ကြွပ်ကြွပ်ကို ပုံဖော်ထုဆစ်သူ

'ကြွပ်ကြွပ်' အရောင်းပြခန်းတွင် ပြသထားသည့် စွန့်ပစ်ပစ္စည်းများမှ ပြန်လည်ဆန်းသစ်ထားသော လူသုံးကုန်များ။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)'ကြွပ်ကြွပ်' အရောင်းပြခန်းတွင် ပြသထားသည့် စွန့်ပစ်ပစ္စည်းများမှ ပြန်လည်ဆန်းသစ်ထားသော လူသုံးကုန်များ။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ဒလမြို့နယ်လို့ ဆိုလိုက်တာနဲ့ ရန်ကုန်တစ်ဖက်ကမ်း မှာရှိတဲ့ အထပ်မြင့်တိုက်တွေ မရှိသေးဘဲ လူနေမှုအဆင့်အတန်း နိမ့်ပါးနေဆဲ၊ သောက်ရေရှားပါးတဲ့ နေရာအပြင် မပြီးနိုင်သေးတဲ့ ရန်ကုန်-ဒလ တံတားစီမံကိန်းကြီး အကြောင်းနဲ့ တခြားဖွံဖြိုးတိုးတက်မှု နည်းပါးနေသေးတဲ့ နေရာတစ်ခုလို့ပဲ လူအများစုက မြင်ယောင်ကြပါတယ်။

လူအများစု မသိသေးတဲ့ ဒလမြို့နယ်ရဲ့ အကြောင်းအရာတွေအများကြီးထဲမှာ ချင်းအမျိုးသမီးကြီးတစ်ဦး
ဦးစီးလုပ်ကိုင်နေတဲ့ ကြွပ်ကြွပ် (Chu Chu) လို့အမည်ရတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ အခြေခံထုတ်လုပ်နေတဲ့
လက်မှုပစ္စည်းပြခန်းလေးလည်း တစ်ခုအပါအ၀င် ရှိနေပါတယ်။

ဝင်ဒီ လို့ပဲ အများစုခေါ်ကြတဲ့ ချင်းအမျိုးသမီးကြီး Wendy Neampui ဦးစီးတဲ့ ဆိုင်လေးက
ဖန်တီးထုတ်လုပ်တဲ့ လက်မှုပစ္စည်းတွေတင် စိတ်ဝင်စားဖို့ကောင်းတာ မဟုတ်ပါဘူး။
ဆိုင်ပုံစံလေးကလည်း လာရောက်သူတွေကို ဆွဲဆောင်ထားနိုင်ပါတယ်။

ဒီပြခန်းကို ချင်းအမျိုးသမီးကြီးမိသားစု နေထိုင်ရာ အမှတ် ၅၀၇၊ ခရေလမ်း၊ ကမာကဆစ်ရပ်ကွက်၊
ဒလမြို့နယ်က ပေ ၄၀x၆၀ ခြံဝင်းအတွင်းမှာ တည် ဆောက်ထားပြီး ပြခန်းနဲ့တွဲလျက်
အလုပ်ရုံလေးကတော့ ပေ ၂၀x၆၀ အကျယ်ရှိပြီး သူ့ရဲ့အိမ်နဲ့ ဘေးကပ်လျက်မှာပဲ ဖွင့်လှစ်ထားပါတယ်။

ကြွပ်ကြွပ်ဆိုင်လေးကို သွပ်အစား ကားတာယာတွေနဲ့ အမိုးလုပ်ထားသလို နံရံတွေကိုလည်း
အုတ်အစား ဖန်ပုလင်း၊ ကော်အအေးပုလင်းဟောင်းတွေနဲ့ ကာရံထားပြီး အိမ်ဆောက်ရာမှာလည်း
သစ်အဟောင်းတွေကိုပဲ အသုံးပြုထားပါတယ်။

