ရှားပါးစာအုပ်တွေကို လေလံတင် ရောင်းချသွားမယ်

လေလံတင်မယ့် ရှားပါးစာပေလက်ရာများ။ ဓာတ်ပုံ - Suppliedလေလံတင်မယ့် ရှားပါးစာပေလက်ရာများ။ ဓာတ်ပုံ - Supplied

ဆရာဇော်ဂျီအပါအ၀င် ဆရာမင်းသုဝဏ်နဲ့ တခြား နာမည်ကျော် စာရေးဆရာတို့ တာဝန်ခံပြီး
၁၉၃၀ ပြည့်နှစ်လောက်က စတင်ထုတ်ဝေခဲ့တဲ့ လစဉ်ထုတ်မဂ္ဂဇင်း 'ဂန္ထလောက'အပြင်
တခြားရှားပါးဂျာနယ်၊ မဂ္ဂဇင်းနဲ့ လုံးချင်းစာအုပ်တွေ အရေအတွက် စုစုပေါင်း ၃၀ ကျော်လောက်ကို
လာမယ့် မေ ၂၁ ရက်မှာ ရန်ကုန် စာအုပ်ပလာဇာမှာ လေလံတင်ပွဲ ကျင်းပပြီး ရောင်းချပေးသွားမှာ
ဖြစ်ပါတယ်။

"မြန်မာပြည်ရဲ့ စာပေလောက အပြောင်းအလဲမှာ ကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့တဲ့ စာပေမဂ္ဂဇင်းတွေ
ဆိုတာ ရှာဖွေဝယ်ယူဖို့မပြောနဲ့ မြင်တွေ့ဖို့တောင် ခဲယဉ်းပါတယ်။ ဥပမာ - ဂန္ထလောကဆိုရင်
ဗိုလ်ချုပ်အောင် ဆန်းတို့လို၊ ဦးနုတို့လို ပုဂ္ဂိုလ်တွေဝင်ပြီး ရေးသားခဲ့ကြတယ်။ ခေတ်စမ်းစာပေရဲ့
အခန်းကဏ္ဍတစ်ခုမှာ ပါဝင်တယ်။ တန်ဖိုးကြီးမားပါတယ်။ နိုင်ငံခြားမှာကျတော့ ဒီလိုမျိုး rare book
လေလံတွေ ကျင်းပနေကျပါ။ ဒီမှာမရှိတော့ တစ်ခုခုလိုအပ်နေသလို ခံစားရတယ်။ ရောင်းတဲ့
သူတွေအတွက်လည်း လက်သိပ်ထိုး ရောင်းရသလို ၀ယ်တဲ့သူတွေအတွက်လည်း
အရမ်းရှားပါးတယ်"လို့ လေလံပွဲကို စီစဉ်သူဖြစ်တဲ့ ရန်ကုန် စာအုပ်ပလာဇာတည်ထောင်သူ
ကိုမြေမှုန်လွင်က ပြောပါတယ်။

စာပေလေလံပွဲဆိုတာ ရန်ကုန်မြို့မှာ မြင်တွေ့ရခဲတဲ့ ပွဲဖြစ်တာမို့ ၀င်ရောက်လေလံဆွဲဖို့ အစီအစဉ်
မရှိရင်တောင်မှ လေလံတင်မယ့် စာအုပ်၊ မဂ္ဂဇင်းနဲ့ ဂျာနယ်တွေရဲ့ သမိုင်းကြောင်းတွေကို
ရှင်းပြပေးသွားမှာဖြစ်တာကြောင့် ရှားပါးစာအုပ်တွေကို စိတ်ဝင်စားတယ်ဆိုရင်
လာရောက်လေ့လာနိုင်ပါတယ်လို့လည်း သူက ဖိတ်ခေါ်ပါတယ်။

လေလံတင်စာအုပ်တွေရဲ့ ကြမ်းခင်းဈေးနှုန်းတွေကတော့ အနည်းဆုံး ကျပ် လေးသောင်းကနေ
အများဆုံး ကျပ် သုံးသိန်းအထိ သတ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။

