တိုင်ပေအနုပညာပွဲရဲ့ ပထမဆုံးမြန်မာလူမျိုး အကောင်းဆုံး ပန်းချီ ပညာရှင်ဆုရှင် ဇွဲရန်နိုင်

တိုင်ပေအနုပညာလက်ရာပြပွဲမှာ ဆုရရှိခဲ့တဲ့ ဇွဲရန်နိုင်ရဲ့ လက်ရာပန်းချီကား။ ဓာတ်ပုံ - Suppliedတိုင်ပေအနုပညာလက်ရာပြပွဲမှာ ဆုရရှိခဲ့တဲ့ ဇွဲရန်နိုင်ရဲ့ လက်ရာပန်းချီကား။ ဓာတ်ပုံ - Supplied

အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသား ပန်းချီပညာရှင် ဇွဲရန်နိုင်ဟာ တိုင်ပေအနုပညာလှုပ်ရှားမှု
အဖွဲ့အစည်းက ကျင်းပတဲ့ ၂၀၁၇ အနုပညာလက်ရာပြပွဲမှာ နိုင်ငံတကာဆိုင်ရာ အကောင်းဆုံး
ပန်းချီပညာရှင်အဖြစ် ချန်ပီယံဆုကို ဧပြီလကုန်ပိုင်းက ရရှိခဲ့ပါတယ်။

နိုင်ငံပေါင်း ၆၀ က အနုပညာရှင်ပေါင်း ၃၆၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အနုပညာလက်ရာပေါင်း
၃,၀၀၀ ထဲက ချန်ပီယံဆုရှင်အဖြစ် ရွေးချယ်ခံရခြင်းဖြစ်ပြီး ဇွဲရန်နိုင်ဟာ ပြိုင်ပွဲကျင်းပတဲ့ ခုနစ်နှစ်တာ
ကာလအတွင်းမှာ ချန်ပီယံဆုချီးမြှင့်ခြင်းခံရတဲ့ ပထမဆုံး မြန်မာနိုင်ငံသားတစ်ဦးလည်း ဖြစ်ပါတယ်။

အနုပညာလက်ရာပြပွဲကို ဧပြီလ ၁၄ ရက်ကနေ ၁၇ ရက်အထိ ထိုင်ဝမ်ကျွန်း၊ တိုင်ပေမြို့မှာ ကျင်းပခဲ့ပြီး
'တော်လှန်ခြင်း' ဆိုတဲ့ အကြောင်းအရာအောက်မှာ အနု ပညာလက်ရာတွေကို ဖန်တီးယှဉ်ပြိုင်ရတာ
ဖြစ်ပါတယ်။

ပန်းချီဇွဲရန်နိုင်က ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားကို သူ့ရဲ့ကိုယ်ပိုင်ဟန်တွေထဲက တခုဖြစ်တဲ့
တံဆိပ်ခေါင်းလေးတွေနဲ့ ဖန်တီးပြီး ပြိုင်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

"ပြည်သူတွေကို ကိုယ်စားပြုတဲ့ပန်းချီမျိုး စိတ်ဝင်စားတဲ့အပြင် ဒီနိုင်ငံမှာ ဖြစ်ပျက်နေတဲ့
အကြောင်းအရာတွေ၊ ဖြစ်သင့်တာတွေ၊ မဖြစ်သင့်တာတွေကို မှတ်တမ်းတင်ဖို့အတွက်
ဟီးရိုးဇာတ်ကောင်တစ်ခု လိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ပုံကို စတင်ရေးဆွဲခဲ့တယ်။
ဒီနိုင်ငံမှာကလည်း အဓိက ပါဝါရှိတဲ့ ဇာတ်ကောင် ဒေါ်အောင်ဆန်းစုကြည်ရှိတယ်"လို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူပန်းချီကားကို ရေးဆွဲပြီးပြိုင်ပွဲဝင်ဖြစ်ပုံကို ပြောပြပါတယ်။

ဇွဲရန်နိုင်အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို ရေးဆွဲတာဟာ ဒါက ပထမဆုံးအကြိမ်တော့
မဟုတ်ပါဘူး။

ရန်ကုန်အနုပညာ အထက်တန်းကျောင်းကနေ ကျောင်းပြီးချိန် ၂၀၀၆ ခုနှစ်ကတည်းက 
"The Lady" လို့ အမည်ပေးထားတဲ့စီမံကိန်းကို စတင်ခဲ့ပြီး အခုချိန်ထိ ရေးဆွဲခဲ့တဲ့
ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားပေါင်း ရာနဲ့ချီရှိနေပြီလို့ ဆိုပါတယ်။