ဆိုင်အတွင်းကို မ၀င်ခင် ခပ်လှမ်းလှမ်းကတည်းက စက်ချုပ်သံလေးကို စတင် ကြားနေရမှာဖြစ်ပြီး
ဆိုင်ထဲမှာတော့ သာမန်မြင်နေကျ လူသုံးကုန်ပစ္စည်းဆိုင် တော်တော်များများကလိုမျိုး မြင်ကွင်းမျိုး
မဟုတ်ပါဘူး။

ဆိုင်လေးကို နှစ်ပိုင်းကန့်ထားပြီး တစ်ခြမ်းမှာ လက်မှုပစ္စည်းတွေ ခင်းကျင်းပြသထားကာ
တစ်ဖက်ခြမ်းမှာတော့ စက်ချုပ်စက်တွေ နေရာယူထားတဲ့ အလုပ်ရုံလေးအဖြစ် တွေ့နိုင်ပါတယ်။
ဝင်ဝင်ချင်းတွေ့ရတာကတော့ လက်မှုပစ္စည်းတွေ ပြသထားတဲ့ အခြမ်းပါပဲ။

ကော်အအေးဘူးခွံတွေကို ကွန်ကရစ်နဲ့ တစ်ခါတည်းပုံသွင်းထားတဲ့ နံရံတွေပေါ်မှာ ဘူးခွံခေါင်းပိုင်းတွေ
အများကြီး ထိုးထွက်နေပါတယ်။ အဲဒီပုလင်းခေါင်းတွေမှာ ပလတ်စတစ်အိတ်တွေကို သန့်စင်၊ အပူပေး၊
မီးပူတိုက်ပြီး ပြုလုပ်ထားတဲ့ အိတ်အရွယ်အစားအမျိုးမျိုးကို ချိတ်ဆွဲထားသလို ကားတာယာကြီးတွေ၊
သံကြိုးဟောင်းတွေနဲ့ ပြုလုပ်ထားတဲ့ စင်တွေပေါ်မှာလည်း ကားနဲ့ စက်ဘီးက တာယာတွေ၊
ကျွတ်တွေကနေ ဖန်တီးထားတဲ့ လက်မှုပစ္စည်းလေးတွေကို အစီအရီ ပြသထားပါတယ်။

ဒါ့ပြင် ကားကျွတ်၊ စက်ဘီးကျွတ်နဲ့ဖန်တီးထားတဲ့ အိတ်တွေကိုလည်း ချိတ်တွေနဲ့ တွဲလောင်းချိတ်ဆွဲ
ပြသထားပါသေးတယ်။

ညာဘက်ခြမ်း အလုပ်ရုံလေးထဲမှာတော့ အိမ်နေရင်း အ၀တ်အစားတွေနဲ့ အမျိုးသမီးနှစ်ဦး
စက်ချုပ်နေကြသလို ကြမ်းပြင်ပေါ်မှာလည်း ပလတ်စတစ်အစတွေ၊ လုပ်လက်စ ပစ္စည်းလေးတွေအပြင်
တခြားပစ္စည်း အတိုအစလေးတွေက နေရာယူထားပါတယ်။

အလုပ်ရုံနဲ့ပစ္စည်း ပြသထားတဲ့နေရာတွေ ကျော်သွားရင်တော့ အိမ်အနောက်ဘက်ရောက်ပါပြီ။
အိမ်အနောက်ဘက်မှာ ပလတ်စတစ်အိတ်တွေကို မီးပူတိုက်၊ အပြားခတ်တဲ့ အလုပ်ခန်းအပြင်
မီးပူတိုက်ပြီး သားရော၊ မတိုက်ရသေးတဲ့ ကုန်ကြမ်းတွေကိုရော အပုံလိုက် တွေ့ရပါတယ်။
အလုပ်ရုံလေးရဲ့အပြင်ဘက် အိမ်နောက်ဖေးမှာတော့ ရက်ကန်းစင်တစ်ခုအပြင် စွန့်ပစ်ပစ္စည်းတွေကို
တွေ့ရပါတယ်။

