Monday, April 24, 2017

အမျိုးသမီးပန်းချီဆရာမ သုံးယောက်ရဲ့ ဘ၀တွေကို ရိုက်ကူးပြသမယ့် မှတ်တမ်းရုပ်ရှင်

ပန်းချီဆရာမကြီး မြင့်မြင့်တင်အား မှတ်တမ်းရုပ်ရှင် ရိုက်ကူးနေစဉ်။ ဓာတ်ပုံ - ပေးပို့ပန်းချီဆရာမကြီး မြင့်မြင့်တင်အား မှတ်တမ်းရုပ်ရှင် ရိုက်ကူးနေစဉ်။ ဓာတ်ပုံ - ပေးပို့

မြန်မာနိုင်ငံက ပန်းချီဆရာအရေအတွက်မှာ အမျိုးသမီး ပန်းချီဆရာမက အမျိုးသားပန်းချီဆရာတွေထက်
တော်တော်လေး နည်းနေသေးပြီး အမျိုးသမီး ပန်းချီဆရာမတွေ ဘာကြောင့် အရေအတွက်
နည်းနေသလဲ၊ သူတို့ရဲ့ ပန်းချီအနုပညာသည် ဘ၀နဲ့ လက်တွေ့မိသားစုဘ၀တွေမှာ
ဘယ်လိုခြားနားချက်တွေ ရှိနေပါသလဲ။

ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ အမျိုးသမီးပန်းချီဆရာမတွေရဲ့ ဘ၀တွေကို ဒါရိုက်တာ မီးမီးက
၁၅ မိနစ်စာ မှတ်တမ်းရုပ်ရှင်အနေနဲ့ ရိုက်ကူးတော့မှာပါ။

ဒီမှတ်တမ်းရုပ်ရှင်ကို "The Lives of the Women in Art" လို့ နာမည်ပေးထားပြီး အမျိုးသမီး
ပန်းချီဆရာမ သုံးယောက်ဖြစ်တဲ့ မြင့်မြင့်တင်၊ ခင်သန်းဖြူနဲ့ စန္ဒာခိုင်တို့ရဲ့ လက်တွေ့ဘ၀တွေကို
ရိုက်ကူးဖန်တီးသွားမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ မမီးမီးက ၂၀၀၈ ခုနှစ်က ဆရာမခင်မြဇင်ရဲ့ ခေတ်သုံးခေတ် အမျိုးသမီးပန်းချီဆရာမတွေ
အကြောင်း စာအုပ်ဖတ်ပြီးကတည်းက အမျိုးသမီးပန်းချီဆရာမတွေအကြောင်းကို ရိုက်ချင်ခဲ့တာဖြစ်ပြီး
ဆယ်စုနှစ် တစ်ခုနီးပါးကြာမှ အကောင်အထည်ဖော်နိုင်တယ်လို့ ပြောပါတယ်။

"ဒီမှတ်တမ်းရုပ်ရှင်မှာ အမျိုးသမီးပန်းချီဆရာမတွေ သူတို့ ယုံကြည်ရာကို လုပ်နိုင်ဖို့ သူတို့ဘ၀ကို
ဘယ်လို လျှောက်လှမ်းနေရတယ်၊ မိသားစုတွေအတွက် ဘယ်လောက်ထိ ပေးဆပ်ရုန်းကန်နေရတယ်၊
မိသားစုက ဘယ်လိုတွေ တွန်းအားပေးတယ် ဆိုတာတွေကို ကိုယ်တိုင်လည်း အမျိုးသမီး ဒါရိုက်တာ
တစ်ယောက်အနေနဲ့ တင်ဆက်ပြသချင်ခဲ့တယ်" လို့ ဒါရိုက်တာ မီးမီးက မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။

မှတ်တမ်းရုပ်ရှင် ရိုက်ဖြစ်တဲ့ အဓိကအကြောင်းရင်းက အမျိုးသမီးတွေမှာရှိနေတဲ့ စွမ်းအားတွေနဲ့
ကိုယ်ပိုင်အရည်အချင်းတွေ ရှိနေတယ်ဆိုတာကို ထုတ်ပြချင်လို့ပါလို့ ဒါရိုက်တာက ဆိုပါတယ်။

