ပန်းချီဇော်ဇော်ရဲ့ Collage လက်ရာတွေခံစားရမယ့် တုံ့ပြန်ချက်

ဟီရိုရှီးမားဗုံးပေါက်ကွဲမှုကို ပုံဖော်ထားတဲ့ Collage အနုပညာလက်ရာတစ်ခု။ ဓာတ်ပုံ - န၀ဒေးသာလာပြခန်းမှ ပေးပို့ဟီရိုရှီးမားဗုံးပေါက်ကွဲမှုကို ပုံဖော်ထားတဲ့ Collage အနုပညာလက်ရာတစ်ခု။ ဓာတ်ပုံ - န၀ဒေးသာလာပြခန်းမှ ပေးပို့

စာလုံးတွေ၊ ပုံရိပ်တွေကို အရောင်အားကောင်းတဲ့ အဖြူနဲ့အနက်တွေ သုံးကာ စက္ကူနဲ့
ရော်ဘာတုံးတွေကို Collage(ဖြတ်ညှပ်ကပ်)အဖြစ် ဖန်တီးထားတဲ့ ပန်းချီဇော်ဇော်ရဲ့ ပုံဖော်မှုအသစ်က
အနုပညာခံစားသူတွေရဲ့ ရင်ထဲကို ရောက်စေခဲ့ပါတယ်။

ပန်းချီဇော်ဇော်က သူ့ရင်ထဲမှာ ခံစားဖြစ်တည်လာတဲ့ ခံစားမှုတွေရဲ့ လှုံ့ဆော်မှုအတိုင်း ကောင်းခြင်း၊
ဆိုးခြင်း၊ ကျေနပ်ခြင်း မကျေနပ်ခြင်းတွေကို အဖြူ၊အမည်း စာလုံးတွေနဲ့ ပုံရိပ်တွေ သုံးပြီး အနုပညာ
ဖန်တီးမှုတွေအဖြစ် တုံ့ပြန်ဖန်တီးထားတာပါ။

သူ့ရဲ့ 'တုံ့ပြန်ချက်' ပြပွဲမှာ Collage ပန်းချီကား ၁၂ ကားကို မတ်လ ၂၈ ရက်ကနေ
ဧပြီလ ၁၀ ရက်အထိ န၀ဒေးသာလာ ပန်းချီပြခန်းမှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။

"ကျွန်တော်တို့ ကြုံတွေ့ဖြစ်ပျက်ခဲ့တာတွေကို ပြန်အသုံးချတဲ့ သဘောပါပဲ။ ကျွန်တော့်ကို လှုံ့ဆော်တဲ့
အရာတွေကို အခြေအနေတစ်ခုမှာ စုဖွဲ့ပြီး အမြင်ဆိုင်ရာ ပြုလုပ်ချက်အဖြစ် နေရာချကြည့်တဲ့
သဘောပါပဲ။ စာလုံးတွေ၊ ပုံရိပ်တွေနဲ့ ဖန်တီးဖြစ်တယ်ဆိုတာကတော့ ကျွန်တော်က စာသားတွေ
စုဖွဲ့ထားတာကို သဘောကျတယ်။ စာသားတွေမှာ တစ်ခါတလေကြရင် ဖောင်းကြွဖြစ်နေတာ၊
ချိုင့်ဝင်သွားတာတွေက ကြည့်ရှုသူ၊ ခံစားသူကို အရသာတစ်ခုခု ပေးနိုင်တယ်လို့
ကျွန်တော်ခံစားရတယ်။ နောက် စာလုံးတွေကနေ တွေ့နေရတဲ့ အကြောင်းအရာတွေကနေလည်း
လူတွေကို ခံစားမှု အမျိုးမျိုးပေးနိုင်တယ်။ ဒီစာလုံးတွေနဲ့ ပုံရိပ်တွေမှာ အခြေအနေတွေ
အကြောင်းအရာတွေ ထင်ဟပ်နေတတ်တဲ့အတွက် စာလုံးတွေ ပုံရိပ်တွေစုဖွဲ့ ထားတဲ့
သတင်းတွေကနေတစ်ဆင့် အဲဒီခေတ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ အကြောင်းအရာတွေကို
သိရှိခံစားနိုင်တယ်။ ဒါတွေကြောင့် ကျွန်တော်စာလုံးတွေ ပုံရိပ်တွေကိုသုံးပြီး ကိုယ်ခံစားခဲ့ရတာတွေကို
ဖန်တီးဖြစ်တဲ့ သဘောပါပဲ"လို့ ကိုဇော်ဇော်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

