Transgender တစ်ယောက်ဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာနိုင်မလား

ရှင်းသန့်ကို ဒီလအစောပိုင်းက ဓာတ်ပုံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အောင်ခန့်/မြန်မာတိုင်း(မ်)ရှင်းသန့်ကို ဒီလအစောပိုင်းက ဓာတ်ပုံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အောင်ခန့်/မြန်မာတိုင်း(မ်)

ရှင်းသန့်တစ်ယောက် သူ့သူငယ်ချင်းညွှန်းပေးတဲ့ အလှကုန်ပစ္စည်းအသစ်နဲ့ မိတ်ကပ်လိမ်းခြယ်
ထားတာကို မှန်ထဲကနေတစ်ဆင့် ကြည့်ပြီး အရမ်းကို ကျေနပ်သဘောကျနေပုံပေါ်နေပါတယ်။

ပြီးတော့ သူ့ရဲ့မိုဘိုင်းဖုန်းလေးကို ထုတ်ပြီး သူငယ်ချင်းဆီကိုခေါ်ရင်း မိတ်ကပ်က သူ့ရဲ့မျက်နှာနဲ့
လိုက်ဖက်နေတယ်ဆိုတဲ့ အကြောင်းနဲ့ ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကို သူ့ရဲ့ဆံပင်ရှည်ရှည်
ဖြောင့်ဖြောင့်လေးတွေ လှုပ်ခါသွားတဲ့အထိ စာရေးသူရှေ့မှာ ပြောနေပါတယ်။

ပြီးတော့မှ ဆောင်းပါးအတွက် ဓာတ်ပုံရိုက်ဖို့စောင့်နေတဲ့ စာရေးသူနဲ့ ဓာတ်ပုံဆရာတို့ဘက်ကို
လှည့်ပြီး "နားကပ်တပ်ဖို့ လိုသေးလား"ဆိုပြီး မေးလိုက်ပါတယ်။

'ရှင်းသန့်' ဆိုတာက .. ဘယ်သူလဲ။ သူက အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးပါ။ ဒါပေမဲ့
အမျိုးသမီးတစ်ဦးအဖြစ် ခံယူပြီး မိန်းမပျိုလေးတစ်ဦးလို ၀တ်စားဆင်ယင်နေထိုင်တဲ့ Transwoman
တစ်ဦးပဲ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် နိုင်ငံသားမှတ်ပုံတင်ကတ်ထဲမှာ မောင်.. အဖြစ် နာမ်စားတပ်
အသုံးပြုခံနေရဆဲဖြစ်တဲ့ Transgender တစ်ဦးပါ။

အိမ်နာမည်က 'အောင်သန့်' ဆိုပေမဲ့ ၂၀၁၀ ပြည့်နှစ်ကစပြီး ဖေ့စ်ဘွတ်ခ်အကောင့်ကို ရှင်းသန့်
(Shin Thant) ဆိုတဲ့ နာမည်နဲ့ အသုံးပြုခဲ့တာကြောင့် မိတ်ဆွေ၊ အပေါင်းအသင်း၊ ဆွေမျိုးတွေနဲ့
လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံးက ရှင်းသန့်ဆိုတာ တစ်ချိန်က အောင်သန့် ဖြစ်ခဲ့ဖူးတယ်
ဆိုတာကိုတောင် ခုချိန်မှာ မေ့လျော့သွားကြပုံရပါတယ်။

"ကိုယ့်ကိုယ်ကိုယ် ခန္ဓာကိုယ် မှားဝင်လာသလိုပဲ။ အမျိုးသားခန္ဓာကိုယ်မှာ ပိတ်မိနေတဲ့ အမျိုးသမီးလို
ခံစားရတယ်။ ညအိပ်လိုက်လို့ နောက်တစ်နေ့မိုးလင်းသွားရင် ဆံပင်တွေ ရှည်လာမယ်၊
ခန္ဓာဗေဒကလည်း သူ့ဟာသူ ပြောင်းသွားမယ်ဆိုပြီး မျှော်လင့်ချက်နဲ့ အိပ်ခဲ့ရတဲ့ညတွေ
အများကြီးပဲ"လို့ ၂၀၁၅ ခုနှစ်က ဒါရိုက်တာ ဝေယံအောင် ရိုက်ကူးပြသခဲ့တဲ့ "She is a Male" ဆိုတဲ့
မိနစ် ၂၀ ကျော်ကြာ မှတ်တမ်းရုပ်ရှင်ထဲမှာ သူပြောသွားတဲ့အတိုင်းပဲ စာရေးသူတို့ကို မျက်လုံးချင်း
ဆုံကြည့်ပြီး ရှင်းသန့်က ဆိုလိုက်ပါတယ်။

