ရထားစီး ခရီးသွားတွေရဲ့ အသံတွေ

ရထားစီးခရီးသည် တစ်ဦးကို တွေ့ရစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)ရထားစီးခရီးသည် တစ်ဦးကို တွေ့ရစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

နေပူပူမှာ သွားလာရတဲ့အခါ ချွေးသံတရွှဲရွဲနဲ့မို့ ကိုယ့်အရေပြားကို ကိုယ်ဝတ်ထားတဲ့ အင်္ကျီစနဲ့
ထိမိနေရင်ကို စိတ်တိုနေကြရတဲ့ အချိန်မှာ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ မြို့လယ်ကောင်ဆီကို၊
မြို့လယ်ကောင်ကနေတစ်ဆင့် မြို့ရဲ့အခြားတစ်ဖက်ခြမ်းအထိ ပေါက်ရောက်တာမို့ ခရီးသွားလာရေး
အတွက် အားကိုးနေရတဲ့ မြို့ပတ်နဲ့ ခရီးဝေးရထားတွေမှာတော့ နေ့စဉ်လူအချင်းချင်း
ဖိကျပ်ညပ်နေအောင် တွယ်စီးနေကြရပါတယ်။

YBS ဘတ်စ်ကားစနစ်မပြောင်းခင် တစ်နှစ်ဝန်းကျင်ကတည်းက ကားလမ်းပိတ်ဆို့မှုပြဿနာကို
ဖြေရှင်းရာမှာ ရထားစီးနင်းခြင်းက စရိတ်သက်သာပြီး အများအားဖြင့် လိုရာကို တစ်ဆင့်တည်း
ရောက်တဲ့ ပို့ဆောင်ရေးအဖြေတစ်ခုအဖြစ် ရန်ကုန်မြို့နေသူ လုပ်သား၊ ကျောင်းသားတွေရဲ့ ဘ၀ထဲကို
ထဲထဲဝင်ဝင် ၀င်ရောက်လာခဲ့ပါတယ်။

မီးရထားရပ်နားစရာ စင်္ကြံ ၁၀ ခုဝန်းကျင်ရှိတဲ့ ရန်ကုန်ဘူတာကြီးရဲ့ ပလက်ဖောင်းတွေနဲ့
ရထားလမ်းကြောင်းတွေထဲမှာ မြို့ပတ်ရထားတွေ အများဆုံးရပ်နားတာက စင်္ကြံအမှတ် ၃ ကနေ
၆ အထိဖြစ်ပြီး ရန်ကုန်မြို့ရဲ့ မြို့နယ်၊ ရပ်ကွက်တွေကို ကျော်ဖြတ်ဖောက်လုပ်ထားတဲ့
ရထားဘူတာပေါင်း ၃၉ ဘူတာကို နေ့စဉ် အခေါက်ရေ ၂၀ ပြေးဆွဲနေတာ ဖြစ်ပါတယ်။

ရထားစီးပြည်သူတွေအတွက် နေ့စဉ်ရထားလက်မှတ် စောင်ရေတစ်သိန်းကနေ တစ်သိန်းခွဲဝန်းကျင်
ရောင်းချပေးနေပြီး လက်မှတ်ဈေးနှုန်းက တစ်စောင်ကို ခရီးစဉ်တစ်ဝက်အထိ (ပျမ်းမျှ) ကျပ် ၁၀၀ သာ
သတ်မှတ်ပြီး ခရီးစဉ် စ/ဆုံး ကို ကျပ် ၂၀၀ ကျသင့်ပါတယ်။

အရင်က ရန်ကုန်မြို့လယ်ကောင်၊ ဆူးလေဘုရားအနီးမှာရှိတဲ့ ပုံနှိပ်တိုက်ကို နေ့စဉ် ဘတ်စ်ကားစီးပြီး
ရုံးတက်တဲ့ ကိုမြတ်နိုးက ပြီးခဲ့တဲ့ နှစ်နှစ်ဝန်းကျင် ကစပြီး ယာဉ်ပိတ်ဆို့မှုကြောင့် အလုပ်နှောင့်နှေးရတဲ့
ပြဿနာကြောင့် ရထားကို ပြောင်းစီးလာခဲ့တာ ယနေ့အထိပဲ ဖြစ်ပါတယ်။