သူ့ကားတွေရဲ့ ထူးခြားချက်က အဖြူနဲ့ အနက်ကိုပဲ သုံးထားတဲ့အတွက် ကြည့်ရတာ ပိုအားရှိပြီး
ပိုပြတ်သား နေပါတယ်။

ရော်ဘာတုံးတွေခံပြီး စာလုံးတွေကို ထုထွက်အောင် ဖန်တီးထားတာကလည်း အနုပညာရှင်ရဲ့
ကြိုးပမ်းအားထုတ်မှုတွေအပေါ်ကို ခံစားသူကို ပိုပြီး ဆွဲခေါ်နိုင်ပါတယ်။

ပန်းချီဇော်ဇော်ကတော့ အဖြူအနက်ကိုသုံးတယ်ဆိုတာက အလင်းရှိမယ်၊ အမှောင်ရှိမယ်၊ အချစ်ရှိမယ်၊
အမုန်းရှိမယ်၊ ဒီလို ဆန့်ကျင်ဘက်တွေကို နှိုင်းယှဉ်ပြီးပြချင်တဲ့အတွက် အဖြူနဲ့အနက်ကို
သုံးထားတာလို့ ဆိုပါတယ်။

သူ့ကားတွေမှာ စာလုံးတွေထဲက အကြောင်းအရာတွေကိုလိုက်ပြီး အသေးစိတ် အနုစိတ်
ဖန်တီးရတဲ့အတွက် စစချင်းမှာ ပန်းချီတစ်ကားကို ဖန်တီးဖို့ အချိန် နှစ်ပတ် သုံးပတ်လောက် ပေးခဲ့ရပြီး
နောက်ပိုင်းမှာတော့ ပိုပြီး မြန်မြန်ဖန်တီးလာနိုင်ပေမဲ့ဒီပြပွဲအတွက် သူ့ရဲ့ Collage လက်ရာတွေ
ပြင်ဆင်ဖန်တီးချိန်ဟာ ခုနစ်လလောက် ကြာတယ်လို့ သိရပါတယ်။

သူ့ဖန်တီးမှုတွေထဲမှာ စာရေးဆရာမ မသီတာ (စမ်းချောင်း)ရဲ့ပုံတူ Collage တစ်ခုကိုလည်း
တွေ့ရပါတယ်။

ဒီပုံတူ Collage က အဝေးက ကြည့်လိုက်ရင် မသီတာ (စမ်းချောင်း)ရဲ့ပုံတူကို စာလုံးတွေ ပုံရိပ်တွေ
သုံးပြီး ဖန်တီးထားတယ်လို့ မြင်ရပေမဲ့ သူယူထားတဲ့ စာလုံးတွေ ပုံရိပ်တွေဟာ မသီတာ(စမ်းချောင်း)
ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေး လုပ်ခဲ့တဲ့ အကြောင်းအရာတွေ၊ ပုံရိပ်တွေ၊ သူ့ရဲ့ စာရေး ဆရာဘ၀ပုံရိပ်တွေနဲ့
သူ့ရဲ့အတွေးတချို့ကို ပြန်သုံးပြီး ဒီကားကို ဖန်တီးထားတာ တွေ့ရပါတယ်။

"ကျွန်တော်ဒီကားတွေကို ဖန်တီးနေတဲ့အချိန်မှာ ကိုယ်ရထားတဲ့ ကိုယ့်ခံစားချက်နဲ့ ကုန်ကြမ်းတွေကို
ကိုယ်တတ်တဲ့ အနုပညာနဲ့ ဟင်းတစ်ခွက်အဖြစ် ကိုယ်ချက်တတ်သလိုချက်ပြီး ဖန်တီးလိုက်တဲ့
သဘောပါပဲ။ ခံစားသူအနေနဲ့လည်း ဓာတ်ပုံတွေ၊ အွန်လိုင်းတွေကနေကြည့်ရင် ပျဉ်လိုက်ပဲ
အပေါ်ကနေ တစ်ပြေးတည်း မြင်ရမှာ ဖြစ်တဲ့အတွက် ဒိုင်နေးရှင်းရဲ့အရသာကို ရနိုင်မှာမဟုတ်ဘူး။
ပြပွဲမှာ လာကြည့်တာကတော့ ထုထည်တွေ၊ ချိုင့်ခွက် တွေနဲ့ ကစားထားတာကိုပိုပြီး အသေးစိတ်
ခံစားနိုင်တဲ့အတွက် ပိုထိရောက်တဲ့ ခံစားမှုမျိုး ခံစားရလိမ့်မယ်လို့ ထင်တယ်"လို့ ကိုဇော်ဇော်က
ပြောပါတယ်။