"ဖြစ်ချင်တော့ ဒေါ်အောင်ဆန်းစုကြည်ပုံကိုလည်း အဲဒီအချိန်မှာ ရေးခွင့်မရှိဘူး။ ရေးခွင့်မရှိတော့
သွယ်ဝိုက်သော နည်းနဲ့ ဇာတ်ကောင် ဒေါ်အောင်ဆန်းစုကြည်ကို မြှုပ်ပြီးတော့ ဇာတ်ကောင်တစ်ခု
တီထွင်ရတယ်။ အဲဒီမှာ The Lady ဆိုပြီး စရေးတာ"လို့ သူပန်းချီလောကကို စ၀င်ခဲ့တဲ့ ကာလကို
ရည်ညွှန်းလို့ ဆိုပါတယ်။

ခုနောက်ပိုင်းမှာတော့ နိုင်ငံ တဖြည်းဖြည်း ပွင့်လင်းလာတာနဲ့အမျှ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ပုံသဏ္ဌာန်ကို တဖြည်းဖြည်းနဲ့ ဆွဲလို့ရလာပြီး လက်ရှိအချိန်မှာတော့ ပုံတူ ပန်းချီကားကိုပါ ရေးဆွဲလို့
ရနေပြီလို့လည်း ဆိုပါတယ်။

ဒါပေမဲ့လည်း ခုအချိန်လောက် နိုင်ငံရေး ပွင့်လင်းမှု မရှိသေးခင် ကာလအတွင်းမှာ သူ့ရဲ့
"The Lady" ပန်းချီကားတွေဟာ ပြည်တွင်းမှာ သုံးကြိမ်တိုင် အပိတ်ပင်ခံရဖူးတယ်လို့လည်း
ဇွဲရန်နိုင်က ပြောပြပါတယ်။

ပန်းချီဇွဲရန်နိုင်ကို သူ့ရဲ့ ပန်းချီဇွဲရန်နိုင်ကို သူ့ရဲ့

ပန်းချီရေးသက် ၁၀ နှစ်ကျော်အတွင်းမှာ "The Lady" စီမံကိန်းအပြင် "Collapse" ဆိုတဲ့
အကြောင်းအရာ အောက်ကနေ ရေးဆွဲနေတဲ့ ရေရှည်ပန်းချီစီးရီးနှစ်ခုလည်း ရှိပါသေးတယ်။

စီးရီးတစ်ခုက 'ပိုက်ဆံ'လို့ အမည်ရပြီး ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့ပြီး 'တံဆိပ်ခေါင်း' စီးရီးကိုတော့
၂၀၁၄ ခုနှစ်မှာ စတင်အကောင်အထည်ဖော် ရေးဆွဲခဲ့ပါတယ်။

'ပိုက်ဆံ' စီးရီးဟာ ဦးနေ၀င်းလက်ထက် ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလအတွင်းက ၂၅ ကျပ်တန်၊
၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန် ပိုက်ဆံတွေကို ကြိုတင်အကြောင်းကြားခြင်း၊ လျော်ကြေးပေးခြင်း မရှိဘဲ
ဖျက်သိမ်းခဲ့တာကို ရည်ညွှန်းပြီး အကောင်အထည်ဖော် ဖန်တီးဖြစ်ခဲ့တာဖြစ်ပါတယ်။

"ဖျက်သိမ်းထားတဲ့ ပိုက်ဆံတစ်ရပ်ရဲ့ တန်ဖိုးတွေ၊ သမိုင်းတွေကို ကျွန်တော်က သွားတွေ့တာ။
အဲဒီပိုက်ဆံတွေက အဲဒီအချိန်မှာ ဖျက်သိမ်းလိုက်တော့ ပြည်သူတွေ ဒုက္ခရောက်သွားတယ်။
တချို့ဆိုရင် စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးသွားတယ်။ ပြည်သူတွေရဲ့သောကတွေ၊ မျက်ရည် တွေရှိတယ်။
ပြီးတော့ အခုခေတ်ငွေကြေးနဲ့စာရင် အဲဒီခေတ်တုန်းက ငွေကြေးက တန်ဖိုးလည်း ရှိတယ်။ ဆိုတော့
ဒီဟာကို ထိန်းသိမ်းထားသင့်တယ်"လို့ ဇွဲရန်နိုင် က ပြောပါတယ်။

