အမေ့ခံ လူသားများ

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ 'မြန်မာနိုင်ငံလုံးဆိုင်ရာ ဉာဏ်ရည်မမီသူများ အားကစားပြိုင်ပွဲ'မှာ ပါဝင်ယှဉ်ပြိုင်သူ တစ်ဦးကို တွေ့ရစဉ်။ နိုင်လင်းစိုး/မြန်မာတိုင်း(မ်)၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ 'မြန်မာနိုင်ငံလုံးဆိုင်ရာ ဉာဏ်ရည်မမီသူများ အားကစားပြိုင်ပွဲ'မှာ ပါဝင်ယှဉ်ပြိုင်သူ တစ်ဦးကို တွေ့ရစဉ်။ နိုင်လင်းစိုး/မြန်မာတိုင်း(မ်)

အရပ်မြင့်မြင့်၊ အသားညိုညိုနဲ့ ပြည့်ပြည့်ဖြိုးဖြိုး ကိုယ်ခန္ဓာရှိတဲ့ မထက်ထက်ဝေက သနပ်ခါး
ပါးကွက်ကျားလေးနဲ့ သူ့ဆံပင်ရှည်ရှည်တွေကို ပြောင်ရှင်းနေအောင် စည်းထားပြီး ဘီးကုပ်လေးတောင်
တပ်လို့ထားပါသေးတယ်။

စာရေးသူကို မြင်တဲ့အခါ သွားတွေအားလုံး ပေါ်တဲ့အထိ ပြုံးပြပြီး 'မင်္ဂလာပါ'လို့ နှုတ်ဆက်ပြီးတာနဲ့
အိမ်မှာ သူ ထမင်းအိုးတည်တဲ့ အကြောင်း၊ အ၀တ်လျှော်၊ ဈေးသွား၊ ဟင်းချက်၊ သန့်ရှင်းရေးလည်း
လုပ်ကြောင်း၊ မပျင်းဘဲ အလုပ်လုပ်တတ်တယ်ဆိုတာကို ဆက်တိုက်ပြောပြပါတော့တယ်။

"ဒါဆို အသက်ဘယ်လောက်ရှိပြီလဲ"လို့ စာရေးသူက မေးလိုက်တဲ့အခါမှာတော့ ငြိမ်သွားပြီး
မျက်လုံးအ၀ိုင်းသားနဲ့ ဘေးမှာထိုင်နေတဲ့ အမေဖြစ်သူကို အားကိုးတကြီး လှည့်ကြည့်ပါတယ်။
အမေဖြစ်သူက ပြုံးလိုက်ပြီး သူ့ဘေးက အနီရောင်ခုံကို လက်ညှိုးထိုးပြပြီး "အဲဒီခုံက ဘာအရောင်လဲ
ဆိုတာ မမကို ပြောပြလိုက်သမီး"လို့ ဆိုလိုက်တော့ ခုံကို သေချာစိုက်ကြည့်ပြီး 'အစိမ်းရောင်'လို့
အဖြေပေးလိုက်ပါတယ်။

မထက်ထက်ဝေက အသက် ၂၃ နှစ်ရှိပါပြီ။ ဒါပေမဲ့လည်း အရောင်မသိ၊ အချိန်မသိ၊ နေ့ရက်မသိ၊
ငွေကြေးလည်း မသိ၊ ဘယ်ပစ္စည်းကို ဘယ်လို ခေါ်ရမှန်းလည်း သေချာမသိတဲ့ ဉာဏ်ရည်မသန်စွမ်းသူ
တစ်ယောက် ဖြစ်ပါတယ်။

ID (Intellectual disability) လို့ အသိများတဲ့ ဉာဏ်ရည်မသန်စွမ်းသူအများစုက အတုယူနိုင်စွမ်းအား
ရှိပေမဲ့လည်း စာသင်ကြားမှုအပိုင်းမှာတော့ ခက်ခဲကြာရှည်စွာ သင်ယူရပြီး စာတတ်မြောက်သူ
ရှားပါတယ်။

