ပြပွဲမတင်သေးပေမဲ့ လူမှုကွန်ရက်မှာ လူကြိုက်များနေတဲ့ အောင်ကျော်ခင်ရဲ့ စိတ်ကူးယဉ် ပုဂံလက်ရာများ

အောင်ကျော်ခင်ရဲ့ စိတ်ကူးယဉ် ပုဂံလက်ရာ။ ဓာတ်ပုံ - အောင်ကျော်ခင်၏ဖေ့စ်ဘွတ်ခ်မှအောင်ကျော်ခင်ရဲ့ စိတ်ကူးယဉ် ပုဂံလက်ရာ။ ဓာတ်ပုံ - အောင်ကျော်ခင်၏ဖေ့စ်ဘွတ်ခ်မှ

အတိတ်ကာလက စာပေ၊ ဂီတနဲ့ လက်မှုပညာတို့ ထွန်းကားစည်ပင်ရာအရပ်ဖြစ်ခဲ့တဲ့ ပုဂံမြေကို
ရောက်တယ်ဆိုရင် မြန်မာတိုင်းခံစားမိတာက ဂုဏ်ယူဝင့်ကြွားခြင်းပါပဲ။

ဒါတင်မကပါဘူး။ အနုပညာရှင်တွေဟာ သူတို့ရဲ့ကျွမ်းကျင်မှုအတတ်ပညာတွေနဲ့ ပုဂံရဲ့
လှပခမ်းနားမှုတွေကို စာပေနဲ့တစ်မျိုး၊ ပန်းချီနဲ့တစ်ဖုံ၊ ဓာတ်ပုံနဲ့တစ်သွယ် အမျိုးမျိုးပုံဖော်
ထုဆစ်ကြပါတော့တယ်။

အဲဒီထဲမှာမှ ဒစ်ဂျစ်တယ်အနုပညာရှင် ကိုအောင်ကျော်ခင်ကတော့ အနုပညာလက်ရာပြောင်မြောက်တဲ့
ပုဂံမြေပေါ်က အရာရာတိုင်းဟာ သူ့အတွက် အံ့ဩသင့်စရာချည်းပဲလို့ ဆိုပါတယ်။

"မြန်မာလူမျိုးဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ပုဂံကိုသွားချင်ခဲ့တယ်။ ပုဂံကို ပထမဦးဆုံးအကြိမ်
ရောက်သွားတော့ ကျွန်တော့်စိတ်ထဲမှာ ထူးဆန်းတဲ့ ခံစားမှုမျိုး ရခဲ့တယ်။ ပုဂံက စေတီပုထိုးတွေရဲ့
မုခ်ဦးမုခ်ဝတွေဆိုရင် ကြီးတယ်၊ ခန့်တယ်၊ ထုထည်ရှိတယ်။ ပုဂံက ကျွန်တော့်အတွက်တော့
စိတ်ကူးယဉ်ဆန်တဲ့နေရာတစ်ခုလို့ ခံစားရတယ်။ ဒါကြောင့် တစ်နေ့တော့ ပုဂံနဲ့ပတ်သက်လို့
တစ်ခုခုလုပ်နိုင်ရမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့တယ်"လို့ အသက် ၂၆ နှစ်အရွယ် ကိုအောင်ကျော်ခင်က
ပြောပါတယ်။

ဒီလိုနဲ့ 'စိတ်ကူးယဉ်ပုဂံ' (Fantasy Bagan) ဆိုပြီး ဖန်တီးဖြစ်ခဲ့ပါတော့တယ်။ ခေါင်းစဉ်ပေးထားတဲ့
အတိုင်း ပုဂံလို့သိနိုင်တဲ့ အစိတ်အပိုင်း တချို့ကို ရေအောက်ကမ္ဘာထဲမှာလည်း ဖော်ကျူးထားသလို၊
ရေတံခွန် တွေ၊ လေပေါ်မှာ မျောလွင့်နေတဲ့ပုံစံတွေနဲ့ ဗီဒီယိုဂိမ်းနောက်ခံမြင်ကွင်းဆန်ဆန်
ခြယ်မှုန်းထားတဲ့ digital painting ရှစ်ပုံကို မွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။

