ဆွေးနွေးတိုင်ပင်ဖို့ ဆန္ဒမရှိကြသလို အကူအညီလည်း
မတောင်းကြပါဘူး။

"ငါ လူ့လောကကနေ ထွက်ခွာသွားချင်ခဲ့တယ်" လို့ ဆာကူရာက သူအတိတ်က ခံစားခဲ့ရတာကို
ပြန်ပြောပြပါတယ်။

သတ်သေဖို့ အချိန်ကျပြီလို့ သူထင်တဲ့ ညတစ်ညမှာ အိမ်သုံးပိုးသတ် ဆေးရည်တစ်မျိုးကို
သောက်ခဲ့ပါတယ်။

"ငါ ပုလင်းတစ်ဝက် သောက်ခဲ့တယ်။ အဲ့ဒါက တော်တော်ဆိုးတယ်။ ချက်ချင်းကြီး ခန္ဓာကိုယ်ထဲက
ကလီစာတွေကို စုပ်ယူလိုက်သလိုပဲ ခြောက်ကပ် သွားတယ်။ အဲဒီအချိန်မှာ ငါသေရမှာ
အရမ်းကြောက်သွားတယ်။ အတွင်းထဲက လိမ့်တက်လာပြီး ဘယ်လိုမှ မခံစားနိုင်အောင်ပဲ။
ဒါပေမဲ့ တစ်ခါတည်း သေသွားပါစေလို့ပဲ ဆုတောင်းခဲ့တယ်" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ကံကောင်းချင်တော့ အဆိပ်ကြောင့် သူ သတိလစ်သွားချိန်မှာ မိခင်ဖြစ်သူ အပြင်သွားနေရာက
အိမ်ပြန်ရောက်ခဲ့ပါတယ်။

"ဆေးခန်းရောက်သွားတာ အချိန်မီလေးပဲ" လို့ ဆာကူရာက ပြောပါတယ်။

ဆာကူရာကတော့ သတ်သေသူတော်တော်များများမှာ မရရှိတဲ့ ဒုတိယ အခွင့်အရေးကို ရရှိခဲ့ပါတယ်။

လူအများရဲ့စိတ်ဝင်စားမှုနဲ့ အစိုးရရဲ့ထောက်ပံ့မှု အားနည်းပေမဲ့ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံရဲ့
သတ်သေမှုနှုန်းက အမြင့်ဆုံးနေရာ ရောက်ရှိနေတယ်လို့ WHO က မကြာသေးမီက
ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် မိမိကိုယ်ကိုယ် အဆုံးစီရင်တဲ့နှုန်းက လူတစ်သိန်းတိုင်းမှာ
၁၃ ဒသမ ၁ ယောက်စီ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ ၂၀၁၄ အစီရင်ခံစာအရ
သိရပါတယ်။

အဲဒီနှုန်းက လူအယောက် တစ်သိန်းတိုင်းမှာ ၁၁ ဒသမ ၄ ယောက်သတ်သေတဲ့
နိုင်ငံတကာနှုန်းထားထက် မြင့်တက်နေတာကို တွေ့ရပါတယ်။

အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ် (၅)၊ တရုတ် (၇ ဒသမ ၈)၊ လာအို (၈ ဒသမ ၈)နဲ့
ကမ္ဘောဒီးယား (၉ ဒသမ ၄)ထက် ပိုများနေတာကို ၂၀၁၄ စစ်တမ်းအရ သိရပါတယ်။

"အခုလက်ရှိ မြန်မာနိုင်ငံက ကိုယ့်ကိုယ်ကိုယ်သတ်သေတာနဲ့ ပတ်သက်တဲ့ စာရင်းအတိအကျ
ကောက်ဖို့ ခက်ခဲတယ်။ တစ်ခါတလေမှာ ဆေးမှတ်တမ်းတွေက လူနာတစ်ယောက်က ဒီဒဏ်ရာ
ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းထက် ဘယ်လိုဒဏ်ရာမျိုးလဲ ဆိုတာကိုပဲ ဦးစားပေး
ဖော်ပြကြတယ်" လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မြန်မာက ပြောရေးဆိုခွင့်ရှိသူက မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။

ယေဘုယျအားဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ ကိစ္စတွေက မှတ်တမ်းမှတ်ရာ မရှိတတ်ဘူးလို့
သူကပြောပါတယ်။ (မြန်မာပြည်က နိုင်ငံတကာနှုန်းထက် ပိုမြင့်နေလို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။)

အဲဒီလိုမျိုးသတ်သေတဲ့နှုန်းတွေ မြင့်တက်နေတာကိုလည်း မြန်မာနိုင်ငံက လူတော်တော်များများက
သတိမထားမိကြသေးပါဘူး။

မြန်မာတိုင်း(မ်)က ရန်ကုန်သူ၊ ရန်ကုန်သား အသက်အရွယ် အသီးသီး တချို့ရဲ့ ကိုယ့်ကိုယ်ကိုယ်
သတ်သေတဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ အမြင်ကို လိုက်မေးမြန်းခဲ့ပါတယ်။

"ကျွန်တော်တို့အရွယ်တွေ သတ်သေတယ်ဆိုတာ အချစ်ကိစ္စနဲ့ ကျောင်းစာကြောင့်ပဲ ဖြစ်တာများတယ်။
ကျွန်တော်ကတော့ အဲဒီလိုလူတွေကို ဦးနှောက် မရှိဘူးလို့ဘဲ မြင်တယ်"လို့ အသက် ၂၀ အရွယ်
တက္ကသိုလ်ကျောင်းသား ကိုအေးချမ်းက ပြောပါတယ်။

"ရူးနေလို့ သတ်သေကြတာပေါ့"လို့ အသက် ၂၆ နှစ်အရွယ် စတီဗင်အမည်ရှိ အင်ဂျင်နီယာက
ပြောပါတယ်။ အသက် ၇၆ နှစ်အရွယ် အနုပညာရှင် ဦးဘသန်းကတော့ ကိုယ့်ကိုယ်ကိုယ်
အဆုံးစီရင်ရဲတဲ့ သူတွေက သူများကို သတ်ဖို့လည်း ၀န်လေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အသက် ၇၇ နှစ်အရွယ် ဒေါ်လှလှက "တန်ဖိုးရှိပြီး ရခဲတဲ့လူ့ဘ၀ကို ဘာလို့ လွယ်လွယ်ကူကူ
အရှုံးပေးကြလဲဆိုတာ နားမလည်နိုင်ဘူး"လို့ ပြောပါတယ်။

ဒါကတော့ သတ်သေတာနဲ့ ပတ်သက်ပြီး လူတချို့ရဲ့ ထင်မြင်ယူဆချက်တွေပဲ ဖြစ်ပါတယ်။

တချို့နိုင်ငံတွေက လေ့လာချက်အရ ကိုယ့်ကိုယ်ကိုယ်သတ်သေကြတဲ့ လူတွေထဲက
၉၀ ရာခိုင်နှုန်းအထိက စိတ်ကျန်းမာရေးရောဂါရှိတာကို မသိတဲ့ လူလည်း ရှိတယ်လို့ ဆိုပါတယ်။

"ဒီစိတ်ကျန်းမာရေးပြဿနာတွေကို မြန်မာပြည်မှာ မကြာမကြာလျစ်လျူရှု ထားကြတယ်"လို့
အာရှ - ဩစတြေးလျ စိတ်ကျန်းမာရေးအဖွဲ့က ပရော်ဖက်ဆာ Chee Ng က မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။

သူကတော့ မြန်မာ့စိတ်ကျန်းမာရေး ပြဿနာတွေကို နှစ်ပေါင်းများစွာ ကူညီဖြေရှင်းပေးနေသူတစ်ဦးလည်း
ဖြစ်ပါတယ်။

ဒီမှာ သတ်သေတဲ့ကိစ္စတွေဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ သင့်တော်တဲ့ ဂရုစိုက်မှုရရှိမှု
နည်းပါးခြင်း၊ ကုသမှုမှာ လိုအပ်မှုများရှိနေခြင်း၊ သင့်တော်တဲ့ ၀န်ဆောင်မှုတွေ၊ ထောက်ပံ့မှုတွေ
မရှိခြင်း၊ စိတ်မကျန်းမာတဲ့သူတွေကို ခွဲခြားဆက်ဆံခြင်းတွေကြောင့်ဖြစ်တယ်လို့ သူက ပြောပါတယ်။