အဲဒီထဲမှာ မထက်ထက်ဝေလည်း ပါဝင်ပါတယ်။ စာလုံးကိုကြည့်ပြီး ကူးရေးတတ်ပေမဲ့ စာတော့
မဖတ်တတ်ပါဘူး။ စာလုံးတစ်လုံးကို အခေါက်ရေများစွာ သင်ထားပေးပေမဲ့လည်း
ငါးမိနစ်လောက်နေရင် မမှတ်မိတော့တဲ့သူ ဖြစ်တာကြောင့် စာသင်ကြားလို့လည်း မရပါဘူး။
မအောင်မနေရ ပညာရေးစနစ်နဲ့ ကြုံခဲ့ရလို့သာ အခြေခံပညာအလယ်တန်း အဆင့်ကို
အောင်မြင်ထားတာလို့ မိခင်ဖြစ်သူ ဒေါ်တင်တင်အေးက ဆိုပါတယ်။

"ခန္ဓာကိုယ်ချို့ယွင်းပေမဲ့ ဦးနှောက်ကောင်းတယ်ဆိုတာက အနောက်မှာပဲထားထား၊ အရှေ့မှာပဲ
ထားထား တော်သေးတယ်။ ဒီဉာဏ်ရည်မသန်စွမ်းကကျတော့ အနောက်မှာလည်း မရဘူး။
အရှေ့မှာလည်း မရဘူး။ တွဲသွား ရတယ်။ ဉာဏ်ရည်မသန်စွမ်းဆိုတော့ ဘာမှ မသိတာများတယ်။
ဆွေမျိုးတွေကအစ မဆက်ဆံချင်ကြဘူး"လို့ ဒေါ်တင်တင်အေးက ၀မ်းနည်းစွာ ရင်ဖွင့်ပါတယ်။

တစ်နည်းအားဖြင့် သူတို့ကို 'သင်ယူမှုခက်ခဲ နှောင့်နှေးသူတွေ' လို့လည်း ခေါ်ကြပါတယ်။
ဉာဏ်ရည်မသန်စွမ်းမှုမှာ အမျိုးအစား အမျိုးမျိုးရှိတာမို့ ဉာဏ်ရည်အဆင့်ပေါ်မူတည်ပြီးတော့
သင်ယူနိုင်စွမ်းကို ပြုလုပ်နိုင်ပေမဲ့ အများစုကတော့ ဘယ်လိုပဲသင်ကြားပေးပေး သင်ယူနိုင်စွမ်း
မရှိကြပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံးလူဦးရေရဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်းဟာ
မသန်စွမ်းသူ ဦးရေဖြစ်ပြီး ဒါဟာ လူဦးရေအယောက်ပေါင်း နှစ်သန်းသုံးသိန်းကျော် (၂,၃၆၈,၃၆၇
ဒသမ ၆၄ ဦး) ပမာဏ ဖြစ်ပါတယ်။

အဲဒီထဲမှာမှ ၁၇ ရာခိုင်နှုန်းဟာ ဉာဏ်ရည်မသန်စွမ်းသူတွေ ဖြစ်တာကြောင့် တွက်ချက်ကြည့်ရင်
မြန်မာနိုင်ငံမှာ လူဦးရေ လေးသိန်းကျော် (၄၀၂,၆၂၂ ဒသမ ၅ ဦး)က ဉာဏ်ရည်မသန်စွမ်းသူ
ဖြစ်နေတာကို တွေ့ရပါတယ်။

"ဉာဏ်ရည်မသန်စွမ်းကလေးက မသန်စွမ်းထဲမှာမှ တော်တော်ဆိုးဆိုးရွားရွား အခြေအနေပါ။
ဉာဏ်ရည်မသန်စွမ်းဆိုတာ အခုက ခေါ်လို့ကောင်းသွားတာပေါ့။ အရင်တုန်းကတော့ သူတို့ကို
ကျပ်မပြည့်တဲ့ကလေး၊ ရူးနေတဲ့ကလေးလို့ ခေါ်ကြတယ်။ ကလေးတွေက စာသင်လို့လည်း မရ၊
လူတောလည်း မတိုးဘူးဆိုပြီး အိမ်ထဲမှာ ၀ှက်ထားကြတယ်။ မိဘတွေကလည်း ဒီကလေးတွေရတာ
ရှက်ကြတယ်။ သူတို့တွေက အိမ်ထဲမှာပဲ နေကြရတာ။ တချို့စီးပွားရေးမတတ်နိုင်တဲ့ မိဘကျတော့
အလုပ်သွားရတယ်။ အဲလိုချိန်ဆို ကလေးအတွက် အစာနဲ့ ရေနဲ့ပဲ ထားခဲ့ပြီး အိမ်ထဲမှာ သော့ပိတ်
ထားခဲ့တာ။ အိမ်ထဲမှာထားရင်း ကလေးတွေက တဖြည်းဖြည်း ချည့်နဲ့နေတယ်၊ စကားလည်း
မပြောနိုင်၊ မပြောတတ်၊ ဟိုကြောက်၊ ဒီကြောက်နေကြရတယ်။ ဒီလိုနဲ့ပဲ သူတို့လေးတွေဘဝ
နစ်မွန်းနေတာ"လို့ မြန်မာနိုင်ငံ ဉာဏ်ရည်မသန်စွမ်းသူများအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်မှူးကြီးမျိုးမြင့်က
ပြောပါတယ်။