ကိုအောင်ကျော်ခင်ဟာ ပုဂံကို ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ရောက်ရှိခဲ့ပေမဲ့
ပုံရှစ်ပုံကိုတော့ ပုဂံက ပြန်ရောက်ပြီး တစ်နှစ်ကျော်အကြာမှာ (၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာမှ)
တစ်ပုံချင်းစီ ရေးဆွဲခဲ့ပြီး သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ တင်ခဲ့တာဖြစ်ပါတယ်။

အောင်ကျော်ခင်ရဲ့ စိတ်ကူးယဉ် ပုဂံလက်ရာ။ ဓာတ်ပုံ - အောင်ကျော်ခင်၏ဖေ့စ်ဘွတ်ခ်မှအောင်ကျော်ခင်ရဲ့ စိတ်ကူးယဉ် ပုဂံလက်ရာ။ ဓာတ်ပုံ - အောင်ကျော်ခင်၏ဖေ့စ်ဘွတ်ခ်မှ

"စစချင်း တစ်ပုံဆွဲဖြစ်တယ်။ လူတွေ တော်တော်ကြိုက်ကြတယ်။ Like တွေလည်း အများကြီးရသလို
ကျွန်တော်ဝါသနာအရ ဆွဲလိုက်တဲ့ ပုံတွေကို ၀ိုင်း Share ပေးကြတယ်။ အရင်တုန်းကလည်း နိုင်ငံခြား
 Theme တွေနဲ့ ဂိမ်းနောက်ခံပုံစံလိုမျိုးတွေ ဆွဲတင်ဖူးတယ်။ အထူးအဆန်းမဖြစ်ကြပါဘူး။
အခုကျတော့ ပုဂံကို Fantasy ဆန်ဆန် ထွင်လိုက်တော့မှ ကြိုက်သွားကြတာပါ။ အားလုံး
သဘောကျတော့ နောက်ပိုင်းလည်း ဆက်ဆွဲဖြစ်သွားတာပါ။ ဂိမ်းနောက်ခံဆန်ဆန်လို
အထူးအဆန်းကြီးတွေနဲ့ အရှိပုဂံကို ပေါင်းရေးလိုက်တာပါပဲ"လို့ သူ့ရဲ့ 'စိတ်ကူးယဉ်ပုဂံ' ဖန်တီးမှုကို
ကိုအောင်ကျော်ခင်က ပြောပြပါတယ်။

ပြည်တွင်းမှာ ပထမဦးဆုံး မိုဘိုင်းဂိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီ My Play မှာ Digital Artist နဲ့ Illustrator
တစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်းက ဂျပန်မှာ ကျင်းပခဲ့တဲ့ တိုကျိုဂိမ်းပြပွဲမှာ
ဆုရရှိခဲ့တဲ့ 'ဆိုက်ကားဆရာမောင်ပိန်' မိုဘိုင်းဂိမ်းကို ဖန်တီးရေးဆွဲသူတွေထဲက တစ်ဦးလည်း
ဖြစ်ပါတယ်။

အခု သူ့ရဲ့ Fantasy Bagan Digital Painting Series ကိုတော့ အသုံးများတဲ့ ကွန်ပျူတာဆော့ဖ်ဝဲ
တစ်ခုဖြစ်တဲ့ ဗိသဘန Adobe Photoshop နဲ့ ရေးဆွဲခဲ့တာပါ။