သူပြောတဲ့ထဲမှာ အကြောင်းအရာတစ်ခုကတော့ တော်တော်လေးကို အခက်အခဲဖြစ်နေတာပါ။

"စိတ်ကျန်းမာရေး အထူးကုနဲ့ ၀န်ထမ်းတွေက ဒီမှာ လူမလောက်ဘူး။ မြန်မာ့လူဦးရေ ၅၄ သန်း
အတွက် စိတ်ရောဂါအထူးကု ဆရာဝန် ၂၀၀ ပဲ ရှိတယ်"လို့ ပရော်ဖက်ဆာ Ng က ပြောပါတယ်။

တစ်နည်းအားဖြင့် လူပေါင်း နှစ်သိန်းခုနစ်သောင်းအတွက် စိတ်ရောဂါအထူးကု ဆရာဝန်
တစ်ယောက်သာ ရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်တာတွေ၊ သတ်သေတာတွေနဲ့ ပတ်သက်ပြီး
တားမြစ်ချက်တွေက မြန်မာနိုင်ငံမှာ ရှုပ်ထွေးတဲ့ကိစ္စတစ်ခုပါ။

မြန်မာတိုင်း(မ်)မှာ (အပေါ်မှာ) ဖော်ပြထားတဲ့ ရန်ကုန်သူ၊ ရန်ကုန်သားတွေကလည်း
ဘာသာရေးအယူအဆအရလည်း ဒီလိုကိစ္စတွေကို ဆန့်ကျင်တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဘာသာအယူအရ ဘ၀တစ်ခုမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့သူက နောက်ဘ၀ပေါင်း
၅၅၀ ဒီလိုပဲ ဆက်ခံစားရတယ်လို့ ဆိုပါတယ်။

တချို့ကျတော့လည်း 'အတွင်းမီး အပြင်မထုတ်နဲ့' ဆိုတဲ့ မြန်မာစကားပုံ တစ်ခုက
ထောက်ပြထားပါတယ်။ ဆိုလိုတာကတော့ မိသားစုတွင်းကပြဿနာ တွေ၊ ကိုယ့်ပြဿနာတွေကို
အပြင်လူကို ထုတ်မပြောရဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့
အဲဒီအတွေးအခေါ်တွေက စိတ်ကျန်းမာရေး ကိစ္စတွေကို ပိုဖြစ်စေပါတယ်။

အဲဒါကိုတော့ Counselling Centre Yangon က စိတ်ကျန်းမာရေးအတိုင်ပင်ခံတစ်ဦးအဖြစ်
လုပ်ကိုင်ခဲ့သူ ဦးသော်မြတ်စိုးက "မြန်မာမှာ အတင်းပြောတဲ့ သူပဲ ရှိတယ်။ ကိုယ့်အကြောင်းကို
ထုတ်ပြောပြီး ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့သူမျိုး မရှိဘူး။ ကိုယ့်စိတ်ခံစားချက်ကို မပြောကြဘူး။
ဒါမြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူနေမှုစရိုက်၊ ရိုးရာယဉ်ကျေးမှုပဲ ပြောရမလား။ ဒါပေမဲ့ အဲဒီလိုမျိုးက
မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာပဲ တွေ့ရတာ" လို့ ပြောပါတယ်။

ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတာ ကာယကံရှင်တစ်ယောက်တည်းရဲ့ အပြစ်မဟုတ်ဘဲ
အဲဒီလူရဲ့မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ ဆက်ဆံမှုပေါ်မှာလည်း မူတည်တယ်လို့ သူက ဆိုပါတယ်။