'အနာဂတ် ကြယ်ပွင့်လေးများ'အဖွဲ့ရဲ့ ပုံမှန်တွေ့ဆုံပွဲတစ်ခုမှာ လက်မှုအနုပညာပစ္စည်းတွေ ဖန်တီးနေကြတဲ့ အဖွဲ့သားများ။ သီရိလူ/မြန်မာတိုင်း(မ်)'အနာဂတ် ကြယ်ပွင့်လေးများ'အဖွဲ့ရဲ့ ပုံမှန်တွေ့ဆုံပွဲတစ်ခုမှာ လက်မှုအနုပညာပစ္စည်းတွေ ဖန်တီးနေကြတဲ့ အဖွဲ့သားများ။ သီရိလူ/မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံမှာ မသန်စွမ်းမှု အမျိုးအစားတွေကို ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အမြင်အာရုံမသန်စွမ်းသူ၊
အကြားအာရုံမသန်စွမ်းနဲ့ ဉာဏ်ရည်မသန်စွမ်းဆိုပြီး လေးမျိုးသတ်မှတ်ထားပါတယ်။ ဒီလေးမျိုးထဲမှာမှ
ဉာဏ်ရည်မသန်စွမ်းသူတွေဟာ တခြားမသန်စွမ်းတွေနဲ့ မတူတဲ့၊ သဘောသဘာဝကွဲပြားတဲ့
အခက်အခဲတွေကို ကြုံတွေ့ကြရပါတယ်။

"မသန်စွမ်းသူလေးမျိုးထဲမှာမှ ကျွန်တော်တို့ အနည်းငယ်စိတ်ပူတာကတော့ တခြားမသန်စွမ်းသဘော
သဘာဝနဲ့ မတူတဲ့ ဉာဏ်ရည်အားဖြင့် အခက်အခဲရှိတဲ့ ကလေးတွေကိုပါ။ ဉာဏ်ရည်မသန်စွမ်းတွေမှာ
မိဘကို အဓိကအားကိုး ရတယ်။ ကျွန်တော်တို့ ကိုယ်အင်္ဂါမသန်စွမ်းသူတွေတောင် အနေအထား
အမျိုးမျိုး ခံစားရတဲ့အခါမှာ ဉာဏ်ရည်အားဖြင့် မသန်စွမ်းသူတွေက ဒါတွေပိုပြီးတော့
ကြုံတွေ့ရနိုင်တယ်"လို့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့
ဦးမြတ်သူဝင်း (ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌ)က ပြောပါတယ်။

"မသန်စွမ်းလို့ပြောလိုက်ရင် အားလုံးခြုံငုံနိုင်တယ်လို့ ထင်နိုင်ပေမဲ့ ဉာဏ်ရည်မသန်စွမ်းသူတွေမှာ
မတူညီတဲ့ လိုအပ်ချက်တွေ ရှိနေပါတယ်။ ပြီးတော့ ထူးခြားတာက ဉာဏ်ရည်မသန်စွမ်းမှာက
မိဘတွေအထိပါ ပံ့ပိုးပေးဖို့ လိုအပ်တာ။ မိသားစုဝင်တစ်ယောက်က ဉာဏ်ရည်မသန်စွမ်း
ဖြစ်လာပြီဆိုရင် သူ့မိဘရဲ့ ရင်းနှီးမြှုပ်နှံရတဲ့ အချိန်က ပိုများတယ်။ တချို့ဆို အလုပ်ထွက်လိုက်ရတယ်။
စီးပွားရေးပါ ရပ်နားလိုက်ရတာ ရှိတယ်။ ဒါကြောင့် ဉာဏ်ရည်မသန်စွမ်းလို့ ပြောရင် မိဘထိပါ
ပံ့ပိုးဖို့လိုတယ်"လို့ ဉာဏ်ရည်မသန်စွမ်းသူများအခွင့်အရေးအတွက် ၁၆ နှစ်ကျော်ကြာ စေတနာ့ဝန်ထမ်း
လုပ်ဆောင်ပေးနေသူ ကိုဆလိုင်းဘန်နီဘွေးက ဆိုပါတယ်။