She is a Male ဇာတ်လမ်းရုပ်ရှင်မှာ ရှင်းသန့်ရဲ့အကြောင်း၊ LGBT (Lesbian, Gay, Bisexual &
Transgender) တွေ ခွဲခြားဆက်ဆံခံရမှုတွေ အကြောင်းကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။

မန္တလေးမြို့က ဗုဒ္ဓဘာသာ သာမန်မိသားစု အသိုင်းအ၀ိုင်းမှာ ကြီးပြင်းအရွယ်ရောက်လာတဲ့
ရှင်းသန့်အဖို့ သူ့ရဲ့ငယ်ဘ၀နဲ့ ဆယ်ကျော်သက်အချိန်တော်တော်များများမှာ သူ့ရဲ့ဖြစ်တည်မှုအပေါ်
ဖုံးကွယ်ဖို့ အမြဲတမ်းကြိုးစားနေရတဲ့သူတစ်ဦး ဖြစ်ခဲ့ရပါတယ်။

အဲဒီအတွက် သူ့စိတ်ကို အမြဲထိန်းချုပ်ပြီး နေထိုင်ခဲ့ရသူလည်း ဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့ သူ့အသက် ၁၇ နှစ် (၂၀၁၀ ပြည့်နှစ်) အရွယ်ရောက်လာတဲ့အခါ သူ့စိတ်ကို လွှတ်ချလိုက်ပြီး
သူ့ကိုယ်သူ မိန်းမလျာ (gay) တစ်ဦးဖြစ်တယ် ဆိုတာကို ခံယူလိုက်ပါတော့တယ်။

အဲဒီအချိန်မှာ ရှင်းသန့်ဟာ ၀တ်စားဆင်ယင်ပုံကိုတော့ ပြောင်းလဲဖို့ သတ္တိမရှိသေးပါဘူး။

"မန္တလေးကျုံးဘေး သွားပြီးတော့ အမျိုးသားကနေ အမျိုးသမီးလို ခံယူနေထိုင်သူတွေနဲ့တွေ့ဆုံတယ်။
နောက်ပြောင်ပြီး ပျော်ပျော်နေတယ်။ နောက်ပိုင်းကျတော့ သူတို့နေသလို နေချင်လာတယ်။ ပထမတော့
transgender woman တွေဆို ကြောက်တယ်၊ သူတို့မြင်တာနဲ့ မျက်နှာကို ဇွတ်အတင်းတည်ပြီး
နေတယ်။ အဆင်ပြေချင်ယောင် ဟန်ဆောင်ပေမဲ့ စိတ်ထဲကနေ မုန်းတယ်။ Homophobia လိုမျိုးပေါ့။
LGBT တစ်ယောက် ဒါမှမဟုတ် ကိုယ့်အကြောင်းကို သိတဲ့သူတစ်ယောက်က ကိုယ့်ကို LGBT ဆိုပြီး
ဖော်လိုက်မလားဆိုပြီး ကိုယ့်ဖြစ်တည်မှုကို ဖုံးကွယ်နေရတာနဲ့ အဲဒီစိတ်က ကိုယ့်ကို လူတွေနဲ့
ဝေးတဲ့နေရာကို ပို့လိုက်သလို ခံစားရတယ်။ ကိုယ့်နားမှာ ကိုယ်တစ်ယောက်က လွဲလို့ ကျန်တဲ့သူ
မရှိစေချင်ဘူးဆိုတဲ့စိတ်နဲ့ ဖြစ်နေခဲ့တယ်။ သူတို့လို အပျော်သဘောနဲ့ မိန်းမလို လိုက်ဝတ်ရင်း
နောက်တော့မှ ဂေးဘ၀ကနေပြီးတော့ မိန်းမတစ်ယောက်ဖြစ်ချင်လာတာ၊ မိန်းမလို ၀တ်စားနေထိုင်ချင်
လာတာကို သိခဲ့ရတယ်"လို့ ရှင်းသန့်က ဆိုပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ ကိုယ့်ကိုယ်ကိုယ် မိန်းမတစ်ဦး (transgender woman) အနေနဲ့
ပြောင်းလဲနေထိုင်ဖို့ခံယူခဲ့ပြီး ၂၀၁၄ ခုနှစ်အထိ မိသားစုမသိအောင် မိန်းမတစ်ဦးလို ပြင်ဆင်ဝတ်စား
နေထိုင်ခဲ့ပါတယ်။