Geneva မှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်က Dr Alexandra Fleischmann က
သတ်သေတာကို တားဆီးဖို့အတွက် မီဒီယာတွေရဲ့အခန်းကဏ္ဍကလည်း အဓိကကျတယ်လို့
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဒီအချက်ကိုတော့ ဆေးဘက်ဆိုင်ရာအထူးပြု ဦးကျော်ဇေယျက ကိုယ့်ကိုယ် ကိုယ်သတ်သေတာနဲ့
ပတ်သက်တဲ့ အကျိုးဆက်တွေ၊ မဖြစ်ခင်ကြိုတင်ဖြေရှင်း ရမှာတွေကို သတင်းမီဒီယာတွေမှာ
ဖော်ပြတာတော့ ကျွန်တော် တစ်ခါမတွေ့ ဖူးသေးဘူးလို့ ပြောပါတယ်။

ဆာကူရာကတော့ ကိုရီးယားကားတွေ၊ ၀တ္ထုတွေ၊ နောက်ဆုံး သီချင်း ဗီဒီယိုတွေထဲမှာတောင်
ကိုယ့်ချစ်သူအတွက် အသက်ကို စတေးလိုက်တာတို့၊ ကျဉ်းကျပ်နေတဲ့အခြေအနေက
လွတ်မြောက်ချင်လို့ ကိုယ့်ကိုယ်ကိုယ်သတ်သေတာတို့ကို အမြဲမြင်တွေ့နေရတယ်လို့ ပြောပါတယ်။

သို့ပေမဲ့ အစိုးရဘက်ကလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စိတ်ကျန်းမာရေးအခြေအနေ
(သတ်သေတာနဲ့) ပတ်သက်တဲ့ အစီအစဉ်သစ်တစ်ခုကို မူကြမ်းအဖြစ် စတင်ရေးဆွဲနေပါတယ်။

အဲဒီအစီအစဉ်သစ်မှာ ၂၀၁၇ ခုနှစ်မှာ သတ်သေချင်ရင် တိုင်ပင်ဆွေးနွေးနိုင်တဲ့ ၀န်ဆောင်မှုတွေနဲ့
လူအများရဲ့ အာရုံစိုက်မှုကို ရရှိနိုင်မယ့် သတ်သေတာကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပါဝင်မယ်လို့
သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(မြန်မာ)က ပြောရေးဆိုခွင့်ရှိသူကတော့ ဘယ်အစီအစဉ်မှာမဆို
သတ်သေတာကိုဖြစ်စေတဲ့ အန္တရာယ်ရှိတဲ့ အကြောင်းရင်းတွေကို ထင်ထင်ရှားရှား ဖော်ပြသင့်တယ်လို့
ပြောပါတယ်။

"သတ်သေရာမှာ အသုံးအများဆုံးဖြစ်တဲ့ အဆိပ်၊ အန္တရာယ်ရှိတဲ့ ဆေးဝါးတွေနဲ့ သတ်သေစေနိုင်တဲ့
လက်နက်တွေကိုသာ ရရှိဖို့ ခက်ခဲသွားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်တာကို
တားမြစ်တဲ့နေရာမှာ ထိရောက်မှု ရှိနိုင်မယ်"လို့ သူက ပြောပါတယ်။

ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ တားဆီးတဲ့နေရာမှာ အတုယူသင့်တဲ့ နိုင်ငံကတော့ ပညာရှင်အများစုရဲ့
အဆိုအရ ဘူတန်နိုင်ငံပဲ ဖြစ်ပါတယ်။

ဘူတန်နိုင်ငံကတော့ ပြီးပြည့်စုံတဲ့ National Suicide Prevention Strategy ကို ၂၀၁၅ ခုနှစ်က
စတင်ခဲ့ပြီး၂၄ နာရီ ဆက်သွယ်နိုင်တဲ့ ဖုန်းလိုင်းတွေကနေ ကျန်းမာရေးပညာရှင်တွေကို သင်တန်း
သေချာပေးတဲ့အထိ၊ ဘာသာရေးခေါင်း ဆောင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ နောက်ဆုံး ဖျော်ဖြေရေး
လုပ်ငန်းတွေနဲ့တောင် ကာကွယ်ရေးလှုပ်ရှားမှုတွေ အတူလုပ်ဆောင်ပြီး စတင်ခဲ့ပါတယ်။

