အိမ်တွင်းမှာ အပင်စိုက်ကြမယ်

ဒီတစ်ပတ်မှာတော့ ပန်းပွင့်လှလှလေးတွေပွင့်တဲ့ အိမ်တွင်းစိုက်အပင်တစ်မျိုးအကြောင်းကို
ဝေမျှပေးသွားမှာပါ။

အိမ်တွင်းမှာ အပင်စိုက်တဲ့အခါ ပန်းပွင့်တဲ့ အပင်မျိုးတွေထက် လူတွေအတွက် မကောင်းတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပိုစုပ်ယူနိုင်ပြီး လေကို ပိုသန့်စင်ပေးနိုင်တဲ့ ပန်းမပွင့်တဲ့အပင်မျိုးက
ပိုသင့်တော်တယ်ဆိုပေမဲ့ အပင်ရှိတာက မရှိတာထက်စာရင်တော့ ပိုပြီးတော့သာပါသေးတယ်။

အခုပြောပြပေးမယ့် အပင်လေးရဲ့အမည်က သိပ်လှပါတယ်။ 'မိုးမခပင်'တဲ့။ တရုတ်ပြည်ကနေ
တင်သွင်းတာဖြစ်ပြီး သူက ရွက်ကျပင်ပေါက်အမျိုးအစားထဲမှာ ပါဝင်တာကြောင့် မမြင်ဖူးတဲ့သူတွေဆို
ရွက်ကျပင်ပေါက်နဲ့ မှားတတ်ကြမှာပါ။

ဒါပေမဲ့ ရွက်ကျပင်ပေါက်လောက် အရွယ်မကြီးသလို အပွင့်မှာလည်း မိုးမခပင်ရဲ့အပွင့်က
အထပ်ထပ်လေးတွေနဲ့ ပိုလှပါတယ်။

မိုးမခပင်ရဲ့ ပန်းပွင့်အရောင်က အနီ၊ အဖြူ၊ အ၀ါ၊ ပန်းရောင်၊ ခရမ်းနဲ့ လိမ္မော် ဆိုပြီး အရောင်အမျိုးမျိုး
ရှိပါတယ်။

အိမ်တွင်းစိုက်တဲ့ အပင်ဆိုပေမဲ့ အပွင့်မပွင့်တဲ့ အချိန်ဆိုရင် တစ်ပတ်တစ်ခါလောက်
မနက်ခင်းပိုင်းအချိန်မှာ နေပြပေးဖို့တော့ လိုပါတယ်။

ဒါကလည်း အပွင့်ပွင့်လာဖို့အတွက် အထောက်အကူပြုတဲ့ နည်းလမ်းပါ။

အပွင့်ပွင့်ဖို့ကတော့ တစ်ကြိမ်ပွင့်ဖို့ တစ်လကနေ တစ်လခွဲလောက်ထိ ကြာတတ်ပြီး အပွင့်တစ်ခါ
ပွင့်ပြီဆိုရင် အဲဒီအပွင့်က စနစ်တကျရေလောင်းတဲ့အပေါ် မူတည်ပြီး နှစ်လကနေ သုံးလအထိ
ခံပါတယ်။

အပွင့်ပွင့်ပြီဆိုရင်တော့ နေပြစရာ မလိုတော့ပါဘူး။ နေပြမယ်ဆိုရင်တော့ အပွင့်က အကြာကြီး
မခံတတ်ပါဘူး။ ရေကိုတော့ စပရေးဘူးလေးနဲ့ လောင်းပေးတာက အသင့်တော်ဆုံးဖြစ်သလို
အပင်အောက်ခြေကနေပဲ လောင်းပေးသင့်ပါတယ်။

တကယ်လို့ အရွက်တွေ၊ အပွင့်တွေကို ရေလောင်းတာ များသွားမယ်ဆိုရင် ရိလာတာမျိုးတွေ
ဖြစ်တတ်ပါတယ်။

သုံးရက်တစ်ကြိမ်မှာ မနက်ပိုင်းအချိန် ရေလောင်းပေးတာက အကောင်းဆုံးဖြစ်သလို ရာသီဥတု
အခြေအနေပေါ် လိုက်ပြီးတော့လည်း ရေကို ရွှဲရွှဲလောင်းရတာရှိသလို ပုံမှန်စိုရုံလောင်းရတာလည်း
ရှိပါတယ်။

သတိထားရမယ့် အချက်က အရွက်တွေဝါနေတာတွေ့ရင် ရေလျှော့လောင်းရမယ်ဆိုတာပါပဲ။

အဲဒီလိုအချိန်ကျရင် သုံးရက်တစ်ကြိမ်ကနေ ငါးရက်တစ်ကြိမ်၊ တစ်ပတ်တစ်ကြိမ်လောက်ပဲ
လောင်းပေးရမှာဖြစ်ပါတယ်။

ပန်းပွင့်တာမြန်အောင် အပွင့်လှအောင် အားဆေးကျွေးလို့လည်းရပါတယ်။

သူ့အတွက် အားဆေးကတော့ ထိုင်းကလာတဲ့ ၁၂၊ ၂၅၊ ၆ အားဆေးကို တစ်လကိုတစ်ကြိမ်
ဆယ်လုံးကနေ ၁၅ လုံးလောက်ထိ ကျွေးထားရမှာပါ။

ဒါကလည်း အပွင့်မပွင့်တဲ့အချိန်မှာ ကျွေးရမယ်ဆိုတာတော့ သတိပြုပါ။ အပွင့်ပွင့်နေတဲ့အချိန်မှာ
ကျွေးမယ်ဆိုရင် ပန်းက အကြာကြီးခံမှာ မဟုတ်ဘူး။

အပွင့်ပွင့်တာကို ဘယ်လိုသိနိုင်လဲဆိုရင် အညွန့်လေးတွေ တက်လာပြီးဆိုရင် မကြာခင်
အပွင့်ပွင့်လာမယ်လို့သာ မှတ်ထားလိုက်ပါတော့။

မိုးမခလေးတွေကို များသောအားဖြင့် ဒီဇိုင်းလှတဲ့ ကြွေအိုးလေးတွေနဲ့ စိုက်ကြပြီး ဧည့်ခန်းနဲ့
ရုံးခန်းစားပွဲတွေမှာ ထားကြတာ များပါတယ်။

ရောင်စုံ ဒါမှမဟုတ် အဖြူရောင်ကျောက်လေးတွေ ဖြူးပြီးတော့လည်း အလှဆင်ကြပါတယ်။

အပင်ဈေးနှုန်းကိုတော့ ကန်တော်ကြီး၊ မြေပဒေသာကျွန်းထဲက နန်းသစ္စာ အရောင်းဆိုင်ကနေ
ဝေမျှပေးထားပါတယ်။

အပွင့်ပါတဲ့ အပင်ဆိုရင် တစ်ပင်ကို ကျပ် ၃,၅၀၀ ဖြစ်ပြီး အပွင့်မပါတဲ့ အပင် ဆိုရင်တော့
ကျပ် ၂,၅၀၀ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်