"မိန်းကလေးလို ခိုးဝတ်တယ်။ အိမ်မှာတော့ အ၀တ်အစားတွေ မထားရဲဘူး။ သူငယ်ချင်းအိမ်မှာ
ထားတယ်။ ကိုယ်အလုပ်လုပ်တဲ့ ရုံးမှာ ခိုးထားတယ်။ အိမ်ကနေထွက်ရင် ယောက်ျားလေးလိုပဲ။
ဒါပေမဲ့ ဆိုင်ကယ် tool box ထဲမှာ ဒေါက်ဖိနပ်ပါမယ်၊ ကျောပိုးအိတ်ထဲမှာ မိတ်ကပ်ပစ္စည်း၊ ဘော်လီ၊
မိန်းမအင်္ကျီလေးတွေ ထည့်ထားတယ်။ အလုပ်ကပြန်ရင် မိတ်ကပ်လိမ်းတာ လက်ခံတဲ့ သူငယ်ချင်း
အိမ်မှာ စုပြီး ပြင်ဆင်ကြ၊ ပြိုင်ဆိုင်ကြ၊ တစ်ညလုံး လျှောက်လည်ကြနဲ့။ အိမ်ကသိရင် အဆူခံ၊
အရိုက်ခံနဲ့ ဘ၀ကို ခိုးကြောင်ခိုးဝှက်ပဲ ဖြတ်သန်းခဲ့ရတယ်"လို့ ရှင်းသန့်က ဆိုပါတယ်။

ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ "သဘာဝမကျစွာ လိင်ဆက်ဆံမှု၊ တရားနည်းလမ်းမကျစွာ
လိင်ဆက်ဆံမှု" ဆိုတဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မ ၃၇၇ က LGBT တွေကို
လက်ရှိအချိန်အထိ ကန့်သတ်တားမြစ်ထားဆဲပဲ ဖြစ်ပါတယ်။

ဒီဥပဒေကို လက်တွေ့အသုံးပြုမှုဖြစ်စဉ်မျိုးက ရှားပါးပေမဲ့ ဥပဒေကိုအကြောင်းပြပြီး LGBT
အသိုင်းအ၀ိုင်းက လူတွေကို အနှောင့်အယှက်ပေးတာ၊ ခြိမ်းခြောက်ငွေညှစ်တာမျိုးတွေအတွက်
ရဲတချို့က အသုံးပြုလေ့ရှိတယ်လို့ လိင်တူဆက်ဆံသူများအရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ
ဦးအောင်မျိုးမင်းက ၂၀၁၆ ခုနှစ်၊ မတ်လထုတ် Frontier Myanmar မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့
'ကိုလိုနီအမွေဆိုးဥပဒေ ဟောင်းများ' ဆိုတဲ့ ဆောင်းပါးမှာ ပြောကြားခဲ့ပါတယ်။

LGBT တွေ အထူးသဖြင့် မိန်းမလျာတွေ အများဆုံး ဖမ်းဆီးခံကြရလေ့ရှိတဲ့ ပြစ်မှုကတော့
မှောင်ရိပ်ခိုသင်္ကာမကင်းဖြစ်မှု ပုဒ်မ ၃၀ (ဃ)ပါ။

အဲဒီအတွက် အများဆုံးနှစ်ပတ်အထိ ချုပ်နှောင်ခံရ နိုင်ပါတယ်။ အဲဒီလို အချုပ်ခံရတဲ့အထဲမှာ
ရှင်းသန့်တစ်ယောက်လည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။

"မှောင်ရိပ်ခိုမှုဆိုပြီး အဖမ်းခံခဲ့ရဖူးတယ်။ ကိုယ်နဲ့အတူ ပါလာတဲ့ ကောင်လေးကိုကျတော့
လွှတ်ပေးလိုက်ပြီး ကိုယ့်ကျတော့ ဘောင်းဘီချွတ်ခိုင်းတယ်၊ နံပါတ်တုတ်နဲ့ ရိုက်တယ်၊ ကျဉ်စက်နဲ့
အတို့ခံရတယ်။ ဘာကြောင့်လဲဆိုတာ အဖြေရှာကြည့်တော့ လူနည်းစုဖြစ်နေတဲ့အတွက်၊
ဂေးဖြစ်နေတဲ့အတွက်၊ transwoman ဖြစ်နေတဲ့အတွက်ကြောင့် ဒီလို ဖိနှိပ်တယ်လို့ ခံစားရတယ်။
ဒါဆိုရင် ဘာလုပ်နိုင်မလဲ၊ ငါတို့ ဘ၀တွေလည်း ဒီလိုနဲ့ ပြီးတော့မှာလားဆိုပြီး
စိတ်ဓာတ်ကျခဲ့ဖူးတယ်"လို့ ရှင်းသန့်က ဆိုပါတယ်။