"ဒီထဲကို ရောက်လာတဲ့လူ တော်တော်များများကတော့ အနံ့အသက်မျိုးစုံကို ရကြမှာပါ။ ဒါပေမဲ့
ကျွန်မတို့ကတော့ နေတာကြာပြီမို့လို့လား မသိဘူး၊ အနံ့ယဉ်နေပြီ။ ကျွန်မဆိုင်လေးက အမှိုက်ပုံပါပဲ။
ဒါပေမဲ့ ဒီအမှိုက်တွေကနေပဲ ပစ္စည်းမျိုးစုံ ထုတ်တယ်။ အဲဒီအတွက် ကျွန်မတို့အလုပ်က
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သလို အလုပ်အကိုင်မရှိတဲ့ သူတွေကိုလည်း
အလုပ်နေရာပေးနိုင်တယ်။ အဲဒီအတွက် ဒီအလုပ်လုပ်ရတာကို ဂုဏ်ယူပါတယ်" လို့ ၀င်ဒီနဲမ်ပွီး က
ဆိုပါတယ်။

စွန့်ပစ်ပစ္စည်းများကို အသစ်ပြန်လည် ချုပ်လုပ်နေသည့် ၀န်ထမ်းတစ်ဦး။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)စွန့်ပစ်ပစ္စည်းများကို အသစ်ပြန်လည် ချုပ်လုပ်နေသည့် ၀န်ထမ်းတစ်ဦး။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ကြွပ်ကြွပ်ပြခန်းကို မတည်ထောင်ခင်ကတော့ သူ့အနေနဲ့ မိဘမဲ့ဂေဟာတွေကို ကူညီထောက်ပံ့ပေးတဲ့
မြန်မာဂရုဏာကုမ္ပဏီလုပ်ငန်းမှာ စာရင်းကိုင်အဖြစ် လုပ်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ အီတလီနိုင်ငံက အင်န်ဂျီအိုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CESVI နဲ့ ပူးပေါင်းမိပြီး
ကြွပ်ကြွပ်ဖြစ်လာဖို့ စွန့်ပစ်ပစ္စည်းကနေ လက်မှုပစ္စည်းလေးတွေ စတင်လုပ်ဆောင်ဖို့ သုံးနှစ်ကြာ
ပရောဂျက်စတင်ခဲ့တာပါ။

"ပရောဂျက်ကာလအတွင်းမှာတော့ ကျွန်မတို့ဆီက ထုတ်လုပ်လိုက်တဲ့ ပစ္စည်းမှန်သမျှ
အဖွဲ့အစည်းကနေပဲ ပြန်လည် ၀ယ်ယူခဲ့ပါတယ်။ သူတို့က ပြန်ဝယ်တယ်ဆိုပေမဲ့ နောက်ပိုင်းမှာ
ဝန်ထမ်းတွေဦးစီးဖို့ ဒီဇိုင်းအသစ်တွေ ထုတ်နိုင်ဖို့အတွက် ကိုယ် ဆယ်နှစ်လောက် လုပ်ခဲ့တဲ့
အရင်အလုပ်ကို ထွက်တယ်။ ပြီးတော့ ဒီဆိုင်မှာပဲ အချိန်တွေအားလုံး ပေးထားခဲ့တယ်" လို့ ၀င်ဒီက
ပြောပါတယ်။

လုပ်ငန်းကို ၀င်ဒီနဲ့အတူ အမျိုးသမီးဝန်ထမ်းနှစ်ဦး နဲ့ ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့ပြီး နောက်ပိုင်းမှာ
ဝန်ထမ်း ၁၂ ဦးအထိ ပါဝင်လာခဲ့ပါတယ်။

ပြခန်းကိုတော့ ပြီးခဲ့တဲ့နှစ်မှာ တည်ဆောက်ခဲ့ပြီး အခုအချိန်မှာတော့ ၀င်ဒီနဲ့အတူ သူ့ရဲ့သား
တိုနီ(လာမ့်ထန်)တို့က အဓိက လုပ်ကိုင်သလို ၀န်ထမ်းအရေအတွက်လည်း အယောက် ၃၀ အထိ
တိုးလာခဲ့ပါပြီ။

