ပန်းချီဆရာမ နန်းနဲ့ သူ၏ ကျားများ

ပန်းချီဆရာမ နန်းနဲ့ သူ၏ ကျားပန်းချီကားများ။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)ပန်းချီဆရာမ နန်းနဲ့ သူ၏ ကျားပန်းချီကားများ။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

ကြောက်စရာ အသားစားသတ္တ၀ါအဖြစ် လူအများမြင်လေ့ရှိကြတဲ့ ကျားတွေကို ရှုထောင့်အမျိုးမျိုးကနေ
ဟန်ပန်အမျိုးမျိုး၊ အနေအထားအမျိုးမျိုးနဲ့ ချစ်စရာ စိတ်ဝင်စားစရာကောင်းတဲ့ သတ္တ၀ါအဖြစ်
ပြောင်းလဲမြင်လာအောင် ရေးဆွဲတတ်တဲ့ ပန်းချီဆရာမတစ်ယောက် ရှိပါတယ်။

သူကတော့ ပန်းချီဆရာမနန်းပါ။ နာမည်ကျော်ရုပ်ပြ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့
ပန်းချီမြိတ်ဝင်းထိန်ရဲ့ ဇနီးသည်ဖြစ်တဲ့အပြင် သူကိုယ်တိုင်လည်း ပန်းချီကို စိတ်ဝင်စားသူမို့
ပန်းချီဆရာမတစ်ယောက်အဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။

အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ ဆရာမနန်းဟာ ဖြူးမြို့ ဇာတိဖြစ်ပြီး ၁၉၇၃ ကနေ ၁၉၇၆ ခုနှစ်အထိ
ရန်ကုန်ပန်းချီ ပန်းပုကျောင်းမှာ ပန်းချီပညာသင်ကြားခဲ့ပါတယ်။

အမျိုးသားဖြစ်သူ မြိတ်ဝင်းထိန်နဲ့အတူ တွဲဖက်ပြီး နှစ်ဦးပေါင်း ပန်းချီပြပွဲတွေများစွာကို ပြုလုပ်ခဲ့သလို
အုပ်စုပန်းချီပြပွဲ ပေါင်းများစွာမှာလည်း ပါဝင်ပြသခဲ့သူ ဖြစ်ပါတယ်။

ပထမအကြိမ် တစ်ကိုယ်တော်ပြပွဲကိုတော့ အကြောင်းအရာမျိုးစုံ ရေးဆွဲပြီး ၂၀၁၄ ခုနှစ်အတွင်းမှာ
ပြုလုပ်ခဲ့ကာ အခုလက်ရှိမှာတော့ ကလေးငယ်တွေကို ပန်းချီပညာ သင်ကြားပေးနေတဲ့
ပန်းချီဆရာမတစ်ယောက်အဖြစ်လည်း ရပ်တည်နေသူ ဖြစ်ပါတယ်။

ကျားပုံတွေကိုသာ ပြသနေတဲ့ တစ်ကိုယ်တော်ပြပွဲကတော့ ဒုတိယအကြိမ်မြောက်ပြပွဲဖြစ်ပြီး
"Tiger & Me" (ကျားနဲ့ ကျွန်မ) လို့အမည်ပေးထားပါတယ်။

ဒီပြပွဲမှာ သုံးနှစ်အတွင်း ရေးဆွဲထားတဲ့ ကျားပန်းချီကားပေါင်း ၆၃ ကားကို ပြသနေတာဖြစ်ပါတယ်။

ပြပွဲကိုလည်း ထူးထူးခြားခြားအနေနဲ့ နေရာနှစ်ခုမှာ ရက်ခွဲပြီးကျင်းပတာ ဖြစ်ပါတယ်။

မေ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ ရန်ကုန်ပန်းချီပြခန်းမှာ ပြသခဲ့တာကို မြန်မာတိုင်း(မ်)က ကြည့်ရှုခဲ့ရပြီး
မေ ၂၅၊ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာတော့ နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာရှိတဲ့ နှင်းဆီမြိုင်ပန်းချီပြခန်းမှာ
အခြားပန်းချီပညာရှင်တွေရဲ့လက်ရာတွေနဲ့အတူ ပြသသွားမှာဖြစ်ပါတယ်။

ပထမနေရာပွဲမှာတော့ ကျားပန်းချီကားတွေကို အမေရိကန်ဒေါ်လာ ၂၀၀ ကနေ တစ်သောင်းအထိ
ဈေးသတ်မှတ်ကာ ရောင်းချခဲ့ပေမဲ့ နှင်းဆီမြိုင်ပြခန်းမှာတော့ ပန်းချီကားတွေကို ပုံမှန်ဈေးနှုန်းထက်
ထက်ဝက်ဈေးလျှော့ပြီး ရောင်းချသွားမှာဖြစ်ပြီး ရောင်းရငွေရဲ့တစ်ဝက်ကိုလည်း ဆည်းဆာရိပ်
ဘိုးဘွားရိပ်သာနဲ့ နှင်းဆီကုန်းဘိုးဘွားရိပ်သာကို ပြန်လှူသွားမှာဖြစ်တယ်လို့ ဆရာမနန်းက
ပြောပြပါတယ်။

