ဆွေးနွေးပွဲတစ်ခုက အမျိုးသမီးတို့ရဲ့ အသံများ

နိုင်ငံရဲ့ လူဦးရေထက်ဝက်ကျော် အရေအတွက် ရှိနေတဲ့ အမျိုးသမီးတွေဟာ မတူညီတဲ့
နယ်ပယ်ဒေသတွေ အသီးသီးမှာ မတူညီစွာ ရပ်တည်ရှင်သန်နေရပေမဲ့ တူညီနေမှု တစ်ခုကတော့
နေရာဒေသတွေ ဘယ်လိုကွဲပြားကွဲပြား ဓလေ့ထုံးတမ်းတွေနဲ့ ယဉ်ကျေးမှုရဲ့လွှမ်းမိုးမှုအောက်မှာ
အခက်အခဲတွေ၊ အတားအဆီးတွေကို အမြဲတမ်း ရင်ဆိုင်ကြုံတွေ့နေရတာပါပဲ။

ပအိုဝ်းဒေသမှာလည်း ပအိုဝ်းဒေသရဲ့ တချို့ဓလေ့ထုံးတမ်းနဲ့ ယဉ်ကျေးမှုအစဉ်အလာတွေက
အမျိုးသမီးတွေရဲ့အခွင့်အရေးတွေကို တားဆီးပိတ်ပင်ထားကြသလို ချင်းတောင်တန်းတွေပေါ်က
အမျိုးသမီးတွေဟာလည်း ယဉ်ကျေးမှုဓလေ့တွေအရ မိသားစုအတွက် ပင်ပန်းစွာနဲ့
ပေးဆပ်ရပ်တည်ရင်း တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့အခါတွေမှာတောင်
ဓလေ့ထုံးတမ်းတွေ အောက်မှာ မိသားစုအချင်းချင်း နားလည်မှုယူရင်း သူတို့ဘ၀တွေကို
စတေးလိုက်ရတာတွေ အများကြီးရှိနေခဲ့ပါတယ်။

ဒီလိုအကြောင်းတွေကို ပြောပြခဲ့တဲ့ နေရာကတော့ ပြီးခဲ့တဲ့ မေ ၅ ရက်က ရန်ကုန်
Summit Parkview ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုမှာပဲ ဖြစ်ပါတယ်။

'လိင်ခွဲခြားမှုနဲ့ ယဉ်ကျေးမှု၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကို အဓိပ္ပာယ်ပြန်လည်ဖွင့်ဆိုခြင်း' ဆိုတဲ့
ခေါင်းစဉ်အောက်မှာ ပအိုဝ်း၊ ကချင်၊ ချင်း၊ မွန် စတဲ့ မတူညီတဲ့ တိုင်းရင်းသားဒေသတွေမှာ
အမျိုးသမီးတွေ ကြုံတွေ့ဖြတ်သန်းရတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ လူမှုရေးရှုထောင့်တွေက
အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြသလို ကျေးလက်ဒေသနဲ့ လုပ်ငန်းခွင်ထဲက အမျိုးသမီးတွေ
ရင်ဆိုင်နေရတဲ့ လိင်အမြတ်ထုတ်မှုတွေ၊ ကျားမရေးရာ မညီမျှမှုတွေနဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး
နယ်ပယ်ထဲက အမျိုးသမီးတွေရဲ့ အနေအထားတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

"ပအိုဝ်းလူမျိုးတွေမှာ အမျိုးသမီးတွေဟာ ပညာရေးမှာ နှောင့်နှေးကြတယ်။ ပညာသင်ဖို့ ခက်ခဲတယ်။
နောက် ဦးဆောင်တဲ့ နေရာမှာ အမျိုးသမီးတွေကိုထားဖို့ မယုံကြည်ကြဘူး။ ခေတ်အဆက်ဆက်
ကလည်း အမျိုးသမီးတွေကို ဖိနှိပ်ခဲ့ကြတဲ့အတွက် အမျိုးသမီးတွေကိုယ်တိုင်ကလည်း သူတို့စိတ်ထဲမှာ
ခေါင်းဆောင်မဖြစ်နိုင်ဘူးလို့ ထင်လာကြတယ်"လို့ ပအိုဝ်းလူမျိုးအမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့
မနန်းချိုနုလွင်က ဆွေးနွေးပွဲမှာ ပြောပါတယ်။

