အိမ်တွင်းမှာ အပင်စိုက်မယ်

အိမ်တွင်းအပင်စိုက်တဲ့ကဏ္ဍမှာ ဒီတစ်ပတ်တော့ အခန်းတွင်းကလေထုကို သန့်စင်ပေးနိုင်တဲ့
အပင်တွေထဲက တစ်ပင်ဖြစ်တဲ့ နဂါးစက်အပင်ကို ရွေးချယ်ထားပါတယ်။

မြန်မာဒေသမျိုးရင်းအပင် တစ်မျိုးဖြစ်ပြီး အပူပိုင်းဒေသဖြစ်တဲ့ မြန်မာပြည်အလယ်ပိုင်းမှာ
အဓိကပေါက်ရောက်ပါတယ်။

ဒါပေမဲ့လည်း ဒီအပင်ကို မြန်မာပြည်နေရာတော်တော်များများမှာ စိုက်လို့ရပါတယ်။

အိမ်တွင်းမှာ အပင်စိုက်ဖို့စဉ်းစားတဲ့အခါ အပွင့်ပွင့်ပြီး မွှေးတဲ့ အပင်မျိုးစိတ်တွေထက် ပန်းမပွင့်တဲ့
အပင်တွေကို ပိုပြီးစိုက်သင့်ပါတယ်။

မွှေးတဲ့အပင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်ပေးတဲ့အတွက် လူတွေအတွက်
မသင့်တော်ပါဘူး။

ပြီးတော့ ပွင့်တဲ့အပင်တွေကနေ အောက်ဆီဂျင် ထုတ်တာလည်း နည်းပါတယ်။

ဒါကြောင့် လူအတွက် ကောင်းတဲ့လေထုကို သန့်စင်ပေးနိုင်တဲ့ အပင်တွေထဲကမှ
လေပိုသန့်စင်ပေးနိုင်တဲ့ အရွက်သားထူပြီး အပွင့်မပွင့်တဲ့ နဂါးစက်အပင်ကို စာဖတ်ပရိသတ်တွေ
အတွက် ရွေးချယ်မိတ်ဆက်ပေးလိုက်ပါတယ်။

ဒီနေ့ခေတ်မှာ လေသန့်စင်တဲ့စက်တွေလည်း အမျိုးမျိုးပေါ်လာပြီဖြစ်ပေမဲ့ သဘာဝနည်းနဲ့
သန့်စင်တာကတော့ အကောင်းဆုံးပါ။

"အော်ဂဲနစ်နဲ့ အော်ဂဲနစ်မဟုတ်တဲ့ သီးနှံတွေစားသလိုပဲ ကွာတာပေါ့။ အော်ဂဲနစ် မဟုတ်တာတွေ
အစားများတော့ လူသက်တမ်းက ပိုတိုလာမယ်"လို့ အပင်တွေကိုချစ်ခင်ပြီး အပင်တွေကို
လေ့လာလိုက်စားတာ ၁၇ နှစ်နီးပါးရှိပြီဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် ကိုတင်လှအောင်က
ပြောပါတယ်။

"လေသန့်စက်က ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ပြီး အောက်ဆီဂျင်ကို ထုတ်ပေးတယ်ဆိုရင် အပင်က
အောက်ဆီဂျင်အပြင် လူအတွက်အထောက်အကူပြုတဲ့ တခြားဓာတ်တွေဖြစ်တဲ့ သံဓာတ် (iron)၊
မန်းဂနိစ်ဓာတ် (Manganese) တို့ကိုပါ ထုတ်တယ်"လို့ သူလေ့လာထားတာတွေကို ပြောပြပါတယ်။

မြေပဒေသာကျွန်းထဲက 'အန်တီကြီး ဒေါ်အေးသွယ်နှင့် သားများ' ပျိုးပင်ဆိုင်မှာ တွေ့ရတဲ့ နဂါးစက်ပင်။ ညိုမီ/မြန်မာတိုင်း(မ်)မြေပဒေသာကျွန်းထဲက 'အန်တီကြီး ဒေါ်အေးသွယ်နှင့် သားများ' ပျိုးပင်ဆိုင်မှာ တွေ့ရတဲ့ နဂါးစက်ပင်။ ညိုမီ/မြန်မာတိုင်း(မ်)