"ပရောဂျက်ကနေ သင်ပေးတာက ကြွပ်ကြွပ်အိတ်တွေကို အပူပေးရင် အပြားတစ်ခုဖြစ်လာတယ်
ဆိုတာပါပဲ။ အဲဒီကနေ ကိုယ့်ဘာသာစဉ်းစားပြီးတော့ ပထမဦးဆုံးအနေနဲ့ ခဲတံအိတ်ကို စလုပ်ခဲ့တယ်။
ပြီးတော့ အမှိုက်ပုံး လုပ်တယ်။ အရင်တုန်းက မီးပူတိုက်တဲ့အခါ မကျွမ်းကျင်ခဲ့ပေမဲ့ အခုတော့
အများကြီး တိုးတက်သွားပြီ။ ဒီလုပ်ငန်းလုပ်တဲ့သူအနေနဲ့ ပထမဦးဆုံး လုပ်အားခရစေချင်တယ်။
လုပ်တဲ့ သူက အလုပ်လက်မဲ့ ဖြစ်ရမယ်။ အဲဒီတော့ လုပ်တဲ့ သူကိုလည်း အထောက်အကူပေးမယ်။
ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီလုပ်ငန်းကို စတင်
အကောင်အထည်ဖော်ခဲ့တာပါ" လို့ ၀င်ဒီနဲမ်ပွီး က ပြောပါတယ်။

'ကြွပ်ကြွပ်' ဆိုတဲ့ ဆိုင်နာမည်ကိုတော့ အထွေအထူးရှင်းပြနေစရာ မလိုပါဘူး။ အသက် ၆၅ နှစ်
ရှိနေပြီဖြစ်တဲ့ အမျိုးသမီးကြီးက ပလတ်စတစ်အိတ်တွေ၊ ကြွပ်ကြွပ်အိတ်တွေကိုပဲ ရိုးရိုးရှင်းရှင်းလေးနဲ့
ရည်ညွှန်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်မတို့အတွက် စစချင်းတွေ့ရတဲ့ အခက်အခဲက ဒီဇိုင်းပိုင်းပါပဲ။ ပထမတော့ ဒီဇိုင်းကိုလည်း
ပြည်တွင်းက အကြိုက်ဖြစ်အောင် လုပ်ခဲ့တယ်။ ခဲတံအိတ်တို့ ပိုက်ဆံအိတ်တို့ပေါ့။ ဒါပေမဲ့ အဲဒါတွေက
ထိုးဖောက်လို့မရဘူး။ ပထမဦးဆုံး ၀ယ်တဲ့သူလာရင် ဘာနဲ့ လုပ်တာလဲ မေးတယ်။ ကိုယ်က
စွန့်ပစ်ပစ္စည်းနဲ့ လုပ်တယ်လို့ပြောပြရင် မသုံးချင်ကြတော့ဘူး။ ပထမဦးဆုံး သူတို့ နမ်းကြည့်တယ်။
ပြီးတော့ ဈေးနှုန်းမေးပြီး ပြန်ထားတယ်" လို့ ၀င်ဒီက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

သူ့အနေနဲ့ ဒလမှာနေတာ လက်ရှိအချိန်မှာ ဆယ်စုနှစ်တစ်ခုတောင်ကျော်သွားပြီဖြစ်ပြီး ဒလဒေသခံ
အမျိုးသမီးဝန်ထမ်းတွေအနေနဲ့လည်း မြစ်တစ်ဖက်ကမ်း ကူးပြီးတော့ ရန်ကုန်မှာ ရရာအလုပ်ကို
သွားရောက်လုပ်ကိုင်စရာ မလိုတော့ပါဘူး။

