ဟစ်ပ်ဟော့ယဉ်ကျေးမှုကို အမှန်အကန်မြင်တွေ့နိုင်မယ့် Youk Shi ရဲ့ Made In Myanmar

ရန်ကုန်မြို့မှာ လစဉ်ကျင်းပနေတဲ့ "Youk Shi" (ရောက်ရှိ) ပွဲတွေကို သတိထားမိကြမယ်ထင်ပါတယ်။

Youk Shi ဆိုတာ ဂီတကိုရူးသွပ်တဲ့ လူငယ်နှစ်ယောက်ပေါင်းပြီး စတင်ဖန်တီးခဲ့တဲ့ ပွဲတစ်ခုဖြစ်ပြီး
လူငယ်တွေ စုဝေးရောက်ရှိကြမြဲ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီ Youk Shi ပွဲတွေ စတင်ကျင်းပလာခဲ့တာ ဒီလ ဧပြီဆိုရင် တစ်နှစ်သက်တမ်း ပြည့်ခဲ့ပါပြီ။

တစ်နှစ်ပြည့်တာနဲ့အတူ ရောက်ရှိရဲ့ ဒီဧပြီ လ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ရှိုးပွဲကိုတော့
"Youk Shi: Made In Myanmar" လို့ နာမည် ပေးထားပါတယ်။

"Made In Myanmar လို့ ပေးလိုက်ကတည်းက အစ်မတို့မှာ တာဝန်ကြီးသွားတယ်။ အစ်မတို့ ဒီပွဲမှာ
ပြချင်တာက လာအားပေးတဲ့ လူ မြန်မာဖြစ်ဖြစ်၊ နိုင်ငံခြားသားဖြစ်ဖြစ် သူတို့တွေကို နိုင်ငံခြားဒီဂျေတွေ
နိုင်ငံခြားအဆို တော်တွေခေါ်မှ အမိုက်စားပွဲဖြစ်တာ မဟုတ်ဘူးဆိုတာကိုပဲ" လို့ Youk Shi ကို
တည်ထောင်သူ နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မဂျမ်းဂျမ်းက ပြောပါတယ်။

"ဒီပွဲမှာ မြန်မာတွေဆိုမယ်၊ မြန်မာတွေ ကမယ်၊ မြန်မာတွေ တီးမယ်။ အကုန်လုံး မြန်မာတွေပဲ
လုပ်ထားတာ ဘယ်လောက်ကောင်းလဲ ဆိုတာ ပြချင်တာ"လို့ သူကဆက်ပြောပါတယ်။

Youk Shi ဆိုတဲ့ နာမည်က မြန်မာလူမျိုးတွေနဲ့ သိပ်မစိမ်းတဲ့အကြောင်းနဲ့ ပွဲနာမည်အဖြစ်
ပေးဖြစ်ခဲ့ပုံကို "အစ်မတို့ သူငယ်ချင်းတွေ တစ်နေရာရာရောက်ပြီဆိုရင် 'ရောက်ရှိ' လို့ အော်အော်ပြီး
ပြောကြတယ်။ အဲဒါနဲ့ ကိုယ်တွေပွဲကိုလည်း အဲဒီနာမည်ပေးလိုက်တယ်။ နောက်ရောက်ရှိဆိုတာက
အင်္ဂလိပ်ဆိုရင် "We Are Here" နောက်ဗန်းစကားနဲ့ဆိုရင် "I have enough" တစ်ခုခုကို
ရောက်ရှိသွားပြီ။ Limit ထိသွားပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့" လို့ မဂျမ်းဂျမ်းက ရှင်းပြပါတယ်။

ပထမဆုံး 'ရောက်ရှိ' ပွဲကတော့ ပြီးခဲ့တဲ့နှစ် ဧပြီ ၉ ရက်က မြရိပ်ညိုမှာ ပြုလုပ်သွားတဲ့ "Youk Shi
Thingyan Hip Hop Festival" ပါ။

နောက်ပိုင်းမှာ ပရိသတ်တွေ ဂီတကိုချစ်မြတ် နိုးသူတွေရဲ့ တောင်းဆိုမှုနဲ့ Youk Shi က
မေလကနေစပြီး လတိုင်း "Thank God, It's Youk Shi" ဆိုတဲ့ ပါတီလေးတွေကိုလည်း
ရန်ကုန်မြို့မှာ ကျင်းပလာတာ တောက်လျှောက်ပါပဲ။