"၂၀၀၁ ကတည်းကစပြီးတော့ ဉာဏ်ရည်မသန်စွမ်းတွေကို ကူညီခဲ့လို့ ဉာဏ်ရည်မသန်စွမ်းတွေ
စွမ်းဆောင်နိုင်တယ် ဆိုတာကို သိလာခဲ့တယ်။ သူတို့အခွင့်အရေးတွေ အများကြီးဆုံးရှုံးနေတာလည်း
သိလာခဲ့တယ်။ လုပ်ငန်းတိုင်းရဲ့ နောက်ကွယ်မှာ သူတို့ ကျန်ခဲ့တယ်။ လူ့အခွင့်အရေးလို့
ပြောနေကြတဲ့ သူတွေ ကိုယ်တိုင်က ဉာဏ်ရည်မသန်စွမ်းတွေကို ဘယ်လိုလုပ်ပေးကြမလဲဆိုတာ
မစဉ်းစားကြဘူး"လို့လည်း သူက ထောက်ပြပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဉာဏ်ရည်မသန်စွမ်းသူတွေအတွက် ရည်ရွယ်ပြီး ၂၀၀၄ ခုနှစ်က စတင် ကျင်းပခဲ့တဲ့
'မြန်မာနိုင်ငံလုံးဆိုင်ရာ ဉာဏ်ရည်မမီသူများ အားကစားပြိုင်ပွဲ' ရှိပါတယ်။ တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့
ပြိုင်ပွဲဆိုတာထက် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ဉာဏ်ရည်မသန်စွမ်းသူတွေကို လူမြင်ကွင်းထဲ
ရောက်လာစေတဲ့ တစ်ခုတည်းသော ပွဲဆိုလည်း မမှားပါဘူး။

"ဉာဏ်ရည်မသန်စွမ်းတဲ့ သားတစ်ယောက်ကို လူတွေကြားထဲ ဘယ်လိုထည့်ရမလဲ မသိခဲ့ဘူး။
အိမ်မှာဆို သူစကားသိပ်မပြောဘူး။ အိမ်သားတွေကလည်း သိပ်မပြောပေးနိုင်ဘူး။ သားလေးက
တီဗီနဲ့ အရုပ်တွေနဲ့ပဲ ရှိရတယ်။ အခုဆို သားက ကလေးတွေနဲ့ ကစားရတာ အရမ်းပျော်ပြီးတော့
ကွင်းကို လာရမယ်ဆိုရင်ကို တက်ကြွနေတာ။ သူ့အတွက် သူငယ်ချင်း၊ မိတ်ဆွေတွေ အများကြီး
ရသွားတော့ သူပျော်တယ်။ ဆုရတာ မရတာထက် ကျွန်မတို့နိုင်ငံမှာ ဉာဏ်ရည်မသန်စွမ်းသူတွေ
ပြည်သူလူထုထဲကို ၀င်ရဲဖို့က ဒီအားကစားပြိုင်ပွဲတစ်ခုတည်းကနေပဲ ပို့ပေးနိုင်သေးတာ။
ကိုယ့်သားလေးက အဲဒီနေရာရောက်ရင် လူရာဝင်တယ်လေ"လို့ ဉာဏ်ရည်မမီသူများ
အားကစားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ခဲ့ဖူးသူတစ်ဦးရဲ့ မိခင်ဖြစ်သူ မသူဇာဦးက ပြောပြပါတယ်။

'အနာဂတ် ကြယ်ပွင့်လေးများ'အဖွဲ့ရဲ့ ပုံမှန်တွေ့ဆုံပွဲတစ်ခုမှာ လက်မှုအနုပညာပစ္စည်းတွေ ဖန်တီးနေကြတဲ့ အဖွဲ့သားများ။ သီရိလူ/မြန်မာတိုင်း(မ်)'အနာဂတ် ကြယ်ပွင့်လေးများ'အဖွဲ့ရဲ့ ပုံမှန်တွေ့ဆုံပွဲတစ်ခုမှာ လက်မှုအနုပညာပစ္စည်းတွေ ဖန်တီးနေကြတဲ့ အဖွဲ့သားများ။ သီရိလူ/မြန်မာတိုင်း(မ်)