ချင်းအမျိုးသားအဖွဲ့က ဒေါ်ဟွေ့ငြိမ်းကင်ကတော့ ချင်းပြည်နယ်မှာ အမျိုးသမီးတွေဟာ အမွေဆက်ခံခွင့်
မရကြတာကို ထောက်ပြပြောဆိုခဲ့ပါတယ်။

"ရေခပ်တာ၊ ထမင်းဟင်းချက်တာ၊ ကလေးထိန်းတာကအစ ဒီမိသားစုကိစ္စအားလုံးကို
အမျိုးသမီးတွေက လုပ်ခဲ့ရပေမဲ့ အမွေဆက်ခံခွင့်မှာတော့ တချို့မျိုးနွယ်စုမှာ သားအကြီးဆုံးက ရပြီး
တချို့မျိုးနွယ်စုတွေက သားအငယ်ဆုံးကပဲ အမွေဆက်ခံခွင့်ရတယ်"လို့ ဆိုပါတယ်။

အမျိုးသမီးတွေ နောက်ထပ်ကြုံတွေ့ကြရတဲ့ မမျှတမှုတစ်ခုကတော့ အရွယ်ရောက်လာတဲ့အခါ
ငယ်စဉ်ကတည်းက မိဘတွေ စေ့စပ်ပေးထားတဲ့သူနဲ့ပဲ လက်ထပ်ရမယ်ဆိုတဲ့ ဓလေ့ထုံးစံပဲလို့လည်း
ဒေါ်ဟွေ့ငြိမ်းကင်က ဆိုပါတယ်။

ဒီလိုမျိုးအချက်တွေဟာ အမျိုးသမီးတွေရဲ့ဘ၀အတွက် ရွေးချယ်စရာကို ပိတ်ပင်ထားတာမို့
အခွင့်အရေးအရကြည့်မယ်ဆိုရင် မျှတမှုမရှိဘူးလို့လည်း သူက ဆိုပါတယ်။

ဒါ့ပြင် ချင်းပြည်နယ်မှာရှိတဲ့ တချို့သော လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ထုံးတမ်းစဉ်လာအရ
ရေနွေးတစ်အိုး၊ ၀က်တစ်ကောင်နဲ့တင် ကျေအေးပေးလိုက်ကြတာမျိုးတွေ ရှိနေကြတယ်လို့လည်း
ချင်းအမျိုးသမီးကြီးက ထောက်ပြပြောဆိုပါတယ်။

ဒီလိုအခြေအနေမျိုးက ချင်းပြည်နယ် တစ်ခုတည်းမှာတင် မဟုတ်ပါဘူး။ မွန်အမျိုးသမီးတွေ
ကြားမှာလည်း ပညာသင်ဖို့ ခက်ခဲတဲ့အတွက် ဗဟုသုတနည်းပါးနေရတာတွေ၊ အနိုင်ကျင့်ခံရတဲ့အခါမှာ
လျော်ကြေးပေးပြီး ကျေအေးလိုက်ကြရတာမျိုးတွေ၊ ထိမ်းမြားလက်ထပ်ပြီး အကြမ်းဖက်ခံရမှုတွေ
အများကြီးရှိနေတယ်လို့လည်း မွန်ပြည်နယ်က အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်မိမာမာအေးက
ပြောပါတယ်။