ပန်းချီဆရာမ နန်း၏ ကျားပန်းချီကားများ။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)ပန်းချီဆရာမ နန်း၏ ကျားပန်းချီကားများ။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

ကျားပန်းချီကားတွေ ရေးဆွဲဖြစ်ပုံကတော့ ခင်ပွန်းသည် မြိတ်ဝင်းထိန်ပန်းချီရေးဖို့ စုထားခဲ့တဲ့
ကျားပုံတွေကို သူဆုံးသွားပြီးတဲ့နောက်ပိုင်းမှာ စိတ်ဝင်စားလို့ ရေးဖြစ်ခဲ့ရာကနေ အ၀ါကြိုက်တဲ့အတွက်
၂၀၁၃ ခုနှစ်လောက်က စလို့ ကျားကားတွေကို တောက်လျှောက်ရေးဖြစ်ခဲ့တာလို့ ဆိုပါတယ်။

နန်းရဲ့ထူးခြားချက်က ပန်းချီရေးတဲ့အခါ နှစ်ကားပြိုင်ရေးလေ့ရှိပြီး တစ်ပုံမှာ နူးညံ့သိမ်မွေ့တဲ့ ကျားပုံကို
ဖန်တီးတယ်ဆိုရင် နောက်တစ်ပုံကိုတော့ ခက်ထန်ကြမ်းတမ်းတဲ့ ကျားပုံကို ရေးဆွဲလေ့ရှိသူပါ။

"တစ်ခါတလေ ပန်းချီရေးဖို့ အရမ်းကို စိတ်ပါနေတဲ့ အခါတွေမှာ ပန်းချီကားတစ်ကားကို
နှစ်ရက်လောက်နဲ့ အပြီးဆွဲဖြစ်သွားတာမျိုးတွေလည်း ရှိတယ်"လို့ ဆရာမ နန်းက ပြောပါတယ်။

အခရိုင်းလစ်၊ ဆီဆေး၊ ရေဆေး စတဲ့ မီဒီယမ်မျိုးစုံနဲ့ ဖန်တီးရေးဆွဲထားတဲ့ ပန်းချီကားထဲကနေ
ကျားတစ်ကောင်ရဲ့ ခက်ထန်ရဲရင့်မှုနဲ့ မာန်ဖီမှုတွေကို ခံစားနိုင်သလို ကျားတွေရဲ့ ၅၂၈ ချစ်ခြင်း၊
၁၅၀၀ ချစ်ခြင်းတွေလည်း ပုံဖော်ရေးသားထားတဲ့အပြင် လွမ်းနေတဲ့ ကျား တစ်ကောင်ရဲ့ ပုံသဏ္ဌာန်နဲ့
ကျားတွေရဲ့ အမူအရာမျိုးစုံကို သေချာကို လေ့လာပြီး ဖန်တီးထားတာကိုလည်း ခံစားနိုင်ပါတယ်။

"လူတွေက ကျားတွေဆို ခက်ခက်ထန်ထန် ကြမ်းကြမ်းတမ်းတမ်းဆိုပေမဲ့ သူတို့ဆီမှာ
ချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေ ရှိတယ်။ တစ်ကောင်နဲ့ တစ်ကောင်ကြားက ဆက်နွှယ်မှုတွေ၊
သားနဲ့ အမိတို့ မိသားစုလိုက် ချစ်နေတာတွေ၊ တစ်ကောင်နဲ့တစ်ကောင် ကျီစယ်နေတာတွေကို
ကြည့်ရင်း သူတို့မှာ ချစ်စရာကောင်းတဲ့ အမူအကျင့်တွေ ပိုများတယ်ဆိုပြီး My lovely yellow ဆိုပြီး
စီးရီးလိုက် ရေးဖြစ်သွားတာ"လို့ ဆရာမနန်းက ပြောပြပါတယ်။

"သူတို့ရဲ့အမူအကျင့်တွေကို အင်တာနက်တို့၊ နေရှင်နယ်ဂျီအိုဂရပ်ဖစ်တို့၊ ဒစ္စကာဗာရီတို့မှာ
ရှာကြည့်ရင်း သူတို့ရဲ့ အကြည့်တွေ၊ မျက်လုံးတွေ၊ အပြုံးတွေကအစ ခံစားလို့ရလာတယ်။ သူတို့
တအံ့တဩဖြစ်သွားတာမျိုးတွေကအစ မြင်လာတယ်။ သူတို့ဘ၀က ပျင်းစရာကောင်းမလားဆိုပြီး
စဉ်းစားနေတဲ့အချိန်မှာ ဟက်ဟက်ပက်ပက် ရယ်နေတဲ့ ကျားပုံလေးတွေကို အင်တာနက်ကနေ
တွေ့လိုက်ရတယ်။ နောက် လရောင်အောက် ညဥ့်နက်နက်မှာ ထိုင်ရင်းလွမ်းနေတဲ့ ကျားရဲ့အလွမ်းကို
ခံစားမိတာမျိုး။ တစ်ခါတလေ ကိုယ့်ခံစားချက်တွေကို ကျားပုံတွေထဲ ထည့်ပြီး ရေးဖြစ်တာမျိုးတွေ
ရှိတယ်"လို့လည်း ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်