ဒါပေမဲ့လည်း ၀မ်းနည်းစရာကောင်းတာက မိသားစုက စီးပွားရေးအတွက် ရုန်းကန်နေရတာတွေအပြင်
တခြား အကြောင်းအမျိုးမျိုးတွေကြောင့် အားကစားပြိုင်ပွဲကို ခေါ်မလာနိုင်ဘဲ လူမြင်ကွင်းကို
ရောက်မလာနိုင်တဲ့ ဉာဏ်ရည်မမီသူတွေ ဒုနဲ့ဒေး ကျန်နေသေးတာပါပဲ။

ကံကောင်းလွန်းလှသူတချို့ကတော့ မိဘတွေရဲ့ပံ့ပိုးမှုကြောင့် လူမြင်ကွင်းထဲရောက်လာပြီး
အားကစားပိုင်းမှာ ထူးချွန်လာသူတွေ ဖြစ်လာကြပေမဲ့လည်း ရေရှည်ရပ်တည် လှုပ်ရှားသွားဖို့
အတွက်ကတော့ နိုင်ငံတော်က ချမှတ်ပေးမယ့် ငွေကြေးထောက်ပံ့မှုက လိုအပ်နေပြန်ပါတယ်။

"မြန်မာနိုင်ငံက ဉာဏ်ရည်မသန်စွမ်းအားကစားသမားတွေက ကမ္ဘာလုံးဆိုင်ရာကျင်းပတဲ့ World
Summer Game တွေနဲ့ အာရှအဆင့်ဆိုင်ရာပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်ခဲ့သလို
အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရာမှာလည်း ဆုတံဆိပ်များစွာ ရရှိခဲ့ကြပါတယ်။ ဒါပေမဲ့
အားကစားဝန်ကြီးဌာနအနေနဲ့ကလည်း ရရှိတဲ့ ဘတ်ဂျက်ပေါ်မှာ မူတည်ပြီးတော့ ခွဲပေးရတာ
ဖြစ်တဲ့အတွက် ကျွန်တော်တို့ လိုသလောက်တော့ သူ့ဆီက မရနိုင်ပါဘူး။ နိုင်ငံတော် ထောက်ပံ့မှု
ဆိုတာကလည်း သူ့ရဲ့ဘတ်ဂျက်ပေါ်မှာ ခွဲဝေရတော့ အပြည့်အ၀တော့ မရနိုင်ပါဘူး။ အဲလိုမရနိုင်တော့
ကျွန်တော်တို့က အလှူငွေတွေ ရှာရပါတယ်။ ပြည်သူလူထုတွေဆီကလည်း အတူတူပါပဲ။
သိတဲ့သူတွေကတော့ လှူကြ၊ တန်းကြ၊ ထောက်ပံ့မှုပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီဉာဏ်ရည်မသန်စွမ်း
အားကစားသမားတွေကို သိသူကတော့ အတော်ကို နည်းနေပါသေးတယ်"လို့ ဗိုလ်မှူးကြီးမျိုးမြင့်က
ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ ဉာဏ်ရည်မသန်စွမ်းသူတွေအတွက် အစိုးရက ဖွင့်လှစ်ပေးထားပြီး
အထူးပညာရေးစနစ်နဲ့ သင်ကြားပေးတဲ့ကျောင်းနှစ်ကျောင်းသာ ရှိပါတယ်။ မသန်စွမ်းသက်ငယ်
သင်တန်းကျောင်းကို ရန်ကုန် (ကျောင်းသား အယောက် ၁၅၀ ဆံ့)နဲ့ မန္တလေး (ကျောင်းသား
အယောက် ၁၀၀ ဆံ့)တို့မှာ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်မှာ ဖွင့်လှစ်ပေးထားတာပါ။