"ကျွန်မတို့ မွန်တွေမှာ လက်ထပ်ထိမ်းမြားတဲ့အခါ အမျိုးသားဘက်က ငွေကို အုပ်နဲ့ရွက်ပြီး
တင်တောင်းတာမျိုးရှိကြပေမဲ့ လက်ထပ်ပြီးတဲ့အခါ အမျိုးသမီးတွေကို အကြမ်းဖက်တာမျိုးတွေ
အရမ်းများပါတယ်။ အထူးသဖြင့် ငွေကြေးချမ်းသာသူနဲ့ လက်ထပ်ထိမ်းမြားတဲ့ အမျိုးသမီးတွေဆိုရင်
ငွေကြေးအရှိန်နဲ့ ပိုပြီးတော့ အကြမ်းဖက်ခံရတာမျိုးတွေ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်ခံရမှုတွေ
အရမ်းများပါတယ်" လို့လည်း ဒေါ်မိမာမာအေးက ပြောပါတယ်။

ဒါတင်မကပါဘူး။ ၀မ်းရေးနဲ့ ဘ၀ရပ်တည်မှုတွေအတွက် အလုပ်လုပ်ကိုင်နေကြရတဲ့ အောက်ခြေ
လူတန်းစားအမျိုးသမီးတွေမှာလည်း လုပ်ငန်းခွင်မှာ လိင်အမြတ်ထုတ်ခံရမှုတွေ၊ အကြမ်းဖက်ခံရမှုတွေ
ရှိနေပြီး ငွေကြေးရှာဖွေရခက်ခဲတဲ့ ကျေးလက်ဒေသတွေမှာ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ
အမြတ်ထုတ်ခံရမှုတွေအပေါ်မှာ သူတို့ရဲ့ဘ၀ရပ်တည်ရေးအတွက် မသိကျိုးကျွန်ပြုနေတဲ့
အနေအထားမျိုးတွေလည်း အများကြီးရှိနေတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူတွေက
ပြောဆိုခဲ့ကြပါတယ်။

"ညီမတို့ဒေသမှာဆို '၀'တွေက လယ်ဧကတွေကို ငွေများများပေး အများကြီးဆက်ငှားပြီး ယာခင်းထဲမှာ
လယ်လာလုပ်ဖို့ နိုင်ငံခြားသား အလုပ်သမားတွေ (အောက်လမ်းက ၀င်လာသူများဟု ယူဆရ)
ငှားတယ်။ အလုပ်သမားတွေက အမျိုးသားတွေပဲ။ သူတို့အမျိုး သမီးတွေ မပါကြဘူး။ အဲဒီအတွက်
ရွာခံအမျိုးသမီးတွေကို ထမင်းဟင်းချက်ဖို့ ငှားကြတယ်။ ဒါပေမဲ့ ထမင်းဟင်းချက်ဖို့တင်မဟုတ်ဘဲ
ညပိုင်းတွေမှာပါ သူတို့ဘက်က တောင်းဆိုတာတွေ လုပ်တယ်။ သူတို့လိုချင်တာမရတဲ့
အမျိုးသမီးတွေကိုဆို ထမင်းချက်ပါ မငှားတော့တာတွေ လုပ်လာတဲ့အတွက် အမျိုးသမီးတွေက
ဝမ်းစာအတွက် အဆင်ပြေဖို့ သူတို့လိုချင်တာကိုပေးရတယ်။ အစပိုင်းမှာ လိင်အကြမ်းဖက်မှုလို့
ပြောလို့ရပေမဲ့ နောက်ပိုင်းမှာ အမျိုးသမီးတွေကလည်း ၀မ်းစာအရ မဖြစ်မနေလိုအပ်တဲ့အတွက်
လိုလိုလားလားကိုပေးရတဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်"လို့ မန္တလေးတိုင်း တံတားဦးမြို့နယ်က
လယ်လုပ်သူ မရွှေဝါထွန်းက ပြောပါတယ်။

