ခရီးသွားခြင်းနှင့် သူတို့၏ အမြင်

မရင်ငြိမ်း
အခမ်းအနားမှူး၊ ၂၄ နှစ်

"နေရာ အပြောင်းအလဲက ဦးနှောက်ကို တစ်မျိုးတစ်ဖုံ ပြောင်းလဲတွေးခေါ်
စေတယ်။ ဆုံဖြတ်ချက် မချနိုင်တဲ့ အခြေအနေ တစ်ခုခုအတွက် ခရီးထွက်ပြီး
ပြန်လာမှ သေသေချာချာ စဉ်းစားတာမျိုးဆို ပိုကောင်းပါတယ်။ လေကောင်း
လေသန့်ရတဲ့ လွပ်လပ်တဲ့ နေရာမျိုးတွေ သွားရတာ ပိုကြိုက်တယ်။ ကမ်းခြေ၊ ဒါမှမဟုတ် တောင်တွေ
ရှိတဲ့နေရာတွေက ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ ခရီးသွားရင်း တစ်ခဏတာဖြစ်ဖြစ်၊
ကြုံဆုံရတဲ့ မိတ်ဆွေသစ်တွေရဲ့ နွေးထွေးပျူငှာမှုကို ခံစားရတာလည်း နှစ်သက်ပါတယ်။"


 

မနှင်းရတနာထွန်း
ပွဲစီစဉ်သူ၊ ၂၉ နှစ်

"ခရီးထွက်ရတာကို နှစ်သက်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ကို Relax
ဖြစ်စေတယ်။ အဖွဲ့လိုက်သွားရတာကို ပိုကြိုက်တယ်။ ခရီးသွားရရင်ကို
ပျော်နေတာ။ ခရီးထွက်လို့ရတဲ့ အကျိုးကျေးဇူးတွေဆို ကိုယ်မရောက်ဖူးတဲ့
နေရာ ရောက်တဲ့အတွက် ကိုယ့်နိုင်ငံမှာပဲဖြစ်ဖြစ် သူများနိုင်ငံပဲရောက်ရောက် လေ့လာစရာလေးတွေ
မှတ်သားစရာလေးတွေ ရလာတတ်တယ်။ အစားအစာ၊ သူတို့နေထိုင်ပုံ ဓလေ့လေးတွေကအစ
မှတ်သားစရာတွေချည်းပဲ။ အဓိကကတော့ စိတ်ကိုကြည်လင်လန်းဆန်းစေတယ်။ အသက်ငယ်တုန်း
သွားနိုင်လာနိုင်တုန်း ခရီးများများ သွားကြဖို့လည်း ပြောချင်ပါတယ်။"


 

ကိုပုတု
Stylist၊၂၅ နှစ်

"ခရီးသွားရင်တော့ ဗဟုသုတတွေ ရတာပေါ့။ ကိုယ်မရောက်ဖူးတဲ့ နေရာဆို
အဲဒီမှာ လေ့လာစရာတွေ အများကြီးပဲ။ ကိုယ့်ဘ၀မှာ မတွေ့ မကြုံရသေးတဲ့
အတွေ့အကြုံတွေကိုလည်း ခရီးသွားရင်းနဲ့ ကြုံတွေ့ရတယ်။ ခရီးတွေကတော့
အလုပ်နဲ့ ပတ်သက်ပြီး ခရီးထွက်ရသလို တစ်ယောက်တည်းရော၊ အပေါင်းအသင်းတွေနဲ့ပါ ထွက်ရတဲ့
ခရီးတွေလည်း ရှိပါတယ်။ အဓိကကတော့ ခရီးသွားတဲ့အခါ တွေ့ကြုံရတဲ့ ဒေသန္တရ ဗဟုသုတွေ
အောက်မှာပဲ စိတ်ကိုစီးမျောပြီး ပေါ့ပါးနေတဲ့ ခံစားချက်ကို ရရှိတဲ့အတွက် ခရီးသွားတာကို ကြိုက်တာပါ။
ပြီးတော့ ခရီးထွက်နေရရင် ကိုယ့်ကိုယ်ကိုယ် ငယ်သွားသလိုလည်း ခံစားရတယ်။ အမြဲတမ်းလည်း ပျော်နေတယ်။"

 


 

ကိုဝင်းထက်
ပွဲစီစဉ်သူ၊ ၂၅ နှစ်

"ခရီးကတော့ အလုပ်အားရင်အားသလို ခဏခဏ သွားဖြစ်တယ်။
ခရီးထွက်ရတာ ဘာလို့ ကြိုက်လဲဆိုရင် လူငယ်တစ်ယောက်ဖြစ်တာရယ်
နောက်ပြီး နေရာအသစ်တစ်ခု ကိုယ်မရောက်ဖူးတဲ့ နေရာတစ်ခုကို
ရောက်ရတဲ့အရသာကို ကြိုက်မိတာလည်း ပါတယ်။ မရောက်ဖူးသေးဘဲ ဓာတ်ပုံပဲ မြင်ထားတဲ့
နေရာတွေဆို ပိုစိတ်လှုပ်ရှားဖို့ ကောင်းတယ်။ ခရီးသွားရတဲ့ အကြောင်းထဲမှာ အဓိက
စိတ်ပြေလက်ပျောက်နဲ့ စိတ်ရော လူရော အနားယူဖို့လည်း ပါတယ်။ နောက် ကိုယ်ရောက်သွားတဲ့
ဒေသရဲ့ နာမည်ကြီး အစားအသောက်တွေ စားဖို့အခွင့်အရေးလည်း ရတာပေါ့။ အဲဒါကလည်း
ခရီးသွားရခြင်းရဲ့ အကျိုးတစ်ခုပါပဲ။"


ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်