နောက်ထပ် သူဖန်တီးထားတဲ့ လက်ရာတစ်ခုကတော့ ဟီရိုရှီးမားဗုံးပေါက်ကွဲမှု Collage လက်ရာ
တစ်ခုပါပဲ။ သူက ဒီကားမှာ Hiroshima, Nagaski ဆိုတာကို အနက်ရောင်ရော်ဘာတုံးပေါ်မှာ
အနက်ရောင်စာသား တွေကပ်ပြီး ထုထည်နဲ့ ပုံဖော်ထားသလို ဟီရိုရှီးမားဗုံးပေါက်ကွဲတဲ့နေ့ဖြစ်တဲ့
ဩဂုတ်လ ၉ ရက်၊ ၁၉၄၅ ခုနှစ်ဆိုတဲ့ နေ့စွဲကိုတော့ ရော်ဘာတုံးအနက်ရောင်အတိုင်း Collage
လုပ်ထားပါတယ်။

ဒီတစ်ကားလုံးကိုကြည့်လိုက်ရင် နေ့စွဲနဲ့ Hiroshima, Nagaski စာလုံးတွေက ထုနဲ့ ထိုးထွက်နေတဲ့
အတွက် ပိုပြီး ပေါ်လွင်ထင်ရှားနေပါတယ်။

လူပေါင်းများစွာရဲ့ အသက်ကို စတေးခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကြီး ရပ်ဆိုင်းသွားတဲ့အထိ ပြင်းထန်ခဲ့တဲ့
ဟီရိုရှီးမားဗုံးပေါက်ကွဲမှုဖြစ်ခဲ့တုန်းက နေ့စွဲ၊ သတင်းတွေ၊ စာလုံးတွေ၊ ပုံရိပ်တွေကို Collage လုပ်ပြီး
ပေါင်းစပ်ဖန်တီးထားတဲ့အတွက် ဒီကားကိုကြည့်ရတဲ့ ခံစားသူဆီမှာ နာကျင်မှုနဲ့
ဝမ်းနည်းကြေကွဲမှုတွေနဲ့ ပူလောင်ပြင်းပြမှုတွေကို ကူးစက်ခံစားစေပါတယ်။

ဒီကားကို ဖန်တီးဖြစ်တဲ့ သူ့ခံစားချက်ကတော့ "လူတွေ တီထွင်ဖန်တီးလိုက်တဲ့ ဒီအနုမြူဗုံးကြောင့်ပဲ
လူပေါင်းများစွာရဲ့ အသက်တွေကို စတေးခဲ့ရပြီး အကြီးအကျယ် အန္တရာယ်ပေးခြိမ်းခြောက်ခဲ့တယ်။
ဟီရိုရှီးမားဗုံးကျဲ ချ လိုက်တဲ့အတွက် လူတွေအားလုံးက ထိတ်လန့်ကြောက်ရွံ့ပြီး ကမ္ဘာစစ်ကြီးလည်း
ပြီးသွားတယ်။ ဒီသဘောတရားက ဘာနဲ့တူသလဲဆို ပန်းချီသဘောတရားတစ်ခုလိုပဲ
အလင်းဆုံးနားမှာ အမှောင်ကပ်တယ်ဆိုတာမျိုးပေါ့" လို့ ပြောပါတယ်။

ကိုဇော်ဇော်ရဲ့ကားတွေကို လာခံစားတဲ့ ဇာတ်ညွှန်းရေး ဆရာမြင့်ဦးဦးမြင့်ကတော့
"ကိုဇော်ဇော့်လက်ရာတွေက ကျွန်တော် ကြည့်နေကျ ပန်းချီကားတွေနဲ့ မတူဘူး။
ကျွန်တော်အကြိုက်ဆုံး အရောင်နှစ်ရောင်ဖြစ်တဲ့ အဖြူနဲ့ အနက် ဆန့်ကျင်ဘက်အရောင်ကို
သုံးပြီး ဆန်းသစ်တဲ့ ဖန်တီးမှုတွေ ဖန်တီးထားတဲ့အတွက် ကြည့်ရတာတော့ ပိုပြီးအရသာရှိတယ်။
သူ့ဖန်တီးမှုတွေ သူ့ကားတွေမှာ သူ့အားထုတ်ထားမှုတွေကိုလည်း အများကြီးတွေ့ရတယ်" လို့
ပြောပါတယ်။

ကိုဇော်ဇော်ရဲ့ Collage ကားတွေကို ကိုယ်တိုင်ခံစား ကြည့်ချင်တယ်ဆိုရင်တော့
အမှတ် ၃၀၁၊ ၂၀/B ယာမင်းကြီးလမ်း၊ ဒဂုံမြို့နယ်မှာရှိတဲ့ န၀ဒေးသာလာပန်းချီပြခန်းမှာ
ဧပြီ ၁၀ ရက်ထိ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်