ကြွပ်ကြွပ်ပြခန်းမှာ ရရှိနိုင်တဲ့ လူသုံးကုန်ပစ္စည်း အများစုကလည်း ပလတ်စတစ်အိတ်တွေကနေ
အခြေပြုပြီး ထုတ်လုပ်ထားသလို ကားနဲ့ စက်ဘီးတွေက တာယာနဲ့ ကျွတ်တွေကနေလည်း
ဖန်တီးထားတဲ့အပြင် ကော်ဖီမစ်ခွံ၊ ပီနံအိတ်၊ ဘိလပ်မြေအိတ်ခွံ၊ ပလတ်စတစ်ကြိုးတွေနဲ့
တခြားစွန့်ပစ်ပစ္စည်းကုန်ကြမ်းတွေကို အသုံးပြုဖန်တီးထားတာပဲ ဖြစ်ပါတယ်။

"ကျွန်မတို့ ထုတ်လိုက်တဲ့ဒီဇိုင်းတွေကို အကုန်လုံး ကြိုက်တယ်။ အကြိုက်ဆုံးကတော့ ဒါပါပဲ" လို့
ဝင်ဒီက ပုလင်းအလှဆင်တဲ့ ပလတ်စတစ်အိတ်ကို အပူပေး အပြားရိုက်ပြီး ပုံဖော်ထုတ်လုပ်ထားတဲ့
ပုလင်းခွံလေး ကိုပြရင်း ဆိုပါတယ်။

"ဒါက လုပ်ရတာလည်း လွယ်တယ်၊ ရောင်းအားလည်း ကောင်းတယ်"လို့ ကြွပ်ကြွပ်ရဲ့ မန်နေဂျာအဖြစ်
ဆောင်ရွက်နေတဲ့ ၀င်ဒီကဆိုပါတယ်။ ကြွပ်ကြွပ်ကနေ ဖန်တီးထုတ်လုပ်လိုက်တဲ့ပစ္စည်း တွေရဲ့
ဈေးနှုန်းက အနည်းဆုံး ကျပ် ၂,၀၀၀ ကနေ အများဆုံး ကျပ် ၄၅,၀၀၀ အထိ ရှိပါတယ်။

"လုပ်တော့ စွန့်ပစ်ပစ္စည်းက၊ ဈေးနှုန်းကျတော့ ဘာကြောင့်များတာလဲလို့ မေးတဲ့သူတွေလည်း
ရှိပါတယ်။ ကျွန်မပြောချင်တာက ဒီလုပ်ငန်းက ပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်းနဲ့ တစ်ဖက်ကလည်း
အလုပ်ကိုင်မရှိတဲ့ အမျိုးသမီးတွေကို ဦးစားပေးပြီး လုပ်ခကို နေ့စားနဲ့ တန်ရာတန်ကြေးပေးပါတယ်။
ပြီးတော့ ကုန်ကြမ်းက စွန့်ပစ်ပစ္စည်းဆိုပေမဲ့ သန့်စင်ရတာတွေ၊ မီးပူတိုက်ရတာတွေ၊ ပလတ်စတစ်
အပြားခတ်ရတာ၊ ချုပ်ရတာ စတဲ့အဆင့်ဆင့်ကို လက်နဲ့ပဲလုပ်ရ တာဖြစ်တဲ့အတွက် လက်ဝင်ပါတယ်။
အဲဒါကြောင့် ပစ္စည်းတွေက ဈေးကြီးတယ်လို့ ထင်ရတာပါ" လို့ ရှင်းပြပါတယ်။

'ြ'ကွပ်ကြွပ်' လက်မှုပစ္စည်းဆိုင်ကို တည်ထောင်သူ ၀င်ဒီနဲမ်ပွီး။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)'ြ'ကွပ်ကြွပ်' လက်မှုပစ္စည်းဆိုင်ကို တည်ထောင်သူ ၀င်ဒီနဲမ်ပွီး။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ကြွပ်ကြွပ်ရဲ့အဓိက အားပေးသူတွေကတော့ နိုင်ငံခြားသားတွေဆိုပေမဲ့ နောက်ပိုင်းမှာတော့
ပြည်တွင်းကသူတွေလည်း စိတ်ဝင်စားမှုမြင့်လာတယ်လို့ ဆိုပါတယ်။