ပွဲတွေ လုပ်လာတဲ့ တောက်လျှောက်မှာ Youk Shi ပွဲကြီး နှစ်ခေါက်လုပ်ဖြစ်ခဲ့ပြီး ဒုတိယမြောက်
ပွဲအဖြစ် ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၉ ရက်နေ့က Youk Shi Acoustic ပွဲမှာ ရော့ခ်ဂီတတွေကို
တင်ဆက်ခဲ့ကြတာပါ။

Youk Shi က လက်ရှိအထိတော့ ဟစ်ပ်ဟော့နဲ့ ရော့ခ်ဂီတတွေကိုပဲ တင်ဆက်နေတာဖြစ်ပါတယ်။

လာမယ့် နှစ်ပတ်လည်ပွဲကိုတော့ သင်္ကြန်မကျခင် တစ်ရက်မှာ ကျင်းပမှာဖြစ်တဲ့အတွက်
"သင်္ကြန်မကျခင် တစ်ရက်မှာ လုပ်တာဆိုတော့ ရေပက်လို့ရမယ်။ အဆိုတော်တွေ အများကြီးပါမယ်။
အသစ်တွေရောပေါ့။ အရင်တုန်းက ဒီဂျေက Play back ပဲဖွင့်တာ။ ဒီတစ်ခေါက် ဒီဂျေ သုံးယောက်
ခေါ်ထားတယ်။ ဟစ်ပ်ဟော့နဲ့ ပတ်သက်ပြီး Turntable ကို Scratching လုပ်တာတွေ ဘာတွေကို
လူငယ်တွေကြည့်လို့ရအောင် လုပ်ထားတယ်"လို့ သူကပြောပါတယ်။

အခု Youk Shi ရဲ့ တတိယမြောက်ပွဲကြီး Made In Myanmar ကတော့ အမိုက်စား ဟစ်ပ်ဟော့ပွဲ
တစ်ပွဲလို့ ဆိုရမှာပါ။

ဒီပွဲမှာ ဂျေမီ၊ ရသ၊ G Tone၊ Ghetto Pillz၊ ဂျောက်ဂျက်၊ New Gypsy နဲ့ ဝေကြီးတို့အပြင်
လန်ဘား၊ OG Kush၊ ဇွဲသက်ပိုင်နဲ့ Luffie တို့က ရက်ပ်တွေကို လက်တန်းရွတ်ပြီး ဖျော်ဖြေကြမှာပါ။

ဒီဂျေတွေကတော့ Angelo၊ Boby Funk နဲ့ Zaw Gyi တို့ ဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်းက ကြိုတွက်လက်မှတ်က ကျပ် ၁၀,၀၀၀ ဖြစ်ပြီး ပွဲနေ့မှ ဂိတ်ပေါက်မှာ
ဝယ်မယ်ဆိုရင် ကျပ် ၁၂,၀၀၀ ကျသင့်မှာပါ။

လက်မှတ်တွေကို မြေနီကုန်းက The Corner ဘားနဲ့ လှည်းတန်းစင်တာက The Dream
အင်္ကျီဆိုင်တို့မှာ ၀ယ်ယူနိုင်သလို Myanpwal နဲ့ NayKyarSeek တို့မှာ အွန်လိုင်းကတစ်ဆင့်
ဝယ်ယူနိုင်ပါတယ်။

"Myanpwal ဆို လက်မှတ်ကို အိမ်ထိ လိုက်ပို့ပေးတယ်။ NayKyarSeek က QR ကုတ်လေး
ပို့ပေးတယ်။ ပွဲအ၀င်ဝကိုရောက်မှ QR ကုတ်ကိုပြပြီး လက်မှတ်နဲ့ ပြန်လဲပေးတယ်။ နောက်ပိုင်း
QR ကုတ်နဲ့ လက်မှတ်ဝယ်တဲ့ အကျင့်ကိုလည်းရအောင် အခုကတည်း လုပ်တာပါ။
လက်မှတ်အတွက် အပြင်ကို တစ်ကူးတက ထွက်နေစရာ မလိုတော့ဘူးလေ"လို့ မဂျမ်းဂျမ်းက
ရှင်းပြပါတယ်။

Youk Shi: Made In Myanmar ပွဲကို ညနေ ၄ နာရီကနေ ည ၁၀ နာရီအထိ မြရိပ်ညိုဟိုတယ်ရဲ့
မြတ်ခင်းပြင်မှာ ကျင်းပပြုလုပ်သွားမှာပါ။

ဒီပွဲကတော့ သင်္ကြန်မတိုင်ခင် အကြိုအနေနဲ့ လူငယ်တွေ ကဲလို့ရမယ့် ဟစ်ပ်ဟော့ပွဲကြီးတစ်ပွဲ
ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်