အဲဒီနောက်မှာတော့ Equality Myanmar က ပြုလုပ်ပေးတဲ့ Human Rights and LGBT Rights
သင်တန်းကို တက်ရောက်ခဲ့ပြီး LGBT အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးမင်းနဲ့လည်း
တွေ့ဆုံခဲ့ပါတယ်။

"အဲဒီတော့မှ ကျွန်မအမြင်တွေ ပွင့်လာခဲ့တယ်။ တိုက်ပွဲဝင်ချင်စိတ်တွေ ဖြစ်လာခဲ့တယ်။ ပထမဦးဆုံးက
ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲတယ်။ နောက်တော့ ကိုယ့်မိဘတွေနဲ့ ကိုယ့်ပတ်ဝန်းကျင်။ အမျိုးသမီးလို
ဝတ်တယ်၊ နေထိုင်တယ်။ ပထမတော့ အိမ်က လုံးဝ သဘောမတူဘူး၊ အတိုက်အခံပဲ။
နောက်ပိုင်းကျတော့မှ ခွင့်ပြုခဲ့တာ အခုချိန်ထိပဲ"လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်မှာ မန္တလေးကျုံးဘေးမှာ တွေ့ရတဲ့ မိန်းမလျာတွေကို ရဲတွေကနေ ခေါ်ယူထိန်းသိမ်းတဲ့
ကိစ္စရပ်ဖြစ်ပွားခဲ့ရာ အဲဒီဖြစ်စဉ်က LGBT တွေအပေါ် လူအများရဲ့အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။

ရှင်းသန့်အနေနဲ့လည်း LGBT အရေးလှုပ်ရှားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Color Rainbow နဲ့ ပူးပေါင်းပြီး
ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီအချိန်ကနေစတင်လို့ LGBT အရေးတွေကို တတ်စွမ်းသရွေ့ ဆောင်ရွက်ခဲ့သလို Cele Cele
Small ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်အဖြစ် စွပ်စွဲခြင်းခံခဲ့ရတဲ့ Transgender မော်ဒယ်တစ်ဦးဖြစ်သူ
မျိုးကိုကိုစန်းအမှုမှာလည်း မျိုးကိုကိုစန်းဘက်ကနေ ကာကွယ်ပြီး ပါဝင်လှုပ်ရှားခဲ့ပါသေးတယ်။

"ယောက်ျား၊ မိန်းမ အများကြီးရှိပါလျက်နဲ့ ဘာလို့သူ့ကို ဖမ်းတာလဲဆိုပြီး မခံချင်ဒေါသဖြစ်တယ်။
အလားတူထပ်ဖြစ်လည်း အမှားအမှန်ဝေဖန်ပြီးတော့ လုပ်သင့်တာကို လုပ်သွားဦးမှာပါ။ LGBT တွေ
တစ်ခုခုဖြစ်ရင် ရှေ့က မားမားမတ်မတ် ရပ်မယ့်သူ မရှိဘူး။ မဆိုင်သလို နေကြတယ်။ လူမသိသူမသိ
ရှင်းကြတယ်။ ကိုယ်တွေ အဖမ်းခံရတုန်းကလည်း ဘယ်သူမှ ရောက်မလာခဲ့ဘူး။ မတရားခံရတာ
မှန်တယ်ဆိုရင်တော့ ရှင်းသန့်အနေနဲ့ ကိုယ်တတ်နိုင်သလောက် လုပ်ပေးသွားဦးမှာပါ"လို့
သူက ဆိုပါတယ်။

မျိုးကိုကိုစန်း အမှုဖြစ်ပြီးနောက်မှာတော့ LGBT ဘ၀တူချင်း ၀င်ရောက်ကူညီဖြေရှင်းပေးခဲ့တဲ့ ရှင်းသန့်ရဲ့
ရုပ်သံအင်တာဗျူးတစ်ခု အွန်လိုင်းပေါ်ရောက်ခဲ့ပြီး လူသိများခဲ့ပါသေးတယ်။

