ပြည်တွင်းဖြစ် ကိုကိုဖယောင်းတိုင်

KOKO Soy Candles ကနေ ထုတ်လုပ်လိုက်တဲ့ Simply Myanmar အမွှေးဖယောင်းတိုင်များ။ ဓာတ်ပုံ - SuppliedKOKO Soy Candles ကနေ ထုတ်လုပ်လိုက်တဲ့ Simply Myanmar အမွှေးဖယောင်းတိုင်များ။ ဓာတ်ပုံ - Supplied

မြန်မာနိုင်ငံကို အနံ့လေးတွေနဲ့ ပုံဖော်ကြည့်မယ်ဆိုပါစို့။ ဘာအနံ့လေးတွေက ပုံဖော်နိုင်မယ်
ထင်ပါသလဲ။ အရသာရှိတဲ့ အစားအသောက်တွေရဲ့ အနံ့တွေလား၊ သဘာဝ အလှတရားတွေ
ဖြစ်မလား၊ ဒါမှမဟုတ် ဘုရားကျောင်းဆောင်တွေနဲ့ ပုံဖော်ကြည့်မလား။

KOKO Soy Candles ကို တည်ထောင်သူဖြစ်တဲ့ မခင်ဆွေကတော့ မြန်မာကိုကိုယ်စားပြု
ထင်ဟပ်စေမယ့် ရနံ့အသစ်တွေနဲ့ ဖော်စပ်ထားတဲ့ အမွှေးဖယောင်းတိုင် အသစ်တွေကို
တီထွင်ခဲ့ပါတယ်။

ရလဒ်ကတော့ Simply Myanmar လို့ခေါ်တဲ့ မြန်မာနိုင်ငံရဲ့ လူကြိုက်များတဲ့ ရနံ့ သုံးမျိုးစုစည်းမှုကို
ထုတ်လုပ်လိုက်တာပါပဲ။ ဒီရနံ့သုံးမျိုးမှာ စံပယ်ဖြူ (White Jasmine)၊ ကံ့ကော် (Kan Kaw) နဲ့
သနပ်ခါး (Thanakha) တွေ ပါဝင်မှာဖြစ်ပြီး အခုလ ဆန်းပိုင်းကစတင်လို့ ဆိုင်တွေမှာ
ရောင်းချပေးနေပါပြီ။

"ကိုကိုဖယောင်းတိုင်ကို လုပ်လာတာ အခုဆို တစ်နှစ် ပြည့်တော့မယ်။ ဒါကြောင့် တစ်နှစ်ပြည့်
အဖြစ်ရော၊ နောက်ပြီး ကိုယ့်ကိုယ်ပိုင်ရနံ့ရော၊ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် ရနံ့လေးတွေ
လုပ်ချင်တာကြောင့်ရော အားလုံး ပေါင်းပြီးတော့ ဒီဖယောင်းတိုင်အတွဲလေးကို လုပ်လိုက်တာပါ"လို့
အသက် ၃၆ နှစ်အရွယ် မခင်ဆွေက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

မခင်ဆွေက ယူအေအီးမှာရှိတဲ့ အဒေါ်ဆီကို ၂၀၀၈ ခုနှစ်မှာ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဘာသာရပ်နဲ့
ကျောင်းတက်ဖို့ သွားရောက်နေထိုင်ခဲ့ရင်း ဒီပလိုမာလက်မှုသင်တန်းတစ်ခုကိုလည်း တစ်နှစ်နီးပါးကြာ
တက်ရောက်ခဲ့တာပါ။

သင်တန်းမှာ အိုးလုပ်တာ၊ ဖယောင်းတိုင်လုပ်တာနဲ့ ပန်းအလှထိုးတာတို့ ပါဝင်ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး KOKO Soy Candles ဆိုတဲ့ တံဆိပ်နဲ့
အမွှေးဖယောင်းတိုင်လေးတွေ ကိုယ်တိုင်လုပ်ရောင်းချတဲ့ ဆိုင်လေးတစ်ဆိုင်ကို
စမ်းချောင်းမြို့နယ်ထဲမှာ ဖွင့်ခဲ့တာပါ။