မှတ်တမ်းရုပ်ရှင်ရိုက်ကူးမှု ခံယူမယ့် ပန်းချီဆရာမသုံးယောက်မှာ အသက် ၇၀ ကျော် ပန်းချီဆရာမကြီး
မြင့်မြင့်တင်က ပန်းချီဂယ်လာရီတစ်ခုဖွင့်ကာ ပန်းချီဆရာပေါင်းများစွာကို မွေးထုတ်ရင်း
မြန်မာပန်းချီလောကကို မြှင့်တင်ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ်။

အသက် ၆၅ နှစ်အရွယ် ပန်းချီဆရာမ ခင်သန်းဖြူ ကလည်း သူချစ်တဲ့ ပန်းချီလောကထဲမှာ
နှစ်ပေါင်းများစွာ ရပ်တည်ကာ ပန်းချီတွေဆွဲရင်း ပန်းချီဆောင်းပါးပေါင်းများစွာ ရေးသားရင်း လက်ရှိမှာ
ပန်းချီမဂ္ဂဇင်းတစ်ခုကို ကိုယ်တိုင်ထုတ်နေတဲ့ အယ်ဒီတာချုပ်တစ် ယောက်လည်း ဖြစ်ပါတယ်။

ပန်းချီဆရာမ စန္ဒာခိုင်ကလည်း သဲပန်းချီ၊ ကနုတ်ပန်းချီ၊ ကြိန (၀တ်လစ်စားလစ်) ပန်းချီလက်ရာတွေနဲ့
အသက် ၄၀ ကျော်အရွယ် အောင်မြင်တဲ့ ပန်းချီဆရာမ တစ်ယောက်ပါ။

မမီးမီးက ဒီပန်းချီဆရာမ သုံးဦးရဲ့ မတူညီတဲ့ ဘ၀တွေထဲက ပန်းချီအနုပညာကိုမြတ်နိုးတဲ့
စိတ်ခံစားချက် တူညီမှုတွေကို ၁၅ မိနစ်စာ မှတ်တမ်း ရုပ်ရှင်ထဲမှာ မြင်သာအောင်
ဖန်တီးရိုက်ကူးသွားမယ်လို့ ပြောပါတယ်။

ဒါရိုက်တာမမီးမီးဟာ အမျိုးသမီးရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားပြီး
၂၀၁၆ ခုနှစ်မှာ နိုင်ငံတကာအမျိုးသမီးများနေ့အတွက် ရည်ရွယ်ထားတဲ့ "History of International
Women's Day" မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ကူးခဲ့တဲ့အပြင် ကျားမရေးရာခွဲခြားမှုနဲ့ ပတ်သက်တဲ့
မှတ်တမ်းရိုက်ကူးမှုတွေကို အင်န်ဂျီအိုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဖန်တီးပေးနေသူ တစ်ယောက်လည်း
ဖြစ်ပါတယ်။

"ပန်းချီဆရာမတွေထဲမှာ သက်သောင့်သက်သာနဲ့ ဖြတ်သန်းရင်း ကိုယ်ပိုင်ကားစီးနေတဲ့
ပန်းချီဆရာမတွေလည်းရှိသလို ဘတ်စ်ကားစီးပြီး ရှင်သန်နေရတဲ့ ပန်းချီဆရာမတွေလည်း
ရှိတယ်ဆိုတာကို အရှိအတိုင်း ရိုက်ပြမယ်။ အသံကိုလည်း လက်တွေ့ဘ၀ထဲက အသံတွေပဲ
သုံးမယ်"လို့လည်း မမီးမီးက ပြောပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကို မြ၀တီမှတ်တမ်းရုပ်ရှင်အစီအစဉ်နဲ့ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာ့ရုပ်မြင်သံကြားရဲ့
တိုင်းရင်းသား Channel တွေမှာ ဇွန်လထဲမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး NRC Channel က
တိုင်းရင်းသားဘာသာစကား ၁၁ မျိုးနဲ့ လွှင့်မယ့်အတွက် တိုင်းရင်းသားတွေ အားလုံးလည်း
အမျိုးသမီးပန်းချီဆရာမတွေရဲ့ ဘ၀တွေကို နားလည် ခံစားနိုင်မှာဖြစ်ပါတယ်။