လက်ရှိမှာတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့် (Shin Thant) မှာ Follower ပေါင်း တစ်သောင်းခွဲနီးပါး
ရှိနေပါပြီ။

ဒီနှစ် ဇန်န၀ါရီ ၁ ရက်က ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ တွေ့ဆုံကြတဲ့
ငြိမ်းချမ်းရေးစကားဝိုင်းမှာလည်း ရန်ကုန်တိုင်းကိုယ်စားပြုလူငယ်တစ်ဦးအဖြစ် ပါဝင်ခွင့်ရခဲ့တာကလည်း
ရှင်းသန့်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် ကြီးမားတဲ့ ဂုဏ်ပြုမှုတစ်ခု ဖြစ်စေခဲ့ပါတယ်။

"အဲဒီလို ပါဝင်ခွင့်ရခဲ့တဲ့အတွက် သက်ဆိုင်ရာတွေ အကုန်လုံးကို ကျေးဇူးတင်တယ်။ နောက်ပြီး
ကိုယ့်ကိုယ်ကိုယ်ထက် ကိုယ့်ရဲ့ LGBT Community အတွက် ဂုဏ်ယူမိတယ်။ ကျွန်မတို့အားလုံးက
အားငယ်စိတ်ရှိကြတယ်။ ဒီလိုနေရာမျိုးက မရောက်နိုင်ဘူး။ ငါနဲ့မသက်ဆိုင်ဘူးဆိုပြီးတော့
နေကြတယ်။ ဒီလိုလုပ်ပြနိုင်လိုက်တဲ့အတွက် ဂုဏ်ယူတယ်။ ဒါကိုအားကျပြီးတော့မှ အစွမ်းအစ
ရှိပြီးတော့မှ အမြင်ပျောက်နေတဲ့ LGBT တွေကို အားကျလာအောင် လုပ်ပေးနိုင်တဲ့အတွက်
ဂုဏ်ယူတယ်။ နောက်ပြီး အားလုံးကို ပြောချင်တာက LGBT ဆိုတာ လူတွေထဲကလူပဲ အတူတူပဲ။
ဒါတွေလုပ်လို့ရတယ် ဆိုတာကို ပြနိုင်ခဲ့ပါတယ်"လို့ ရှင်းသန့်က ဆိုပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ရှင်းသန့်ဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာတွေကို ဆွေးနွေးခဲ့တဲ့အပြင် LGBT တွေ
အပါအ၀င် လူနည်းစုဖြစ်တဲ့ မသန်စွမ်းတွေနဲ့ အိပ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ် ဝေဒနာ ကူးစက်ခံထားရတဲ့
လူငယ်တွေ၊ အပယ်ခံတွေ အကုန်လုံးပေါ်မှာ ဖိနှိပ်ထားတဲ့ ဥပဒေ ပယ်ချပေးဖို့၊ ကာကွယ်ပေးဖို့
ဥပဒေတွေပြဋ္ဌာန်းပေးဖို့ကိုလည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။

လတ်တလောမှာတော့ ရှင်းသန့်ဟာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ ဖိတ်ခေါ်မှုနဲ့ ဂျပန်နိုင်ငံမှာ
ရောက်ရှိနေပါတယ်။

ဒီခရီးစဉ်က Japan East-Asia Network of Exchange for Students and Youths
(JENESYS 2016) ဖြစ်ပြီး မြန်မာနိုင်ငံအပါအ၀င် အရှေ့အာရှနိုင်ငံတွေက လူငယ်တွေကို
ဂျပန်နိုင်ငံဆီ မေ ၁၅ ရက်ကနေ ၂၆ ရက်နေ့အထိ လေ့လာရေးခရီးအဖြစ် ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