"ဒီကလေးတွေက ပြည်နယ်နဲ့ တိုင်းအားလုံးမှာ ရှိနေမှာပါ။ ဒီလိုကလေးတွေကို အကျိုးဖြစ်တဲ့
သင်တန်းတွေပေးခြင်းအားဖြင့် သူတို့က နိုင်ငံရဲ့အားတွေ ဖြစ်လာမှာပါ။ အစိုးရအနေနဲ့
နောက်ကျောင်းတစ်ကျောင်းကို ဖွင့်ဖို့ဆိုတာက ချက်ချင်းလုပ်နိုင်ဖို့ မလွယ်ပါဘူး။ တဖြည်းဖြည်းတော့
လုပ်သွားမှာပါ။ အစိုးရဘတ်ဂျက် မကျခင်မှာတော့ ပုဂ္ဂလိကတွေနဲ့ ပေါင်းပြီးတော့ လုပ်သွားခြင်း
အားဖြင့် ပြည်သူတွေအတွက် အားဖြစ်စေပါမယ်"လို့ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
ဖြစ်တဲ့ ဒေါက်တာစန်းစန်းအေးက ပြောပါတယ်။

အစိုးရကျောင်းနှစ်ကျောင်းက လက်ခံနိုင်တဲ့ လူအင်အားပမာဏက တစ်နိုင်လုံး မဆိုထားနှင့်
မြို့ကြီးတွေမှာ နေထိုင်တဲ့ ဉာဏ်ရည်မသန်စွမ်းသူတွေအားလုံး တက်ရောက်နိုင်ဖို့ ဆိုသည်မှာ
ဆင့်ပါးစပ်နှမ်းပက်သလိုဖြစ်နေတာကြောင့် ကျောင်းတက်ရောက်နိုင်ဖို့အတွက် နှစ်ပေါင်းများစွာ
တန်းစီစနစ်နဲ့ စောင့်ရတယ်လို့ ဉာဏ်ရည်မသန်စွမ်းသူတွေရဲ့မိဘတွေက ပြောကြပါတယ်။

'အနာဂတ် ကြယ်ပွင့်လေးများ'အဖွဲ့ရဲ့ ပုံမှန်တွေ့ဆုံပွဲတစ်ခုမှာ လက်မှုအနုပညာပစ္စည်းတွေ ဖန်တီးနေကြတဲ့ အဖွဲ့သားများ။ သီရိလူ/မြန်မာတိုင်း(မ်)'အနာဂတ် ကြယ်ပွင့်လေးများ'အဖွဲ့ရဲ့ ပုံမှန်တွေ့ဆုံပွဲတစ်ခုမှာ လက်မှုအနုပညာပစ္စည်းတွေ ဖန်တီးနေကြတဲ့ အဖွဲ့သားများ။ သီရိလူ/မြန်မာတိုင်း(မ်)

မြန်မာနိုင်ငံမှာ ဉာဏ်ရည်မသန်စွမ်းသူ ၇၀ ရာခိုင်နှုန်းနီးပါးက ကျေးလက်နဲ့ နယ်မြို့တွေမှာ
နေထိုင်သူတွေ ဖြစ်ကြပါတယ်။

လက်ရှိမှာ အော်တစ်ဇင် (ကေအငျာ) ကလေးငယ်တွေနဲ့ တခြားဉာဏ်ရည် မသန်စွမ်းကလေးငယ်တွေ
အတွက် အထူးပညာရေးစနစ်နဲ့ သင်ကြားပေးနိုင်မယ့် ပုဂ္ဂလိကစင်တာ ၁၆ ခုကို မြို့ကြီးတွေမှာ
ဖွင့်ထားပြီး စာသင်ကြားပေးနေပါတယ်။

အဲဒီစင်တာတွေကို မြန်မာနိုင်ငံအော်တစ်ဇင်အသင်းအပြင် တခြားအဖွဲ့တွေမှ ဖွင့်လှစ်ထားတာပါ။

စင်တာအများစုက အသက် ၁၈ နှစ်အောက် ဉာဏ်ရည်မသန်စွမ်းသူတွေအတွက်သာဖြစ်ပြီး
အသက် ၁၈ နှစ်အထက် သက်ကြီးဉာဏ်ရည်မသန်စွမ်းသူတွေအတွက်ကိုတော့
သက်မွေးသင်တန်းကျောင်း မရှိသေးပါဘူး။

ဉာဏ်ရည်မသန်စွမ်းသူ ၃၂ ဦးပါဝင်တဲ့ အနာဂတ်ကြယ်ပွင့်လေးများအဖွဲ့ကတော့ ၂၀၁၀ ပြည့်နှစ်
ကတည်းက သူတို့အဖွဲ့လေးကို ရန်ကုန်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်အားလုံး တစ်လတစ်ထောင်နှုန်း
ထည့်ဝင်တဲ့ငွေနဲ့ ရပ်တည်ခဲ့ပါတယ်။

