'အေးချမ်းသာယာ ပြည်မြန်မာ' ဓာတ်ပုံပြိုင်ပွဲ ဆုရှစ်ဆုချီးမြှင့်ခဲ့

(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန် ကြီးဌာန၊ ပြန်ကြား
ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပတဲ့'အေးချမ်းသာယာ ပြည်မြန်မာ' ရောင်စုံ
ဓာတ်ပုံပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့က ကုန်သည်ကြီးများ ဟိုတယ်
မှာကျင်းပခဲ့ပြီး အကောင်းဆုံး ဖန်တီးရှင်ရှစ်ဦးအတွက် ဆုရှစ်ဆု ချီးမြှင့်ခဲ့ပါတယ်။

ပြိုင်ပွဲဝင် ၄၃ ဦးရဲ့ ဓာတ်ပုံပေါင်း ၂၅၅ ပုံထဲမှ အကောင်းဆုံး လက်ရာများကို မြန်မာနိုင်ငံ
ဓာတ်ပုံအသင်းမှ ပညာရှင်ငါးဦးနဲ့ ဌာနဆိုင်ရာမှ အဖွဲ့ဝင် လေးဦးတို့က အောက်တိုဘာ ၆
ရက်နေ့မှာ နောက်ဆုံးရွေးချယ်ခဲ့ ကြတာဖြစ်ပြီး ဖောင်တော်ဦးဘုရား၊ ကရ၀ိက်ဖောင်တော်ရဲ့
အလှနဲ့ ပွဲတော်လာပရိသတ်တွေရဲ့အာရုံကို ဘုရားပွဲဆီ စူးစိုက်ထားတဲ့ မြင်ကွင်း ကို ရတောင့်
ရခဲ ရိုက်ကူးထားတဲ့ ဖရန်ကီထွန်းတင်(မန္တလေး)ရဲ့ ဓာတ်ပုံက ပထမဆု ရရှိခဲ့ပါတယ်။

"ဒီနှစ်သီတင်းကျွတ်ပွဲတော်မှာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုထွန်းကားတဲ့ နေရာလေးမှာ
သွားရောက်ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ ဒီခေါင်းစဉ်နဲ့ ကိုက်ညီတယ်ထင်လို့ ပြိုင်ပွဲဝင်ခဲ့
တာ မမျှော်လင့်ဘဲ ဆုရခဲ့တဲ့အတွက် ၀မ်းသာမိပါတယ်" လို့ ဖရန်ကီ ထွန်းတင်(မန္တလေး)က
ပြောပါတယ်။

ဒုတိယဆုကို ရဲနောင်(ဖယ်ခုံ)ရဲ့ ရွှေတိဂုံစေတီတော်ကို နောက်ခံပြုပြီး ကရ၀ိက်ဖောင်တော်နဲ့
ကန်တော်ကြီး ရဲ့ ညချမ်းရှုခင်းကို ရိုက်ကူးထားတဲ့ပုံ က ရရှိခဲ့ပါတယ်။ မြန်မာပြည်ရဲ့
တောင်ဘက်စွန်း ဆလုံကျွန်းမှာ ရှိတဲ့ သဘာဝကျောက်တောင်တွေကို မှီကပ်ပြီး အိမ်ဆောက်
နေထိုင်တဲ့ ဆလုံတိုင်းရင်းသားတွေရဲ့ ရိုးရာကို ရိုက်ကူးထားတဲ့ မင်းမြတ်စည်သူ(Correct
Exposure)ရဲ့ပုံကတော့ တတိယဆုရရှိခဲ့ပါတယ်။

ပထမ၊ ဒုတိယနဲ့ တတိယဆုအပြင် အထူးဆုငါးဆုကိုလည်း ချီးမြင့်ပေးခဲ့ ပါတယ်။    

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်