ကိုကိုအမွှေးဖယောင်းတိုင်တွေကိုလည်း အဲဒီနေရာမှာပဲ ပြုလုပ်တာ ဖြစ်ပါတယ်။

အဲဒီလို လုပ်ငန်းစတင် တည်ထောင်တဲ့အခါမှာတော့ အခက်အခဲတွေများစွာထဲကမှ "မြန်မာနိုင်ငံမှာ
ဖယောင်းတိုင်ကို အမွှေးရနံ့အတွက် မဟုတ်ဘဲ အလင်းရဖို့ သက်သက်ပဲ အများဆုံး
အသုံးပြုကြပါတယ်။ ဒီလုပ်ငန်း ကိုစလုပ်မယ်ဆိုတော့ ကျွန်မဆွေမျိုးတွေကတောင်
အဆင်မပြေနိုင်ဘူးဆိုပြီး ၀ိုင်းပြောကြတယ်။ ဒါပေမဲ့ ကျွန်မကလည်း အစကတည်းက
ဒီလက်မှုလုပ်ငန်းအပေါ်မှာ ၀ါသနာပါတယ်၊ ကိုယ်ပိုင်လုပ်ငန်းလည်း လုပ်ချင်နေတာနဲ့ ဒါကိုပဲ
လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ"လို့ မခင်ဆွေက ဆိုပါတယ်။

KOKO Soy Candles ကနေ ထုတ်လုပ်လိုက်တဲ့ အမွှေးဖယောင်းတိုင်တွေ အကုန်လုံးကို
၁၀၀ ရာခိုင်နှုန်း သဘာဝစိုက်ပျိုးထွက်ရှိတဲ့ ပဲဖယောင်းတွေကို အသုံးပြုထားပြီး အမွှေးရနံ့
အတွက်ကိုတော့ ပြင်သစ်နိုင်ငံထွက် ကျန်းမာရေးအထောက်အကူပြု သဘာဝအမွှေးနံ့သာဆီတွေနဲ့
ပေါင်းစပ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

"စစချင်းကတော့ တစ်ယောက်တည်း ဖယောင်းကျို၊ အမွှေးစပ်ပြီးတော့ ကုန်ချောရတဲ့အထိ
အကုန်လုံးကိုယ်တစ်ယောက်တည်း လုပ်ခဲ့တယ်"လို့ ဆိုပါတယ်။

လက်ရှိမှာတော့ KOKO Soy Candles ကနေ Simply Myanmar ဆိုတဲ့ Collection အပါအ၀င်
အမွှေးဖယောင်းတိုင် ရနံ့ပေါင်း ၃၀ နီးနီးအထိ တီထွင်ထုတ်လုပ်ရောင်းချနေပါတယ်။

သစ်ကြံပိုးခေါက်၊ နံ့သာဖြူ၊ လိမ္မော်၊ စပါးလင်၊ သရက် စတဲ့ ရနံ့တွေအပါအ၀င် သစ်သီး၊
ပန်းရနံ့တွေကနေ ဟင်းခတ်အမွှေးအကြိုင် ရနံ့မျိုးစုံအထိ ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။

အမွှေးရနံ့မကြိုက်တဲ့ သူတွေအတွက်တော့ ဓာတုဗေဒပါဝင်မှု နည်းပါးတဲ့ ပျားဖယောင်းကနေ
ထုတ်လုပ်ထားတဲ့ ဖယောင်းတိုင်အမျိုးအစားတွေကို သုံးသင့်တယ်လို့ မခင်ဆွေက ပြောပါတယ်။

ဒါပေမဲ့ အနံ့ထုတ်ပြီးသား ပျားဖယောင်းကိုတော့ မြန်မာနိုင်ငံမှာ ရှာရခက်တယ်လို့ ဆိုပါတယ်။