"Digital Painting ဆိုတာကလည်း အဓိက ပန်းချီဆွဲတာပါပဲ။ စာရွက်၊ ကင်းဗတ်အစား
ကွန်ပျူတာဆော့ဖ်ဝဲလ်အကူအညီနဲ့ ပန်းချီဆွဲလိုက်တာပါပဲ။ ရိုးရိုးကင်းဗတ်ပေါ်မှာ ဆွဲတဲ့ ပန်းချီနဲ့
မတူတာက Digital Painting က အလွယ်တကူဆွဲလို့ရတယ်။ Fine Art လိုမျိုး ဆေးဘူးစု၊
ကင်းဗတ်ရှာစရာ၊ outdoor သွားစရာမလိုဘူး။ ကိုယ်ဆွဲချင်တဲ့အခါ ကွန်ပျူတာ ဖွင့်ပြီး ကောက်ဆွဲလို့
ရတယ်။ အရွယ်အစားကိုလည်း ချုံ့ချဲ့လုပ်လို့ရ တယ်။ အရောင်ကိုလည်း ကိုယ်ကြိုက်ရာနဲ့
ဆွဲလို့ရတယ်။ နောက်ဆုံး ပြီးသွားရင်လည်း အလွယ်တကူပြုပြင်လို့ရတယ်။ ဒါပေမဲ့ အားနည်းချက်က
သူက ကော်ပီပွားလို့ရတယ်။ Fine Art လိုမျိုး တန်ဖိုးမမြောက်ဘူး။ အလေးအနက်ထား ကြည့်ရှုခြင်း
မခံရဘူး။ တန်ဖိုးမကြီးဘူးပေါ့"လို့ ဆိုပါတယ်။

ဒါပေမဲ့ ကွန်ပျူတာပေါ်မှာ ဆွဲတတ်ဖို့အတွက်လည်း အခြေခံပန်းချီပညာတော့ လိုအပ်ပါတယ်။

ကိုအောင်ကျော်ခင်ကတော့ ပန်းချီပညာကို ၀ါသနာပါခဲ့တာကြောင့် ဆယ်တန်းအောင်ပြီးကတည်းက
အခြေခံပန်းချီ သင်တန်းတက်ရောက်ခဲ့သလို သူ့ရဲ့ပန်းချီကားတွေကိုလည်း ပြပွဲတင် ပြသခဲ့ဖူးပါတယ်။

"ကျွန်တော်တို့ စလုပ်ခဲ့တုန်းကအချိန်နဲ့စာရင် အခုခေတ်ကပိုပြီးတော့ အလားအလာကောင်းပါတယ်။
အင်တာနက်ကောင်းတော့ နောက်ဆုံး ပေါ်နည်းပညာတွေကို ယူကျုကနေတစ်ဆင့် အလွယ်တကူ
လေ့လာလို့ ရတယ်။ တကယ်ဝါသနာပါတယ်ဆိုရင် Myanmar Digital Artist ဆိုတဲ့ ဖေ့စ်ဘွတ်ခ်က
အဖွဲ့တွေမှာ မသိတာတွေ အပြန်အလှန်လေ့လာလို့ရတယ်"လို့ ကိုအောင်ကျော်ခင်က ပြောပါတယ်။

အောင်ကျော်ခင်ရဲ့ စိတ်ကူးယဉ် ပုဂံလက်ရာ။ ဓာတ်ပုံ - အောင်ကျော်ခင်၏ဖေ့စ်ဘွတ်ခ်မှအောင်ကျော်ခင်ရဲ့ စိတ်ကူးယဉ် ပုဂံလက်ရာ။ ဓာတ်ပုံ - အောင်ကျော်ခင်၏ဖေ့စ်ဘွတ်ခ်မှ

သူကတော့ အသက် ၂၀ အရွယ်လောက်မှာ အန်နီမေးရှင်းကုမ္ပဏီ တစ်ခုမှာ Animator တစ်ဦးအဖြစ်
အလုပ်စတင်လုပ်ကိုင်ခဲ့ပါတယ်။

Animator တစ်ဦးအဖြစ် ဂိမ်းဇာတ်ကောင် Character တွေ၊ နောက်ခံ Background တွေနဲ့ 
Illustration တွေကို ရေးဆွဲရာကနေ နောက်ပိုင်းမှာ Digital Artist တစ်ဦးအဖြစ် ရပ်တည်ခဲ့တာပါ။