"ကျွန်တော်က ငမိုးရိပ်ဘူတာကနေ ရန်ကုန်ဘူတာကြီးအထိ ရထားစီးပြီး အလုပ်ကို
လမ်းဆက်လျှောက်သွားရတယ်။ ကားက ပိတ်ချိန်နဲ့ကြုံရင် လမ်းမှာ တင် နှစ်နာရီလောက်
ကြာတတ်တော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ရထားက နောက်ကျမှ အလွန်ဆုံး နာရီဝက်ပေါ့"လို့
ကိုမြတ်နိုးက သူ ရထားကို ရွေးချယ်ခဲ့ရခြင်းအကြောင်း ပြောပါတယ်။

ဒါပေမဲ့ ရထားချိန်နောက်ကျလို့၊ ရထားတစ်စင်းလုံး ပျောက်နေတတ်လို့၊ ရထားနှစ်စင်းပေါင်း
တစ်ခါတည်း စီးရတဲ့ အချိန်တွေမှာတော့ နေ့စဉ်ရထားစီးနေသူ ရုံးဝန်ထမ်းတစ်ယောက်အနေနဲ့
မသက်သာလှပါဘူး။ ခရီးသည်တွေ နောက်ထပ်ကြုံရတဲ့ အခက်အခဲတစ်ခုကတော့
ရထားအဆင်းအတက် လှေကားတွေ မြင့်မားလွန်းတဲ့အတွက် အတက်အဆင်းမှာ ဒုက္ခရောက်ရတဲ့
ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။

"ပလက်ဖောင်းနဲ့ ရထားအဆင်းလှေကားက တချို့ဘူတာတွေအတွက် အဆင်ပြေပေမဲ့ တချို့ဆင်ခြေဖုံး
ဘူတာတွေမှာ အရမ်းလွတ်နေတယ်။ အဲဒီတော့ တစ်ယောက်ချင်းစီ ခုန်ဆင်းကြရတော့
ရထားပြန်ထွက်မယ့် ဥဩဆွဲချိန်မှာ ဗရုတ်သုတ်ခတွေ ဖြစ်ကုန်တာပေါ့။ ယောက်ျားလေးတွေက
ကိစ္စမရှိပေမဲ့ မိန်းကလေးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ဒုက္ခရောက်ပါတယ်"လို့
ကိုမြတ်နိုးက ပြောပါတယ်။

အရင်က နေထိုင်ရာ မင်္ဂလာဒုံမြို့နယ်ကနေ ရန်ကုန်မြို့ထဲကအလုပ်ကို နေ့စဉ် ရထားစီးခဲ့ပေမဲ့
အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သုံးနှစ်ဝန်းကျင်လောက် အိမ်မှာပဲနေခဲ့တဲ့ မမာလာကတော့ ဒီတစ်ပတ်
ရန်ကုန်မြို့ထဲ သမီး လက်ဆွဲပြီး ရထားနဲ့လာချိန်မှာ အပြောင်းအလဲတွေကို တွေ့ရပါတယ်တဲ့။

အရင်က ဘူတာရုံတွေမှာ ကပ်ထားတဲ့အချိန်အတိုင်း မလာတတ်တဲ့ရထားတွေက ခုဆို အချိန်နဲ့
သိပ်မကွာဘဲ ရောက်လာတတ်လို့ ကျေနပ်ရပြီး သန့်ပြန့်နေတဲ့ ရထားတွဲတွေကြောင့်လည်း
စိတ်ချမ်းသာရတယ်လို့ သူက ပြောပါတယ်။