"Paraffin လို ဓာတုဗေဒပစ္စည်းတွေမဟုတ်ဘဲ သဘာဝပစ္စည်းတွေကို အခြေခံပြီး ထုတ်လုပ်လို့ရတဲ့
ဖယောင်းအမျိုးအစား သုံးမျိုး ရှိတယ်။ ပဲဖယောင်း၊ ပျားဖယောင်းနဲ့ အုန်းပင်ကနေထုတ်တဲ့
ဖယောင်းအမျိုးအစားဆိုပြီး သုံးမျိုးရှိပါတယ်။ အဲဒီထဲမှာ ကျွန်မကတော့ ပဲဖယောင်း သုံးတယ်။
တချို့အမွှေးရနံ့ မကြိုက်တဲ့သူတွေအတွက်ကျတော့ ပျားဖယောင်းက အကောင်းဆုံးပဲ"လို့ ဆိုပါတယ်။

ဒါကြောင့် မခင်ဆွေအနေနဲ့ ထိုင်းနိုင်ငံကနေ ပျားဖယောင်းတွေကို မှာယူပြီး မွှေးရနံ့ကင်းတဲ့
ပျားဖယောင်းတိုင်တွေကိုလည်း ထုတ်လုပ်သွားဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ မိုးရာသီအတွက် သီးသန့် ထုတ်လုပ်မယ့် Monsoon Collection ကိုလည်း
ဇွန်လ ပိုင်းလောက်မှာ ထုတ်လုပ်သွားဦးမှာဖြစ်ပါတယ်။

"ကျွန်မတို့ ဖယောင်းတိုင်လုပ်တဲ့ သူတွေအနေနဲ့ ရာသီဥတုအပေါ်မူတည်ပြီး ရာသီနဲ့ လိုက်ဖက်မယ့်
အမွှေးဖယောင်းတိုင်လေးတွေကို ထုတ်ဖို့ လိုအပ်ပါတယ်။ အမွှေး ဖယောင်းတိုင်ထုတ်တဲ့အခါမှာ
ကျွန်မအနေနဲ့ ပြောရရင်တော့ ဓာတုဗေဒပါတဲ့ ဖယောင်းအမျိုးအစားတွေကို မသုံးသင့်ပါဘူး။ နောက်ပြီး
သုံးတဲ့သူတွေအနေနဲ့လည်း ကိုယ်သုံးတာက ဘယ်လိုဖယောင်း အမျိုးအစားဆိုတာကို သိဖို့
လိုအပ်ပါတယ်"လို့ မခင်ဆွေက ဆိုပါတယ်။

ကိုကိုအမွှေးဖယောင်းတိုင်တွေကိုတော့ ဖယောင်းတိုင်တွေ ထုတ်လုပ်တဲ့နေရာဖြစ်တဲ့
အမှတ် ၆၊ မြေညီထပ်၊ ကျောင်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်အပါအ၀င် Vestige Myanmar
ဆိုင်ခွဲတွေ၊ လက်မှုပစ္စည်းလေးတွေ ရောင်းတဲ့ Retroretro ဆိုင်၊ City Mart ရဲ့ Marketplace
ဆိုင်တွေအပြင် တခြားဆိုင်ပေါင်း ၁၀ ဆိုင်ကျော်မှာ ၀ယ်ယူနိုင်ပါတယ်။

ရန်ကုန်မြို့အပြင် ကလော၊ အင်းလေး၊ မန္တလေးနဲ့ ပြင်ဦးလွင်မြို့တွေမှာလည်း ၀ယ်ယူနိုင်ပါတယ်။

KOKO Soy Candles က ထုတ်တဲ့ ပစ္စည်းတွေနဲ့ ဈေးနှုန်းတွေအကြောင်းကို ဒီထက်ပိုပြီး အသေးစိတ်
သိချင်ရင်တော့ KOKO Soy Candles ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်