"ကျွန်မကတော့ ကျွန်မတို့လို LGBT တွေကို ခေတ်ပြောင်းလာတာနဲ့အမျှ ကြိုးစားစေချင်တယ်။
လူဆိုတာ လိင်အမျိုးအစားက ဘာပဲဖြစ်ဖြစ်၊ ဘယ်ဘ၀ပဲရှိရှိ ကြိုးစားတယ်ဆို အရာထင်လာတယ်၊
ကြိုးစားမှုပေါ်မှာ သူ့ရဲ့ဖြစ်တည်မှုကလည်း တားဆီးလို့မရသလို ဘယ်ဥပဒေကမှလည်း
မတားဆီးနိုင်ဘူး။ အဲဒီအတွက် LGBT တွေကို ကာကွယ်မြှင့်တင်ပေးပြီး လိုအပ်ချက်တွေကို
နိုင်ငံသားတစ်ယောက်အနေနဲ့ အစိုးရကသာ ဖြည့်ဆည်းပေးမယ်၊ နေရာတစ်နေရာပေးမယ်ဆိုရင်
ပြည်သူတွေကလည်း လိုက်ပြီး ပြောင်းလဲလာမှာပဲ။ ပညာရေးပိုင်းမှာလည်း LGBT တွေအကြောင်း
သိအောင်သင်ကြားပေးမယ်၊ အစိုးရကလည်း တားမြစ်ထားတဲ့ ဥပဒေအပိုင်းကို ပြောင်းလဲပေးမယ်
ဆိုရင် ကျွန်မတို့ LGBT တွေလည်း တခြားသူတွေနဲ့အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်မယ်လို့
ယုံကြည်ပါတယ်"လို့ ရှင်းသန့်က ဆိုပါတယ်။

လက်ရှိမှာတော့ LGBT တွေအနေနဲ့ ပရဟိတလုပ်ငန်းတွေနဲ့ အနုပညာနယ်ပယ်အသီးသီးမှာ ပါဝင်မှု
အရေအတွက် များပြားလာပေမဲ့ လူမှုရေး၊ LGBT လှုပ်ရှားမှုတွေနဲ့ နိုင်ငံရေးလို နေရာမျိုးတွေမှာတော့
ရှင်းသန့်လိုမျိုး ပါဝင်လုပ်ကိုင်မှု နည်းပါးနေပါသေးတယ်။

ဒါကြောင့် သူ့အနေနဲ့ LGBT တွေကို ပါဝင်လာစေချင်သလို၊ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့လည်း
LGBT တွေကို ပါဝင်ခွင့်ပေးစေချင်တယ်လို့ ဆိုပါတယ်။

"ကျွန်မတို့ LGBT တော်တော်များများက အပျော်အပါးမက်ကြတယ်။ ကိုယ်နဲ့မဆိုင်သလို
နေကြတာတွေလည်း ရှိကြတယ်။ အဲဒီတော့ ရှေ့ဆက်ပြီး အဲဒီလိုမနေကြဖို့၊ ကြိုးစားကြဖို့
တိုက်တွန်းချင်တယ်။ ကျွန်မလည်း အရင်က ၂၀၁၀ ပြည့်နှစ်တုန်းကလို မိန်းမလျာတစ်ဦးလို
ပုန်းလျှိုးကွယ်လျှိုးလုပ်နေမယ်ဆိုရင် ဒီနေ့ဒီလိုနေရာ ရောက်လာမှာ မဟုတ်ပါဘူး။ ကျွန်မကတော့
လက်ရှိအနေအထား၊ လက်ရှိ ရှင်းသန့်ကိုပဲ ကျေနပ်တယ်"လို့ ရှင်းသန့်က ဆိုပါတယ်။

သမ၀ါယမကောလိပ်ကနေ စီးပွားသိပ္ပံဘွဲ့ကို ရယူထားတဲ့ သူ့ရဲ့အိပ်မက်ကတော့ LGBT အပါအ၀င်
အများအကျိုးပြု ဆောင်ရွက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ဖို့ပါတဲ့။

"တစ်နေ့နေ့မှာတော့ ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်း မိန်းမကဲ့သို့ ပ၀ါစုံချ ဆံထုံးထုံးပြီး လွှတ်တော်ထဲမှာ
LGBT အကျိုးတွက်တင် မဟုတ်ဘဲ ကိုယ်တာဝန်ယူရတဲ့ဒေသကို ဖွံ့ဖြိုးတိုးတက်ပြီးတော့ စိတ်ပိုင်းရော၊
ရုပ်ပိုင်းပါ ပြောင်းလဲလာတဲ့ ဒေသလိုမျိုး လုပ်ဆောင်ပေးချင်တာ ရှိတယ်။ စိတ်ကူးထဲမှာပါ။ အဲဒီလိုဖြစ်ဖို့
ဆိုတာကတော့ အများကြီးလိုပါသေးတယ်။ ကိုယ်ကြိုးစားရင်တောင် လက်ခံပေးမယ့်သူတွေ၊ လုပ်နိုင်ဖို့
ခွင့်ပြုမယ့် ဥပဒေတွေ လိုအပ်ပါသေးတယ်"လို့ ရှင်းသန့်က ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်