အများပြည်သူ အန္တရာယ်ရှိနေတဲ့ ကန်တော်ကြီး ကန်ပတ်လမ်း သစ်သားတံတား

ပြင်စေချင်မိ (Danger)။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ပြင်စေချင်မိ (Danger)။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ရန်ကုန်မြို့နဲ့ ကန်တော်ကြီး၊ ကန်တော်ကြီးနဲ့ ရန်ကုန်မြို့ဆိုတာ ခွဲခြားလို့ မရတဲ့ အတွဲအစပ်တစ်ခုပါ။

ကန်တော်ကြီးကန်နဲ့ ကန်တော်ကြီးပန်းခြံဟာ ရန်ကုန်သူ၊ ရန်ကုန်သားတွေအတွက် အလှအပ
ဂုဏ်ဆောင်တစ်ခုဖြစ် သလို သဘာဝတရားကိုခံစားနိုင်ဖို့အတွက် အားထားရာ အိုအေစစ်
တစ်ခုဆိုလည်း မမှားပါဘူး။

ဒီမှာမှ ကန်တော်ကြီးကန်တစ်လျှောက် ဆောက်လုပ်ထားတဲ့ သစ်သားတံတားကြီးဟာလည်း
ကန်တော်ကြီးပန်းခြံရဲ့ လှပအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

နေ့စဉ် လူပေါင်းများစွာ အဲဒီတံတားကြီးပေါ်မှာ ဖြတ်သန်းသွားလာရင်း လေညင်းခံကြ၊
အားကစားလုပ်ကြ စတဲ့ စိတ်အပန်းဖြေမှုကို ပြုလုပ်ကြပါတယ်။

ဒါပေမဲ့လည်း ခုချိန်မှာတော့ ဒီတံတားကြီးရဲ့အခြေအနေက ဖြတ်သန်း သွားလာလို့
မသင့်လောက်အောင်ကို တော်တော်လေး ပျက်စီးယိုယွင်းလို့ နေပါတယ်။

ကန်တော်ကြီး Signature စားသောက်ဆိုင်ဘက်ဂိတ်ကနေ ကရ၀ိက်မျှော်စင်ကျွန်းဂိတ်အထိ
အရှည် ပေပေါင်း ၆,၀၀၀ ကျော်ရှိတဲ့ ကန်ပတ်လမ်း သစ်သားတံတားတစ်လျှောက်လုံးမှာ
ပြုပြင်ထိန်းသိမ်းထားပုံရတဲ့ အပိုင်းက ပျက်စီးနေတဲ့ အပိုင်းထက်နှိုင်းယှဉ်ရင် တော်တော်လေး
နည်းပါးတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က စာရေးသူ တံတားပေါ်မှာ လမ်းလျှောက်နေစဉ်မှာ တံတားရဲ့အခြေအနေကို
ကြည့်ပြီး ကလေးတွေနဲ့မို့ ဆက်မလျှောက်ရဲလို့ လှည့်ပြန်ကြတဲ့မိသားစုတချို့ကိုလည်း
သတိထားမိလိုက်ပါတယ်။

ပြင်စေချင်မိ (Danger)။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ပြင်စေချင်မိ (Danger)။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

တံတားပေါ်မှာ လမ်းလျှောက်ဖို့လာတဲ့ အန်တီကြီးတစ်ယောက်ကတော့ "လမ်းလျှောက်ဖို့လာတာပဲ၊
တံတားက သစ်သားတွေက ပြုတ်နေပြီး လျှောက်ရတာ အန္တရာယ်များတယ်။ တစ်ဖက်က
တက်နင်းလိုက်ရင် တစ်ဖက်က သစ်သားချောင်းက ထောင်သွားတယ်ဆိုတော့ ခေါင်းလာရိုက်မိမလား
စိုးရိမ်ပြီး တံတားပေါ် လမ်းလျှောက်ရတာ သက်စွန့်ဆံဖျား လျှောက်ရသလိုဖြစ်နေတယ်"လို့ အပြုံးစစနဲ့
ဟာသနှောပြီး တံတားရဲ့အခြေအနေကို ထိထိမိမိ ပြောပြသွားပါတယ်။

Signature ဘက် တံတားအစကနေ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် အစနားလောက်အထိ
တစ်လျှောက်လုံးမှာ အပေါက်ပေါင်းများစွာရှိနေသလို အပေါက်တွေကို ပြန်ဖာထေးထားတဲ့
သစ်သားတွေကလည်း ဆွေးမြည့်နေပြီး လမ်းလျှောက်တဲ့အခါ အသံတွေလည်းမြည်ပြီး
လှုပ်ယမ်းနေတာမို့ လမ်းလျှောက်သူတွေခမျာ ကန်တော်ကြီးရဲ့သဘာဝအလှအပကို မခံစားနိုင်ရှာဘဲ၊
တံတားကိုသာ သေချာငုံ့ကြည့်ပြီး၊ လမ်းလျှောက်ကြရပါတယ်။