"ဒီလိုပစ္စည်းဆိုတာကလည်း ကိုယ်တိုင် စိတ်ဝင်စားပြီး တန်ဖိုးထားမှ တန်ရာတန်ကြေးကို
ပေးချင်ကြတာပါ။ တရုတ်က တိုက်ရိုက်လာတဲ့ ပစ္စည်းတွေကျတော့ ကိုက်ထိုးဝယ်တယ်၊ ညှပ်ပြီးတော့
ဇစ်တပ်ချုပ်တယ်။ ဒီမှာကျတော့ စွန့်ပစ်ပစ္စည်းတွေစု၊ သန့်စင်၊ ဆေးကြော၊ မီးပူတိုက်၊ အပြားဖြစ်အောင်
လုပ်ရတယ်။ ဒီဇိုင်းဖောက်ရတယ်၊ ချုပ်ရတယ်။ ဒီတိုင်း ယူပြီးတော့ ဖြစ်လာတာ မဟုတ်ဘူး။ ဒီလိုမျိုး
အဆင့်ဆင့်တွေကို လက်နဲ့ လုပ်ရတာ ဖြစ်တဲ့အတွက် တရုတ်ပစ္စည်းတွေလိုတော့ ဈေးနည်းနည်းနဲ့
မရောင်းနိုင်ဘူး" လို့ ၀င်ဒီက ဆိုပါတယ်။

အခုဆိုရင် ကြွပ်ကြွပ်ပြခန်းမှာ ပလတ်စတစ်နဲ့ တာယာ၊ ကျွတ်တွေနဲ့ ပြုလုပ်ထားတဲ့ ခဲတံအိတ်၊
အမှိုက်ပုံး၊ အိတ်အမျိုးမျိုး၊ ဆွဲခြင်း၊ ခါးပတ်တွေ၊ ပလတ်စတစ်ကြိုးတွေနဲ့အတူ ချည်နဲ့ ရောစပ်ရက်လုပ်
ဖန်တီးထားတဲ့ပ၀ါ၊ စားပွဲခင်း၊ အိတ်ဒီဇိုင်းအမျိုးမျိုး၊ ကော်ဖီခွံနဲ့လုပ်ထားတဲ့ ပစ္စည်းအမျိုးမျိုးအပါအ၀င်
တခြားကုန်ကြမ်းတွေနဲ့ ဖန်တီးထားတဲ့ လက်မှုပစ္စည်း ဒီဇိုင်းပေါင်း ၅၀ ကျော်လောက် ဖန်တီးပြုလုပ်ပြီး
ဖြစ်ပါတယ်။

ဒါ့ပြင် ကြွပ်ကြွပ်ကနေ ထုတ်လုပ်လိုက်တဲ့ စွန့်ပစ် ပစ္စည်းတွေအကြောင်း လေ့လာသင်ယူချင်တယ်
ဆိုရင်လည်း စိတ်ဝင်စားသူတွေကို အခမဲ့ သင်ကြားပေးနေပါတယ်။

"ကျွန်မကတော့ ရှေ့ဆက်ပြီး ဒီလုပ်ငန်းပဲ လုပ်သွားမှာပါ။ ကျွန်မသားသမီးတွေကိုလည်း ဒီလုပ်ငန်းကို
လက်ဆင့်ကမ်းပြီး ထိန်းသိမ်းလုပ်ကိုင်သွားဖို့ ပြောထားပါတယ်။ နောက်ပြီး တကယ်စိတ်ဝင်စားတဲ့
သူရှိရင်လည်း ကိုယ်တိုင်ပါဝင်လို့ ရပါတယ်။ အမျိုးအစားအလိုက် စိတ်ဝင်စားမယ့်ကဏ္ဍကို သင်ပေးဖို့
အဆင်သင့်ပါပဲ" လို့ သူကဆိုပါတယ်။