အခုချိန်မှာတော့ "Future Star" အမည်နဲ့ ပန်းကန်ဆေးဆပ်ပြာ၊ ဆပ်ပြာမွှေး၊ အနံ့မွှေးတဲ့
ဖယောင်းတိုင်၊ ဖန်စီပစ္စည်းလုပ်တာ၊ ပန်းချီဆွဲတာတွေနဲ့ ဉာဏ်ရည်မသန်စွမ်းသူတွေကိုယ်တိုင်
ဝင်ငွေရှာဖွေနေကြပါတယ်။

"ကျွန်တော်တို့ ဉာဏ်ရည်မသန်စွမ်းတွေက အရူးမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြောချင်တာတွေကို
ပုံဆွဲပြီးတော့ အလွယ်တကူ ပြောနိုင်ကြပါတယ်။ ကျွန်တော်တို့ ပြောချင်တဲ့စကားတွေကို
နားထောင်ပေးစေချင်ပါတယ်။ ကျွန်တော်တို့က ကျောင်းနေခွင့် ရှိပါတယ်။ ကျောင်းတက်ခွင့်ပေးပါ။
နွေးထွေးတဲ့မိသားစုနဲ့ နေချင်ပါတယ်။ ဆေးကုသခွင့်ပေးပါ။ ပတ်ဝန်းကျင်မှာ ပူးပေါင်းပါဝင်ခွင့်၊
ကစားခွင့်ပေးပါ။ ကျွန်တော်တို့တွေပြောတဲ့ အကြောင်းအရာကို ဂရုစိုက်ပြီးတော့
နားထောင်ပေးစေချင်ပါတယ်။ ဥပဒေအရ ကာကွယ်ပေးစေချင်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့
ဉာဏ်ရည်မသန်စွမ်းတွေက အရူးမဟုတ်တာကို လက်ခံပေးစေချင်ပါတယ်"လို့ အနာဂတ်
ကြယ်ပွင့်လေးများအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ကိုမင်းဆွေထက်က ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာ မသန်စွမ်းဥပဒေပေါ်ပေါက်လာသလို ပြင်ပမှာ အလုပ်လုပ်နိုင်စွမ်းရှိတဲ့ ဉာဏ်ရည်
မသန်စွမ်းသူတွေကိုလည်း အလုပ်နေရာပေးတဲ့ နေရာဌာနတွေလည်း ရှိလာကြပါတယ်။

'အနာဂတ် ကြယ်ပွင့်လေးများ'အဖွဲ့ရဲ့ ပုံမှန်တွေ့ဆုံပွဲတစ်ခုမှာ လက်မှုအနုပညာပစ္စည်းတွေ ဖန်တီးနေကြတဲ့ အဖွဲ့သားများ။ သီရိလူ/မြန်မာတိုင်း(မ်)'အနာဂတ် ကြယ်ပွင့်လေးများ'အဖွဲ့ရဲ့ ပုံမှန်တွေ့ဆုံပွဲတစ်ခုမှာ လက်မှုအနုပညာပစ္စည်းတွေ ဖန်တီးနေကြတဲ့ အဖွဲ့သားများ။ သီရိလူ/မြန်မာတိုင်း(မ်)

ဒါပေမဲ့လည်း ပြင်ပကမ္ဘာနဲ့ သဟဇာတဖြစ်အောင် ဆက်ဆံလုပ်ကိုင်နိုင်တဲ့ ဉာဏ်ရည်မသန်စွမ်းသူ
ပမာဏက အရေအတွက်အားဖြင့် အင်မတန်နည်းနေပြီး စိန်ခေါ်မှုတွေလည်း ရှိနေဆဲပဲဖြစ်ပါတယ်။

ဟိုတယ်လုပ်ငန်းခွင်မှာ မသန်စွမ်းတွေကို ၂ ဒသမ ၁ ရာခိုင်နှုန်း နေရာပေးခန့်အပ်ထားတဲ့
ရှန်ဂရီလာအုပ်စု၊ ဆူးလေရှန်ဂရီလာဟိုတယ်ရဲ့ လူ့စွမ်းအားအရင်းအမြစ် ဒါရိုက်တာတစ်ဦးဖြစ်သူ
ဒေါ်မမနိုင်ကတော့ မသန်စွမ်းတွေနဲ့ ပတ်သက်ပြီး သူ့အတွေ့အကြုံကို ပြောပြပါတယ်။