ပန်းချီဆရာမ၊ စာရေးဆရာမ ခင်သန်းဖြူက "ကိုယ့်ဘ၀တစ်လျှောက်လုံး ပန်းချီတွေရေး၊
ပန်းချီပြပွဲတွေလုပ်၊ ပန်းချီပြပွဲတွေသွား၊ ပန်းချီနဲ့ ပတ်သက်တဲ့ စာတွေ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာရေး၊
ပန်းချီအနုပညာနဲ့ ပတ်သက်တာ တွေကိုပဲ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ထုတ်ရင်း အနုပညာကိုပဲ
အမြတ်တနိုး ဖက်တွယ်နေထိုင်လာသူဆိုတော့ ကိုယ့်ရဲ့အနုပညာသည်ဘ၀ကို မှတ်တမ်းရုပ်ရှင်
ရိုက်ချင်တယ်ဆိုတဲ့ ဒါရိုက်တာ မမီးမီးကို ကျေးဇူးလည်းတင် ဂုဏ်လည်းယူမိပါတယ်"လို့ ပြောပါတယ်။

သူ့ဘ၀အကြောင်း ရိုက်ခွင့်ပြုခဲ့တဲ့ ပန်းချီဆရာမကြီး မြင့်မြင့်တင်ကတော့ "အမျိုးသမီးပန်းချီဆရာမတွေ
အကြောင်းကို မှတ်တမ်းရုပ်ရှင် ရိုက်ချင်တယ်ဆိုတာ အန်တီကတော့ ၀မ်းသာတယ်။ ပုံမှန်ဆို
အမျိုးသမီးပန်းချီ ဆရာမတွေကို ကျော်ကျော်သွားတတ်ကြပြီး အမျိုးသားတွေကို ပိုဦးစားပေးတတ်ကြ
တယ်။ အမျိုးသမီးတွေက နေရာတစ်ခုရချင်တယ်ဆိုရင် နှစ်ဆ၊ သုံးဆ ပိုကြိုးစားရတယ်။ ပိုကြိုးစားပြီး
ကိုယ့်အတွက် အခြေအနေတွေ ပိုကောင်းလာဖို့ ဖန်တီးကြရတယ်။ ကောင်းတာတွေ ပိုကောင်းလာပြီး
အကောင်းဆုံးဖြစ်လာဖို့ ကောင်းခြင်းတွေ ရောက်မလာခင်အထိ ဘယ်တော့မှ မနားလိုက်ပါနဲ့။
ကောင်းခြင်းတွေဟာ မင်းအတွက် ပိုကောင်းလာပြီး အကောင်းဆုံးဖြစ်လာလိမ့်မယ်လို့
စကားလေးကိုလည်း တခြားသော အမျိုးသမီးတွေကိုလည်း ပြောချင်ပါတယ်"လို့ ပြောပါတယ်။

ဒါရိုက်တာမီးမီးက အခက်အခဲမျိုးစုံကြားမှာ ရုန်းကန်နေရပေမဲ့ အနုပညာရှင် အမျိုးသမီးတွေဟာ
ခွဲခြားခံရမှုနဲ့ အမျိုးသမီးဖြစ်ခြင်း၊ မဖြစ်ခြင်းတွေကို သူတို့စိတ်ထဲမှာ ခံစားမနေဘဲ သူတို့ချစ်ခင်မြတ်နိုးတဲ့
အလုပ်တွေကို ယုံကြည်ချက်ရှိရှိနဲ့ ဖန်တီးဖော်ထုတ်ခဲ့ကြတာကို လေးစားမိတယ်လို့ပြောပါတယ်။

"သူတို့ယုံကြည်တဲ့ အနုပညာကို မစွန့်လွှတ်ဘဲ ဖြတ်သန်းခဲ့ကြတဲ့အတွက် ဒီနေ့ဒီအချိန်မှာ
နေရာတစ်ခုရတဲ့အထိ ရပ်တည်နိုင်ကြတယ်။ အဲဒီအချက်ကို တခြားအမျိုးသမီးတွေ အထူးသဖြင့်
သူတို့ဘ၀တွေအတွက် ကြိုးစားဖြတ်သန်းနေတဲ့ အမျိုးသမီးငယ်တွေကို ချပြချင်တာပါ"လို့
မမီးက ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်