၂၀၁၅ ခုနှစ်ကနေ ပြီးခဲ့တဲ့နှစ်အထိလည်း ကော့သောင်း၊ ကယားနဲ့ ကချင်ပြည်နယ်တို့မှာ
စွန့်ပစ်ပစ္စည်းကနေ လက်မှုပစ္စည်းလေးတွေ ထုတ်လုပ်နိုင်ဖို့ ကြွပ်ကြွပ်အနေနဲ့ သွားရောက်
သင်ကြားပြီးဖြစ်သလို အခုနှစ် ဇန်န၀ါရီလတုန်းကလည်း ညောင်ရွှေကို သွားရောက်
သင်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် အခုနှစ်ထဲမှာပဲ ကလေးမြို့နဲ့ မော်လမြိုင်မြို့တို့မှာ သွားရောက် သင်ကြားပေးဦးမှာဖြစ်ပါတယ်။

အဲဒီလိုသင်ကြားတဲ့အခါမှာတော့ သွားရောက်သင်ကြားပေးတဲ့ နေရာဒေသအလိုက် စွန့်ပစ်မှုများတဲ့
အမှိုက်အမျိုးအစားအပေါ် မူတည်ပြီး စွန့်ပစ်ပစ္စည်းကနေတစ်ဆင့် အသုံးဝင်မယ့်ပစ္စည်း
ထုတ်လုပ်နိုင်အောင် ဦးစားပေးသင်ကြားပေးတယ်လို့ သိရပါတယ်။

"ကျွန်မတို့ကော့သောင်းက ကျွန်းလေးတစ်ခုမှာသွားသင်တုန်းကဆိုရင် ကျွန်းလေးဖြစ်တဲ့
အတွက်ကြောင့် တာယာတွေ၊ ကျွတ်တွေနဲ့ ပတ်သက်လို့ စွန့်ပစ်ပစ္စည်းထုတ်ဖို့ နည်းလမ်းသင်လို့
မရဘူး။ ကြွပ်ကြွပ်အိပ်နဲ့ ကော်ဖီခွံတွေ၊ နောက် ပင်လယ်ဆိုတော့ ခရုခွံနဲ့ သူတို့ဒေသက ထွက်တဲ့
အမှိုက်ကို မူတည်ပြီး သင်ပေးရတယ်။ ဒီကအမှိုက်တွေကို ဟိုကိုသယ်သွားပြီး သင်ပေးဖို့ ဆိုတာထက်
သူတို့ ပတ်ဝန်းကျင်ကို သူတို့ ထိန်းသိမ်းတဲ့ ပုံစံမျိုးဖြစ်အောင် လုပ်ရတယ်။ ဒီလိုမျိုး မြန်မာပြည်
အနယ်နယ်အရပ်ရပ်မှာ ရှိရင် ပတ်ဝန်းကျင်လည်း သန့်ရှင်းမယ်။ ဒေသခံတွေလည်း အပိုဝင်ငွေတွေ
ရမယ်" လို့ ၀င်ဒီကပြောပါတယ်။

ကြွပ်ကြွပ်ကထုတ်တဲ့ လက်မှုပစ္စည်းတွေကိုတော့ ရန်ကုန်မှာဆိုရင် ဒလမြို့နယ်က 'ကြွပ်ကြွပ်' ပြခန်းမှာ
နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ သွားရောက် ၀ယ်ယူနိုင်သလို ကရ၀ိက်ခန်းမအပြင်
သိမ်ဖြူ လမ်းပေါ်နဲ့ ဗိုလ်ချုပ်ဈေးတို့မှာ ဖွင့်လှစ်ထားတဲ့ Pomelo နဲ့ ပန်းဆိုးတန်းလမ်းပေါ်က Hla Day
လက်မှုပစ္စည်း ဆိုင်တွေမှာ ရရှိနိုင်ပါတယ်။

weekend မှာဆိုရင်တော့ စီးတီးမတ်ရဲ့ Market Place မှာ ရနိုင်ပါသေးတယ်။
အင်းလေးမှာဆိုရင်တော့ Inlay Heritage က ကြောင်အိမ်မှာ ရနိုင်သလို ကလောမှာလည်း
ရနိုင်ပါတယ်

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်