"တချို့တွေဆို စာအုပ်တန်ဖိုးကို မသိကြဘူး။ စာအုပ်ဆိုရင် ပိဿာချိန်နဲ့ ရောင်းရမယ်ဆိုတာမျိုးတွေ
မဖြစ်ရအောင် ရှားပါးစာအုပ်တွေရဲ့တန်ဖိုးက ဘယ်လောက်ရှိတယ်။ စာပေသမိုင်းကြောင်းမှာ
ဘယ်လောက်အထိ အရေးပါလဲဆိုတာတွေနဲ့ ထုတ်ဝေဖြန့်ချိလိုက်တဲ့အတွက် အကျိုးဆက်က
ဘာတွေလဲဆိုပြီးတော့ ပြောပြသွားမယ်။ ဒါတွေကို လူတွေသိသွားပြီး awareness လေး
ရသွားစေချင်တယ်။ အဲဒါကြောင့် လုပ်တာပါ"လို့ လေလံပွဲပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို
ပြောပြပါတယ်။

လေလံတင်မယ့် ရှားပါးစာပေလက်ရာများ။ ဓာတ်ပုံ - Suppliedလေလံတင်မယ့် ရှားပါးစာပေလက်ရာများ။ ဓာတ်ပုံ - Supplied

စာအုပ်တွေအပြင် ဆရာဇော်ဂျီ၊ မင်းလူနဲ့ ဆရာမြသန်းတင့်တို့ရဲ့ လက်ရေးမူနဲ့ အသုံးအဆောင်
ပစ္စည်းတွေကိုလည်း လေလံတင်ပွဲမှာ ထည့်သွင်းရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

လက်ရေးမူတွေကို ကြမ်းခင်းဈေး ကျပ် တစ်သိန်းကနေ စတင်ပြီး လေလံခေါ်ဆိုရောင်းချသွားမှာ
ဖြစ်ပါတယ်။

စာရေးဆရာကြီးတွေရဲ့ လေလံတင်ပစ္စည်းတွေကနေ ရရှိလာတဲ့ အကျိုးအမြတ်အားလုံးကို
စာပေနဲ့ ပတ်သက်တဲ့ ပရဟိတလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

"ပွင့်ပွင်းလင်းလင်းပြောရရင် ကျွန်တော်တို့နိုင်ငံက ဆင်းရဲတယ်။ အများစုက စားဝတ်နေရေးအတွက်ပဲ
လုံးပန်းနေကြရတာ။ ဒါတွေရဲ့တန်ဖိုးကို သတိမထားမိ ကြဘူး။ စာရေးဆရာကြီးတွေ၊
ပန်းချီဆရာကြီးတွေရဲ့ အသုံးဆောင်ပစ္စည်းတွေ၊ ပန်းချီကားတွေ၊ လက်ရေးမူ တွေဆိုရင် နိုင်ငံခြားကို
ရောက်သွားကြတယ်။ ဒါက အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ်။ ပြည်ပကလူတွေ ကျတော့ ဒါတွေက
တန်ဖိုးရှိတယ်၊ တိုင်းပြည်ရဲ့ရတနာတွေဆိုတာ သိကြတယ်။ ဒီက သူတွေ သိထားတဲ့ ရတနာဆိုတာ
ရွှေငွေကိုပဲ သိကြတာ။ ဒါတွေက တိုင်းပြည်ရဲ့ ရတနာတွေ ဖြစ်တယ်။ ဘယ်လိုမှအစားထိုးလို့ မရဘူး။
ဒါတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အလေ့အထ၊ တန်ဖိုးထားပြီးတော့ လက်ဆင့်ကမ်းသိမ်းဆည်းတဲ့
အလေ့အထဖြစ်အောင် လုပ်တာဖြစ်တယ်။ ဒါကြောင့် အခုက ပထမဦးဆုံးအဆင့်ဖြစ်တဲ့အတွက်
လူတွေပါလာအောင် စည်းရုံးရဦးမယ်။ နောင် အလေ့အကျင့်ရသွားပြီဆိုရင်လည်း တိုင်းပြည်တွက်
အရမ်းကောင်းသွားမှာပါ"လို့ ကိုမြေမှုန်လွင်က ဆိုပါတယ်။

လေလံပွဲပြုလုပ်မယ့် မြန်မာစာအုပ်ပလာဇာ တည်ရှိရာကတော့ လမ်းမတော်သံဈေး၊ ငါးလွှာမှာဖြစ်ပြီး
လေလံပွဲစတင်မယ့်အချိန်က မွန်းလွဲ ၁ နာရီ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်