"ဘတ်စ်ကားတွေက ၀ိုင်ဘီအက်စ်ပြောင်းလိုက်တော့ ကိုယ်စီးရမယ့်နံပါတ်တွေ မသိတော့ဘူးလေ။
ရထားစီးဖို့ မနက်ကတည်းက အခြေအနေကြည့်နေပေမဲ့ နေ့တိုင်း ရထားစီးပြီးအလုပ်သွားရတဲ့
ယောက်ျားက လူအရမ်းကျပ်တဲ့ အချိန်တွေကို ကြိုပြောထားတယ်။ တကယ်စီးကြည့်တော့
ရထားအတက်အဆင်းလှေကားတွေ အရမ်းမြင့်နေတာကလွဲရင် အဆင်ပြေပါတယ်။
ရထားလှေကားက မြင့်နေတော့ ကလေးတစ်ဖက်နဲ့ဆို ဘေးလူ မကူရင် မလွယ်ဘူး။ အစ်မကတော့
ဟိုးတုန်းက သစ်သားလှေကား အကျယ်ကြီးတွေနဲ့ ရထားတွေကို သတိရတယ်"လို့ မမာလာက
ပြောပါတယ်။

ရန်ကုန်ဘူတာကြီးတွင် ခရီးသည်များ သွားလာလှုပ်ရှားနေကြစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)ရန်ကုန်ဘူတာကြီးတွင် ခရီးသည်များ သွားလာလှုပ်ရှားနေကြစဉ်။ အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက အသုံးပြုလာတဲ့ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံလုပ် ရထားတွဲတွေက
သစ်လွင်ကောင်းမွန်နေပေမဲ့ အတက်အဆင်း လှေကားတွေက တချို့ဆင်ခြေဖုံးဘူတာရုံတွေရဲ့
ပလက်ဖောင်းတွေနဲ့ အချိုးသိပ်မကျသေးတာမို့ ရထားစီးပြည်သူတချို့ သတိထားနေရပါတယ်။

"တချို့ရထားတွေက အဲကွန်းလည်းပါတယ်၊ ပန်ကာပါတဲ့ ရထားတွဲတွေလည်း သန့်နေတော့
နိုင်ငံခြားသားတွေပါ လာစီးနေကြပြီ။ အတက်အဆင်းကတော့ ရုံးဆင်းရုံးတက်ချိန်တွေမှာ
တချို့ရထားတွေက ပလက်ဖောင်းမှာမရပ်ဘဲ တော်တော်လွန်ပြီးမှ သွားရပ်တာတွေရှိတော့
အဆင်းမှာ ပခုံးလောက်အထိ မြင့်နေရော။ တန်းစီပြီး ခုန်ချကြရတော့ အရှိန်လွန်ပြီး
ရထားအောက်ရောက် သွားတာမျိုးဆို အန္တရာယ်ရှိတယ်"လို့ လှိုင်ဘူတာရုံကနေ
ရန်ကုန်ဘူတာကြီးအထိ နေ့စဉ် ရထားစီးပြည်သူတစ်ဦးဖြစ်တဲ့ ကိုထွန်းလှိုင်ဝင်းက ပြောပါတယ်။

မြို့ပတ်ရထားတွေက အတက်အဆင်း လှေကားပြဿနာရှိနေပေမဲ့ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်က
မြို့တွေဆီပြေးဆွဲနေတဲ့ ရထားတွဲတွေမှာတော့ ထိုင်ခုံ ပြဿနာက အဓိကလို့ ခရီးသွားတွေက
ဆိုကြပါတယ်။

ရန်ကုန်-ပဲခူး ရထားတွဲတွေမှာ ထိုင်ခုံမလုံလောက်တဲ့အတွက် စားသောက်ခန်းတွေမှာ စားသောက်ရင်း
ထိုင်ခုံယူကြရသလို ထွက်ချိန်၊ ဆိုက်ရောက်ချိန်ကို သတ်မှတ်ထားတဲ့အချိန်ထက် အနည်းငယ်
(မိနစ် ၃၀ ၀န်းကျင်) နောက်ကျတတ်တယ်လို့ ရန်ကုန်-ပဲခူး ကို မကြာခဏသွားလာနေတဲ့
မနွယ်ဦးမွန်က ပြောပါတယ်။