"ဥပဒေတွေပေးလာသလို လုပ်ငန်းခွင်မှာ သူတို့အတွက်အဆင်ပြေမယ့် ပံ့ပိုးမှုတွေလည်း ပေးဖို့
လိုပါတယ်။ အစ်မတို့က သူတို့အတွက် ကွန်ပျူတာပေါ်မှာ ဆော့ဖ်ဝဲလေး လုပ်ပေးထားတယ်။
အလုပ်လုပ်ရာမှာ၊ ဆက်သွယ်ရာမှာ လွယ်ကူတဲ့ အနေအထားဖြစ်အောင် ထောက်ပံ့ပေးထားဖို့
လိုတယ်။ မသန်စွမ်းတွေမှာက ကြိုးစားချင်စိတ်ရှိတယ်။ ကြိုးစားတဲ့ စိတ်ရှိတယ်ဆိုရင် အလုပ်က
မရှားပါဘူး။ အလုပ်စွမ်းရည်တွေ ပြဖို့တော့ လိုတာပေါ့လေ။ တချို့အလုပ်ရှင်တွေကျတော့
မခန့်လိုကြဘူး။ အလုပ်မှာ သူတို့လုပ်နိုင်စွမ်းအားက နှေးတယ်ပေါ့။ အာရုံစူးစိုက်ပြီးတော့
လုပ်ရတာလေးတွေဆိုရင် သူတို့က လူကောင်းတွေထက် ပိုတော်တယ်။ အဲဒါကြောင့် ဉာဏ်ရည်
မသန်စွမ်းသူတွေအတွက် အာရုံလေးစိုက်ပြီးတော့ လုပ်ပေးနိုင်မယ်ဆိုရင် သူတို့လည်း သူများနည်းတူ
အလုပ်လုပ်နိုင်မှာပါ"လို့ ဒေါ်မမနိုင်ကပြောပါတယ်။

လက်ချိုးရေတွက်လို့ရတဲ့ ပြင်ပမှာ အလုပ်လုပ်နိုင်စွမ်းရှိတဲ့ ဉာဏ်ရည်မသန်စွမ်းတစ်ဦးဖြစ်သူ
ကိုငြိမ်းချမ်းလူကတော့ သူခံစားချက်ကို အခုလိုရိုးရှင်းစွာ ပြောဆိုပါတယ်။

"ကျွန်တော်တို့ ဉာဏ်ရည်နိမ့်ကလေးတွေကို မနှိမ်ပါနဲ့။ အများနဲ့ တန်းတူဆက်ဆံပေးပါ။ မသန်စွမ်း
အားလုံးကို လူသားတစ်ယောက်လို ဆက်ဆံပေးပါ။ ပတ်ဝန်းကျင်မှာ နှိမ်ချပြောဆိုတာ မကြားချင်ဘူး။
ကြားရင် အရမ်းအားငယ်တယ်။ ကျွန်တော်တို့ကို နှိမ်ပြောလို့မရဘူး။ ခံစားတတ်တယ်။ ကျန်တဲ့
သူငယ်ချင်းတွေကိုလည်း အလုပ်လုပ်စေချင်ပါတယ်။ ကြိုးစားရင် ရမှာပါ။ သူငယ်ချင်းတွေကို
အလုပ်ရစေချင်တယ်။ မိဘက လိုက်ပေးပါ။ လူကြီးတွေနဲ့ စကားပြောပါ။ ကျွန်တော်တို့
ကလေးတွေအတွက် အများကြီး ကြိုးစားပေးကြပါ"လို့ပြောပါတယ်။

မြန်မာတိုင်း(မ်)က တွေ့ဆုံမေးမြန်ခဲ့တဲ့ ဉာဏ်ရည်မသန်စွမ်းသူတွေရဲ့ မိဘတွေထံကနေ ကြားရတဲ့
တူညီတဲ့ စကားကတော့ သက်တမ်းအရ သူတို့ အရင်သေဆုံးသွားရင် ဉာဏ်ရည်မသန်စွမ်းသူ
သားသမီးတွေကို လုံခြုံတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်ပိုင်ဝင်ငွေလေးနဲ့ ရပ်တည်နိုင်ဖို့၊ လူ့လောကထဲမှာ
အသုံးတည့်တဲ့ ကလေးတစ်ယောက်အဖြစ် နေထိုင်ခွင့်ရသွားဖို့ဆိုတာပါပဲ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။