အလုပ်သမားအမျိုးသမီးများအဖွဲ့က အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မမိုးဝေကတော့ အထည်ချုပ်လုပ်ငန်းခွင်
တွေထဲမှာလည်း အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုတွေကို ကြုံတွေ့နေရတယ်လို့
ဆိုပါတယ်။

"ကျူးလွန်သူ အများစုဟာလည်း စက်ရုံကို လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေအဖြစ်
ရောက်ရှိလာကြတဲ့ နိုင်ငံခြားသားတွေပဲ များပါတယ်။ ဒါ့ပြင် ည ၁၂ နာရီ အထည်ချုပ်လုပ်ငန်းပြီးတဲ့
အိမ်ပြန်ချိန်မှာလည်း ဖယ်ရီမရှိတဲ့အတွက် လုပ်ငန်းခွင်ပြင်ပမှာလည်း အမျိုးသမီးတွေဟာ မလုံခြုံမှုတွေနဲ့
ရင်ဆိုင်နေရပါတယ်"လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လိင်လုပ်ငန်းကို တရားဝင်ပြုလုပ်ခွင့်ဥပဒေ ပြဋ္ဌာန်းမထားတဲ့အတွက်
လိင်အလုပ်သမတွေဟာ အလုပ်သမားထဲမှာ မပါဝင်ပါဘူးလို့လည်း မမိုးဝေက ထပ်ပြီးဖြည့်စွက်
ပြောပြသွားခဲ့တာမို့ တရားဝင်လုပ်ကိုင်ခွင့် မရှိပေမဲ့ ဘ၀၀မ်းစာအတွက် ရပ်တည်ရှင်သန်နေကြတဲ့
လိင်အလုပ်သမအမျိုးသမီးတွေဟာလည်း လူ့အခွင့်အရေးချိုးဖောက်ခံရသူ၊ ခေါင်းပုံဖြတ်ခံရသူတွေထဲမှာ
ထိပ်ဆုံးက ပါဝင်နေပါတယ်။

နေရာဒေသစုံ၊ လုပ်ငန်းခွင်မျိုးစုံမှာ အခြေအနေအမျိုးမျိုးနဲ့ အခွင့်အရေးချိုးဖောက်ခံနေရတာတွေရှိသလို
ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးနယ်ပယ်တွေမှာလည်း အမျိုးသမီးတွေဟာ မသိမသာဖြစ်စေ၊
ထုံးတမ်းစဉ်လာတွေအရ သမားရိုးကျပုံစံမျိုးနဲ့ဖြစ်စေ သူတို့ရဲ့အခွင့်အရေးတွေ၊ ဦးဆောင်နိုင်ခွင့်တွေကို
ဆုံးရှုံးနေကြရပါတယ်။

"အရင်ကထက်စာရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာဖြစ်ဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကဖြစ်ဖြစ်
အမျိုးသမီးတွေ ပါဝင်ဖို့လိုတယ်ဆိုတာကိုတော့ လက်ခံလာကြတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ
ပါဝင်ခွင့်ကို ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတဲ့ အမြင်ကတော့ သိပ်မရှိသေးဘူး။ ဦးဆောင်သူ
ကိုယ်တိုင်က အမျိုးသမီးဖြစ်တဲ့အတွက် အမျိုးသမီးမှာလည်း အရည်အချင်းရှိတယ်ဆိုတာ
လက်ခံမှုကတော့ တိုးတက်လာတယ်။ ဒါပေမဲ့ ခက်နေတာက အမျိုးသမီးတစ်ယောက်လုံးက
ဦးဆောင်နေတာ ဘယ်သူထပ်ပါဖို့ လိုသေးလဲဆိုတာမျိုး အခက်အခဲလေးလည်း ရှိတယ်။
သူတောင်ပါနေမှ သူက အမျိုးသမီးထုကို ကိုယ်စားပြုနေပြီလေဆိုတာမျိုး မဖြစ်နိုင်ဘူး။ အရာခပ်သိမ်းမှာ
သူတစ်ယောက်တည်းကတော့ အမျိုးသမီးတွေကို ကိုယ်စားမပြုနိုင်ဘူး"လို့ Gender Equality
Network မှ ဒါရိုက်တာဖြစ်တဲ့ မမေစံပယ်ဖြူက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့
မဇင်မာအောင်ကလည်း ယေဘုယျတွေးပုံခေါ်ပုံအရ ငြိမ်းချမ်းရေးမှာ တာဝန်တွေပေးတဲ့အခါမှာ
နိုင်ငံရေးနဲ့ ပတ်သက်တာ၊ လုံခြုံရေးနဲ့ ပတ်သက်တဲ့ကဏ္ဍတွေမှာ အမျိုးသမီးဆိုတာကို
ထည့်မစဉ်းစားတာက အစဉ်အလာလိုဖြစ်နေတာလို့ ပြောပါတယ်။