"ကိုယ့်ကိုယ်ကိုယ် တစ်ယောက်သတ်သေတိုင်း လူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်တယ်။
ငါတို့ အတူတကွ မြန်မြန်လုပ်ဆောင်သင့်တယ်" လို့ ဘူတန်ဝန်ကြီးချုပ် Tshering Tobgay က
သူတို့နည်းဗျူဟာကို မိတ်ဆက်တုန်းက ပြောကြားခဲ့ပါတယ်။

ရန်ကုန်ဆေးတက္ကသိုလ် စိတ်ကျန်းမာရေးဌာနက ပရော်ဖက်ဆာ ဦးတင်ဦး က အစိုးရက စိတ်ရောဂါကို
တခြားကူးစက်ရောဂါတွေဖြစ်တဲ့ HIV ၊ တီဘီနဲ့ ငှက်ဖျားရောဂါတွေလိုပဲ ဦးစားပေးဆောင်ရွက်သင့်
တယ်လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"စိတ်ရောဂါကလည်း ဦးစားပေးအဆင့်ထဲမှာ ရှိသင့်တယ်။ ဘာလို့လဲဆိုတော့ စိတ်မကျန်းမာရင်
နိုင်ငံရဲ့ လုပ်အားဆုံးရှုံးမယ်။ ပြီးတော့ အဲဒီလိုဆုံးရှုံး မှုတွေ ဆက်တိုက်ဖြစ်လာရင် နိုင်ငံရဲ့
ဘဏ္ဍာရေးကိုပါ ထိခိုက်လာနိုင်တယ်" လို့ သူက ပြောပါတယ်။

စိတ်ကျန်းမာရေးချို့တဲ့မှုနဲ့ သေကြောင်းကြံစည်မှု မှတ်တမ်းတွေအရ ဖြစ်ပွားရခြင်းအကြောင်းရင်းက
စီးပွားရေးအဆင်မပြေလို့ ဖြစ်တယ်လို့ တခြားပညာရှင်တွေကတော့ ယူဆပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၁၆ နှစ်ဆန်းပိုင်းက လေ့လာချက်အရ စိတ်ဓာတ်ကျခြင်းနဲ့
စိတ်ကစဥ့်ကလျားဖြစ်ခြင်းကပဲ နှစ်စဉ်ကမ္ဘာ့စီးပွားရေးရဲ့ အမေရိကန်ဒေါ်လာ တစ် ထရီလျံ
ကုန်ကျစေတာ တွေ့ရှိရပါတယ်။

"ဒါက ပြည်သူတွေရဲ့ ကျန်းမာရေးကိစ္စတင် မဟုတ်ဘူး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆိုင်တဲ့ ကိစ္စလည်း
ဖြစ်တယ်။ ထုတ်လုပ်မှုစွမ်းအား ဆုံးရှုံးခြင်းက ကမ္ဘာ့စီးပွား ရေးတိုးတက်မှုကို မဖြစ်ပွားစေနိုင်လို့
ငါတို့ အခုဖြေရှင်းဖို့ လိုအပ်တယ်" လို့ World Bank Group ရဲ့ဥက္ကဋ္ဌ Jim Yong Kim က
အစီရင်ခံစာထုတ်တုန်းက ပြောပါတယ်။

ဟားဗတ်တက္ကသိုလ် မနုဿဗေဒနဲ့ စိတ်ရောဂါဗေဒက ပရော်ဖက်ဆာ Arthur Kleinman က
"လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွေမှာ စိတ်ကျန်းမာရေးကို ဦးစားပေး
လုပ်ဆောင်သင့်တယ်။ နိုင်ငံတိုင်းက ဦးစားပေးသင့်တယ်"လို့ ထုတ်ပြန်ချက်တစ်ခုမှာ
ဖော်ပြထားပါတယ်။

"အခု ကုသမှု အလိုအပ်ဆုံးသူတွေနဲ့ သူတို့ပတ်ဝန်းကျင်ကို ထောက်ပံ့ပေးဖို့ လိုတယ်။ ငါတို့ အဲဒီလို
လုပ်တဲ့အထိတောင် စိတ်မကျန်းမာတာ လူတွေနဲ့ စီးပွားရေးအလားအလာတွေကို ဆက်ပြီး
ဆုတ်ယုတ်သွားစေလိမ့်မယ်"။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်