နဂါးစက်ပင်က အပူပိုင်းဒေသမှာ ပေါက်တဲ့ အပင်မျိုးဖြစ်တဲ့အတွက် နေရောင်ခြည်ဒဏ်ကိုလည်း
တစ်နေကုန်ခံနိုင်စွမ်းရှိပါတယ်။

နေဒဏ်ခံနိုင်ပေမဲ့ ရေဒဏ်မခံနိုင်တဲ့အတွက် မိုးရွာထဲမှာတော့ ပစ်ထားလို့ မရပါဘူး။

နောက်ထပ်အားသာချက်တစ်ခုကတော့ အိမ်ခန်းတွင်းမှာ စိုက်မယ်ဆိုရင်လည်း နေရောင်ခြည်ရတဲ့
နေရာဖြစ်စေ၊ မရတဲ့ နေရာမှာဖြစ်စေ စိုက်ထားလို့ ရပါတယ်။

ရေမကြိုက်တဲ့အတွက်လည်း ရေကိုတစ်ပတ် (သို့) ၁၀ ရက်လောက်မှ တစ်ကြိမ်ပဲ
လောင်းပေးရပါတယ် (ရေလောင်းများရင် ပုပ်တတ်ပါတယ်)။

အရွက်တွေကိုလည်း လိုသလို ညှပ်ထုတ်နိုင်ပါတယ်။ သဘာဝနည်းနဲ့ လေသန့်စင်ပေးနိုင်တဲ့အပြင်
သိပ်ဂရုစိုက်စရာမလိုတဲ့အတွက် နိစ္စဓူဝအလုပ်တွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့သူတွေ အခန်းတွင်းမှာ
နဂါးစပ်ပင်စိုက်ဖို့ သင့်တော်ပါတယ်။

နဂါးစက်ဆိုတဲ့အတိုင်း အပင်က အ၀ါရောင်အနားကွပ်နဲ့ အစိမ်းရောင်အရွက်က ရှည်ရှည်မျောမျော
သဏ္ဌာန်ရှိတဲ့အပြင် အရွက်ပေါ်မှာ အစက်စက်လိုင်းလေးတွေ ပါရှိပါတယ်။

တချို့နေရာတွေမှာ ဒီနဂါးစက်စိုက်ထားရင် မြွေ မလာဘူးဆိုတဲ့ အယူအဆလည်း ရှိပါတယ်။

စားပွဲတင်အရွယ် (အပင်သေး)နဲ့ အိမ်ထောင့်တွေ၊ ၀ရန်တာမှာ ထားလို့ရတဲ့အရွယ် (အပင်ကြီး)ဆိုပြီး
နှစ်မျိုးရှိကာ အပင်သေးက ကျပ် ၃,၅၀၀ ကနေ ၅,၀၀၀ ကြားဖြစ်ပြီး အပင်ကြီးကတော့
ကျပ် ၈,၀၀၀ ကနေ အပင်အခက်အလက် အရေအတွက်ပေါ်မူတည်ပြီး ဈေးကွာသွားပါတယ်။

အပင်ဈေးနှုန်းတွေကို ကန်တော်ကြီးမြေပဒေသာကျွန်းထဲက အန်တီကြီးဒေါ်အေးသွယ်နှင့် သားများ
မျိုးစေ့၊ ပျိုးပင်နဲ့ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်ကနေ ရရှိတာဖြစ်ပါတယ်။

ဒီအပင်က အန်တီကြီးဒေါ်အေးသွယ်နှင့် သားများ ဆိုင်မှာတော့ လူကြိုက်များပြီး အရောင်းသွက်တဲ့
အပင်တစ်ပင်ပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်