"အမေတို့၊ အဒေါ်တို့ အရမ်းမြင့်တဲ့ လှေကားကြောင့် ခြေခေါက်လဲတာမျိုး ကြုံဖူးတယ်။ ပြီးခဲ့တဲ့
အပတ်က ခုံမဲ့လက်မှတ်နဲ့ ပဲခူးပြန်တာ လမ်းမှာ ကျောင်းသားလေးတွေ စားသောက်ခန်းဘက်
ကော်ဖီဝင်သောက်တာကို အဲဒီရထားတွဲလူကြီးက တစ်ယောက်ကို ကျပ် ၂,၅၀၀ (နားလည်မှု
ဝင်ကြေးအနေနဲ့) တောင်းခဲ့တာ ကြုံဖူးတယ်။ ကျွန်မတို့ကတော့ ခုံမဲ့နဲ့ဆိုလည်း နှစ်နာရီလောက်ပဲ
စီးရတဲ့ ရထားဆိုတော့ စားသောက်တွဲမှာ ထမင်းစားရင်း မုန့်စားရင်း လိုက်လာကြတာပါပဲ"လို့
ပဲခူးမြို့က မနွယ်ဦးမွန်က ပြောပါတယ်။

ပဲခူးအလွန် ဘူတာကနေ အပတ်စဉ် အင်းစိန်က ဘုရားကျောင်းမှာ ၀တ်လာပြုတဲ့ အဘွား
ဒေါ်တင်ဦးက အသက် ၇၀ ကျော်ပေမဲ့ စနေနေ့ အိမ်ကထွက်လာ၊ တနင်္လာနေ့ အိမ်ပြန်တဲ့ သူ့ရဲ့
တစ်ကိုယ်တော်ခရီးနဲ့ အဆင်ပြေနေပုံပါပဲ။

ဖောင်တော်သီဘက်မှာတော့ ရထားပလက်ဖောင်းတွေကို အဆင့်မြင့် ပြင်ဆင်ထားတာမို့
အတက်အဆင်း အဆင်ပြေနေပြီလို့ သတင်းပါးတဲ့ ဒေါ်တင်ဦးက ရထားချိန်နောက်ကျတာမျိုးကိုလည်း
စိတ်ထဲမထားဘဲ အချိန် နှစ်နာရီကျော် သုံးနာရီနီးပါးကို အေးအေးလူလူ ထိုင်စောင့်နေတတ်ပါတယ်။

"အဘွားကို လက်မှတ်ရောင်းတဲ့ နေရာကလူတွေလည်း သိနေကြပြီဆိုတော့ အဘွားလာတိုင်း
ထိုင်ခုံရပါတယ်။ နေရာကလည်း ၇ တို့၊ ၈ တို့ဆိုတော့ အဆင်ပြေပါတယ်။ ထိုင်ခုံလက်မှတ်က
တစ်ခုံ ကျပ် ၇၀၀ လောက်ကျမယ်ထင်တယ်။ အဘွားကတော့ ပိုက်ဆံ တစ်ထောင်
ပေးလိုက်တာပါပဲ" လို့ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်တင်ဦးက ပြောပါတယ်။

နေ့စဉ် ရုံးတက်ချိန်နဲ့ ရုံးဆင်းချိန်တွေမှာ ရထားတွေ ရန်ကုန်ဘူတာကြီးကို ဆိုက်ရောက်တဲ့အခါ
လူတွေ တစ်ပြိုင်နက်တည်း ရထားပေါ်က အပြေးအလွှားခုန်ဆင်းကြပြီး လှေကားမကြီးတွေကတစ်ဆင့်
ပန်းဆိုးတန်းခုံးကျော်တံတားကို ပြည့်ကြပ်ညပ်နေအောင် တက်ရောက်ကြရတာမို့ ပိုမိုကျယ်ဝန်းတဲ့
နောက်ထပ်လှေကားတွေ ထပ်တိုးပေးသင့်တယ်လို့လည်း နေ့စဉ်ရထားစီး ပြည်သူတွေက
ပြောကြပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်