"လူမှုရေးတို့၊ စီးပွားရေးတို့ဆို အမျိုးသမီးနဲ့ ပိုသင့်တော်တယ်ဆိုတာမျိုးပေါ့။ နိုင်ငံရေးအရ အချေအတင်
ပြောမယ်ဆိုရင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းရှိမယ်၊ အမျိုးသမီးလွှတ်တော်
ကိုယ်စားလှယ်လည်း ရှိမယ်။ ဒါပေမဲ့ ရွေးချယ်မယ်ဆိုရင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကိုပဲ
ရွေးတယ်။ အော်တိုပေါ့။ ဒါက ပရိုဂရမ်ထည့်ထားသလို ဒီ institution မှာ ဖြစ်နေတာ။ အစ်မကတော့
gender ကို လေ့လာထားဖူးတဲ့ သူမို့သာ ဒါကို သတိထားမိနေတာ။ ဆုံးဖြတ်ချက်ချတဲ့ သူကတော့
သူ့ဘာသာသူတောင် စဉ်းစားမိချင်မှ စဉ်းစားမိမယ်။ အမှန်တော့ ဒီလိုပဲ သတိမထားမိကြဘဲ
ဖြစ်နေတာပဲ"လို့ မဇင်မာအောင်က နိုင်ငံရေးနယ်ပယ်ထဲက အမျိုးသမီးတွေရဲ့ အနေအထားကို
ပြောပြပါတယ်။

"ကျွန်မအတွက်ကတော့ ကျွန်မရဲ့ မဲဆန္ဒနယ်မှာလည်း အုပ်ချုပ်ရေးပိုင်းနဲ့ ဆက်ဆံတာဖြစ်ဖြစ်
ဘာဖြစ်ဖြစ် ကျွန်မက အဆင်ပြေတယ်။ အဲဒီအတွက်ကြောင့် တခြားအမျိုးသမီးလွှတ်တော်အမတ်
တွေရဲ့ အသံကို ကိုယ်စားမပြုမှာ စိုးရိမ်တယ်။ လွှတ်တော်ထဲမှာတော့ အမျိုးသားတွေထက်
အရေအတွက် နည်းနေပေမဲ့ သူတို့ရဲ့ နိုင်ငံရေးမှာ ပါဝင်လိုစိတ်၊ လူထုကို ကိုယ်စားပြုလိုစိတ်၊
သူတို့ရဲ့တာဝန်ဝတ္တရား ကျေပွန်လိုစိတ်တွေက အမြဲတမ်း ရှေ့တမ်းမှာရှိနေပါတယ်"လို့
အမျိုးသမီးတွေကို ရည်ရွယ်လို့ ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုမှတ်တမ်းအရ နိုင်ငံတွင်း နေထိုင်သူ
အမျိုးသမီးဦးရေမှာ တစ်နိုင်ငံလုံးရဲ့ ၅၁ ဒသမ ၇၈ ရာခိုင်နှုန်း ရှိပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်