အဲဒီကနေတစ်ဆင့် ၂၀၁၂ ခုနှစ်မှာ My Play မှာ ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး လက်ရှိအချိန်အထိ
လုပ်ကိုင်နေဆဲပဲ ဖြစ်ပါတယ်။

"ကျွန်တော် ဘွဲ့ရတာကတော့ ဒဂုံတက္ကသိုလ်က မြန်မာမှုအဓိကနဲ့ပါ။ ဒါကြောင့်ပဲလားတော့ မသိဘူး။
ကျွန်တော် မြန်မာမှုကို မြတ်နိုးတယ်။ မြန်မာဆန်ဆန် Character တွေ၊ graphic ပုံတွေ
ဖန်တီးရတာကို သဘောကျတယ်။ အခုနောက်ပိုင်းမှာလည်း ရာမဇာတ်တော်ကိုမှီပြီး မြန်မာမှု
နောက်ခံထားတဲ့ ဂိမ်းဇာတ်ကောင်တွေ၊ နောက်ခံ Background တွေကို အဓိကထားရေးတယ်။
နောက်ပိုင်းမှာလည်း မြန်မာဆန်ဆန်တွေကို ပိုလုပ်သွားချင်တယ်"လို့ ဆိုပါတယ်။

၂၀၀၉ ခုနှစ်လောက်ကတော့ Digital Painting တွေကို Print ထုတ်ပြီး ပြပွဲအဖြစ်တင်ပြီး
ပြသဖူးတာရှိခဲ့တယ်လို့ သူက ဆိုပေမဲ့ သူ့ရဲ့ပုဂံစီးရီးကိုတော့ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှပဲ
Print ထုတ်ပြီးတော့ ပြပွဲတင်ပြသသွားဖို့ ရှိတယ်လို့လည်း ကိုအောင်ကျောင်ခင်က ဆိုပါတယ်။

My Play မှာ လက်ရှိလုပ်နေတဲ့ အလုပ်အပြင် Golden Culture T-Shirt Revolution နဲ့ ပူးပေါင်းပြီး
ခုနစ်ရက်သားသမီးတွေရဲ့ နေ့နံအလိုက် အရုပ်တွေကို ရေးဆွဲထုတ်လုပ်ထားတဲ့ တီရှပ်တံဆိပ်
တစ်ခုကိုလည်း လုပ်ကိုင်နေပါသေးတယ်။

ဒါ့ပြင် Basic Digital Painting သင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားနေပါတယ်။

"ကျွန်တော် နောက်ထပ်ဆွဲချင်တာက မြောက်ဦးက ရှေးဟောင်းဘုရားတွေပါပဲ။ အဲဒီက ဘုရားတွေကို
ထိန်းသိမ်းတာမရှိဘဲ ဒီအတိုင်း စွန့်ပစ်ထားသလို ဖြစ်နေတယ်။ အဲဒီဘုရားတွေ တွေ့တော့
ကျွန်တော့်ရင်ထဲ စိတ်မကောင်းဖြစ်မိပါတယ်။ အဲဒီအတွက် သူများတွေသိအောင် ကျွန်တော်တတ်တဲ့
Digital Illustration နဲ့ တင်ပြသွားမှာပါ"လို့ ကိုအောင်ကျော်ခင်က ပြောပါတယ်။

ခု ဧပြီလဆန်းမှာတော့ မြောက်ဦးက ဘုရားပုံတစ်ပုံကို စတင်ရေးဆွဲခဲ့ပြီး နောက်ပိုင်းမှာလည်း
စီးရီးလိုက် ရေးဆွဲသွားဖို့ရှိတယ်လို့ ဆိုပါတယ်။


အောင်ကျော်ခင်ရဲ့ 'စိတ်ကူးယဉ်ပုဂံ' ပုံတွေကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာ agkyawkhin မှာ
ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်