ကန်တော်ကြီးပန်းခြံထဲက အမည်မပြောပြလိုသူ ၀န်ထမ်းတစ်ဦးကတော့ "တံတားက ပျက်တော့
တော်တော်ပျက်စီးနေတယ်။ အလယ်နားလောက်မှာတော့ ပြန်ပြင်ထားပါတယ်။
လျှောက်ကြည့်ပါဦး"လို့ စာရေးသူကို ဆိုပါတယ်။

တံတားဆုံးအောင် လျှောက်ကြည့်လိုက်တော့ တံတားတစ်လျှောက် ကားလမ်းကနေ လှမ်းမြင်နိုင်တဲ့
နေရာတွေမှာ သေချာပြုပြင်ထားတာတွေ့ရပေမဲ့ လှမ်းမမြင်နိုင်တဲ့ နေရာတွေမှာတော့ ပြုပြင်ထားခြင်း
မရှိပါဘူး။ တံတားအလယ်လောက်ဖြစ်တဲ့ ကန်တော်ကြီးဟိုတယ်ထဲကနေ လှမ်းမြင်ရတဲ့
မြင်ကွင်းနေရာတစ်လျှောက်လုံးမှာတော့ တံတားကို ချောနေအောင် သေချာပြန်လည်
ပြုပြင်ထားပါတယ်။ (ပြောရရင် အဲဒီနေရာက တံတားတစ်လျှောက် အကောင်းဆုံးအစိတ်အပိုင်းတွေက
တစ်ခုပါပဲ။ ခုလိုပြင်ထားတာကလည်း ဟိုတယ်က မြင်ကွင်းကောင်းကောင်းရဖို့အတွက် သူ့စရိတ်နဲ့များ
ပြင်ထားသလားလို့လည်း တွေးမြင်မိပါတယ်။)

ပြင်စေချင်မိ (Danger)။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ပြင်စေချင်မိ (Danger)။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

ဟိုတယ်နားမရောက်ခင်နေရာတွေနဲ့ ဟိုတယ်တစ်ဖက်ခြမ်းနေရာတွေမှာတော့ ကားလမ်းကနေ
အနီးကပ်လှမ်းမြင်နိုင်တဲ့ နေရာမရောက်ခင်အထိ အတွင်းပိုင်းတစ်လျှောက်မှာ တံတားက
အပေါက်တွေ၊ အစပ်အဖာတွေများစွာနဲ့ ချွတ်ခြုံကျနေပြီး အပေါက်တွေ၊ ကျိုးနေတဲ့ သစ်သားချောင်းတွေ၊
ထောင်နေတဲ့သံချောင်းတွေ၊ တစ်ဖက်က နင်းလိုက်ရင် တစ်ဖက်က ထောင်သွားတဲ့
သစ်သားချောင်းတွေ အပြည့်နဲ့ဖြစ်နေပါတယ်။

စာရေးသူကတော့ ကလေးငယ်တွေအတွက် အန္တရာယ်ရှိတာမို့ ဖြတ်သန်းသွားလာဖို့ လုံးဝ
မသင့်တော်တဲ့နေရာလို့ မြင်မိပါတယ်။

ဒီကန်တော်ကြီးကန်ပတ်လမ်းတံတားကို ၂၀၁၅-၂၀၁၆ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ
တစ်ကြိမ် ပြန်လည်ပြုပြင်ထားပြီး ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးဘတ်ဂျက်မှာလည်း တံတားတစ်ခုလုံး
ပြန်လည်ပြင်ဆင်ဖို့ ဘတ်ဂျက်ရထားပြီလို့ ရန်ကုန်မြို့တော်စည်ပင် ပန်းဥယျာဉ်ဌာနက ပြောပြပါတယ်။

ပြင်စေချင်မိ (Danger)။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)ပြင်စေချင်မိ (Danger)။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

"ကန်တော်ကြီး ကန်ပတ်လမ်းသစ်သားတံတားဟာ ရန်ကုန်မြို့တော်စည်ပင်ရဲ့ ပန်းဥယျာဉ်ဌာန
အောက်မှာရှိနေပြီး ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်မှာ တံတားအစအဆုံးပြင်ဆင်ဖို့
ဘတ်ဂျက်ကျထားပါပြီ။ လောလောဆယ်တော့ တံတားအတွက် ဒီဇိုင်းပြန်ဆွဲနေတုန်းမို့ပါ။
ပြန်လည် တည်ဆောက်မှုကို လမ်းတံတားဌာနကိုအပ်ပြီး ၂၀၁၇ ခုနှစ် အတွင်းမှာ
အပြီးပြန်လည်တည်ဆောက်သွားပါမယ်"လို့ ရန်ကုန်မြို့တော်စည်ပင် ပန်းဥယျာဉ်ဌာန ဌာနမှူး
ဦးကိုကိုလင်းက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်