"ဒါပေမဲ့ ဒီအတိုင်း ထိန်းသိမ်းထားဖို့တော့ မလွယ်ဘူးလေ။ မကြာခင်ဆို ပျောက်ကွယ်သွားတော့မှာ
ဖြစ်လို့ နောက်မျိုးဆက်တွေက ဒီသမိုင်းတွေကို သိတော့မှာ မဟုတ်ဘူး။ အဲဒါကို ကျွန်တော်က
ပန်းချီကားတစ်ခုအနေနဲ့ ဖန်တီးလိုက်ခြင်းအားဖြင့် ပိုရည်ရှည်ခံမယ်။ နိုင်ငံတကာကရော
မြန်မာလူငယ်တွေပါ တွေ့နိုင်မယ်။ နောက်ပြီး ပန်းချီကားတန်ဖိုးမြင့်လာတာနဲ့အမျှ သူတို့တွေလည်း
(ဖျက်သိမ်းထားပြီးပိုက်ဆံ) ပြန်ပြီးတန်ဖိုးမြင့်လာလိမ့်မယ်"လို့ဆိုပါတယ်။

တံဆိပ်ခေါင်း စီးရီးဖြစ်တည်လာတဲ့ အတွေးအခေါ်ကလည်း ပိုက်ဆံစီးရီးနဲ့ အတူတူပါပဲ။ ဇွဲရန်နိုင်ဟာ
သူ့ပန်းချီကားတွေကို မကြာမီကမှ အရေအတွက် အကန့်အသတ်နဲ့ ထုတ်ဝေလိုက်တဲ့ ကျပ် ၅၀၀ တန်
ဗိုလ်ချုပ်တံဆိပ်ခေါင်းတွေ အပါအ၀င် ၁၉၈၈ ခုနှစ်ထုတ် ရှေးဟောင်းတံဆိပ်ခေါင်းတွေကို အသုံးပြုပြီး
ဖန်တီးခဲ့ပါတယ်။ နိုင်ငံတကာဆုရ ပန်းချီကားကိုလည်း တံဆိပ်ခေါင်းတွေကို အသုံးပြုပြီး ဖန်တီးခဲ့တာ
ဖြစ်ပါတယ်။

"ကျွန်တော်ဆုရတဲ့ပုံက အမေစုက ပိတောက်ပန်းလေး ပန်ထားတဲ့ပုံ။ ချိတ်ရင်ဖုံးလေးနဲ့။ ပိတောက်က
မြန်မာကို ကိုယ်စားပြုတာလေ။ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ character ထည့်တဲ့
သဘောမျိုးပါ" လို့ ဇွဲရန်နိုင်က ပြောပြပါတယ်။

"ကင်းဗတ်ပေါ်မှာ ခဲတံနဲ့ ကောက်ကြောင်းအရင်ဆွဲပြီး အမှောင်ဆုံး deep tone ကို အနက်ရောင်
ဆေးသုတ်ပါတယ်။ Highlight အဖြူအတွက်ကိုတော့ တံဆိပ်ခေါင်းရဲ့နောက်ကျောကို အသုံးပြုပြီး
အ၀ါ၊ ပန်းရောင်၊ အပြာနု၊ အနီ၊ အစိမ်း စတဲ့ ကြား tone တွေအတွက် တံဆိပ်ခေါင်းတွေမှာ
ပါတဲ့ အရောင်တွေကို အနုအရင့်အလိုက် ဖြတ်ညှပ်ကပ်ပြီး တံဆိပ်ခေါင်းစီးရီးကို ဖန်တီးပါတယ်"လို့
ဆိုပါတယ်။

လေးရက်ကြာ ကျင်းပခဲ့တဲ့ တိုင်ပေအနုပညာလက်ရာ ပြပွဲမှာ Venice Biennale, Florence
Biennale, Art Basel Miami, Armory Show New York, Frieze London စတဲ့
အနုပညာပွဲတော်တွေမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူတွေနဲ့ အခြားတက်သစ်စ အနုပညာ
လက်ရာရှင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

ဇွဲရန်နိုင်ကတော့ နိုင်ငံတကာပြပွဲပေါင်း ၁၆ ခုနဲ့ ပြည်တွင်းမှာ တစ်ကိုယ်တော်ပြပွဲ ခြောက်ပွဲနဲ့ အုပ်စုပွဲ
ခြောက်ပွဲလောက်မှာ ပါဝင်ခဲ့ပြီးဖြစ်ပါတယ်။

သူ့ရဲ့ဆုရ ပန်းချီကားကတော့ ပြပွဲပြီးတဲ့နောက် အမေရိကန်ဒေါ်လာ ၃,၀၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်