နွားနို့ရေချိုးကန်ထဲက လက်ဝတ်ရတနာပြပွဲ

အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)အောင်မြင်ရဲဇော်/မြန်မာတိုင်း(မ်)

နွားနို့ဆိုတာ အစ္စရေးလူမျိုးတွေရဲ့အယူအဆအရ သန့်စင်ခြင်းကို ကိုယ်စားပြုပါတယ်။

အစ္စရေးအမျိုးသမီး လက်ဝတ်ရတနာဒီဇိုင်နာ Keren Wolf ရဲ့ အယူအဆအရတော့ ရေချိုးကန်ထဲမှာ
တစ်ကိုယ်တည်း ရေချိုးတဲ့အချိန်က အမျိုးသမီးတစ်ဦးအတွက် သီးသန့် စိတ်ခံစားမှုပေးစွမ်းနိုင်တဲ့
ကိုယ်ပိုင်အချိန်ပါပဲတဲ့။

ဒီအယူအဆနှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သူ့ရဲ့လက်ဝတ်ရတနာ ပြပွဲက မြင်တွေ့နေကျ
ပြပွဲတွေထဲကနေ ပုံစံကွဲထွက်သွားပါတော့တယ်။

အမျိုးသမီးတွေအတွက် သန့်စင်ပြီးကျေနပ်ဖွယ်ကောင်းတဲ့ စိတ်ခံစားမှုကို ပေးစွမ်းနိုင်မယ့်
အဓိပ္ပာယ်ရတဲ့ သူ့ရဲ့လက်ဝတ်ရတနာတွေကို မော်ဒယ်တွေကိုယ်မှာ ၀တ်ဆင်စေပြီး အဖြူရောင်ရေတွေ
အပြည့်ထည့်ထားတဲ့ ရေချိုးကန်ထဲမှာ ၀င်ရောက်ပြသစေခဲ့တာမို့ ပွဲလာပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို
ရရှိခဲ့ပါတယ်။

Wolf ရဲ့ ရှင်းပြချက်အရ လက်ဝတ်ရတနာတွေထဲက ရွှေနဲ့လုပ်ထားတဲ့ နှုတ်ခမ်းတစ်စုံမှာလည်း
သူ့ရဲ့အဓိပ္ပာယ်နဲ့သူ ရှိပါတယ်။

အဲဒါက ဘာလဲဆိုတော့ အမျိုးသမီးတစ်ဦးအနေနဲ့ သူပြောသင့်တာကို ပြောပါ။

ဘယ်သူကမှ ကိုယ်ပြောချင်တာကို မတားဆီးနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်တာပါ။

Wolf ဟာ ရွှေရောင်နှုတ်ခမ်းတွေအပါအ၀င် ရွှေဖိနပ်နဲ့ လက်ဝတ်ရတနာဒီဇိုင်း ၁၀ မျိုးကျော်လောက်ကို
မေ ၁၅ ရက်က ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပခဲ့တဲ့ (၆၉)ကြိမ်မြောက် အစ္စရေး
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲမှာ တင်ဆက်ပြသခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့လက်ဝတ်ရတနာတွေကို အသေးစိတ်ကြည့်ရှုလေ့လာချင်ရင်တော့မှာ www.kerenwolf.com
ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။