ဒါရိုက်တာ ၁၄ ဦးရဲ့ ဇာတ်ကားတိုတွေ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကားကို လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသမယ်

'သုညစိတ္တဇ' ဇာတ်ကားထဲမှာ ကြည့်ရှုရမယ့် ဒါရိုက်တာ Moses Marks ရဲ့ 'သုညစိတ္တဇ' ဇာတ်ကားထဲမှာ ကြည့်ရှုရမယ့် ဒါရိုက်တာ Moses Marks ရဲ့

ခေါင်းစဉ်တူ အကြောင်းအရာတစ်ခုအောက်မှာ မတူညီတဲ့ ဒါရိုက်တာတွေက မတူညီတဲ့
စိတ်ကူးတွေနဲ့ ပုံဖော်ထားတဲ့ ဇာတ်ကားတိုတွေကို စုပေါင်းပြီး ဇာတ်ကားရှည်တစ်ကားအဖြစ်
ဖန်တီးထားတာကို Omnibus ရုပ်ရှင်အမျိုးအစားလို့ ခေါ်ပါတယ်။

'သုညစိတ္တဇ' လို့ အမည်ပေးထားတဲ့ Omnibus အမျိုးအစား ရုပ်ရှင်တစ်ကားကို မြန်မာဒါရိုက်တာ
၁၄ ဦးက ဖန်တီးထားပြီး လာမယ့် သီတင်းပတ်ထဲမှာ ကျင်းပမယ့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ
နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသမှာဖြစ်ပါတယ်။

မှတ်တမ်းဒါရိုက်တာ ကောင်းဆင့်နဲ့ လူငယ်ဒါရိုက်တာတွေ စုပေါင်းပြီး 'ငွေကြေးသုံးစွဲမှုမရှိ၊
မီးထိုးမှန်ထိုးမရှိ၊ ကင်မရာလွဲပြီး တခြားထောက်ကူ ပေးမယ့် ပစ္စည်းမရှိရ'ဆိုတဲ့ စည်ကမ်းချက်တွေ
ထုတ်ပြီး ငွေကြေးအကုန်အကျ လုံးဝမရှိတဲ့ စုပေါင်းရုပ်ရှင်တစ်ကားကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ကြတာ
ဖြစ်ပါတယ်။

"၂၀၁၅ ခုနှစ်က ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံမှတ်တမ်းရုပ်ရှင် ဒါရိုက်တာ အရည်အချင်း
မြှင့်တင်ရေး ဆွေးနွေးပွဲတစ်ခုကို ကျွန်တော်တက်ခွင့်ရခဲ့ပြီး အဲဒီမှာ ဒီ Omnibus ရုပ်ရှင်အမျိုးအစားကို
စသိခဲ့ပါတယ်။ အကုန် အကျ နည်းနိုင်သမျှနည်းဖို့ အပါအ၀င် ကိုယ်ပိုင်စည်းကမ်းတွေ ထုတ်ရတဲ့
စုပေါင်းရုပ်ရှင်အကြောင်းကို မြန်မာနိုင်ငံက လူငယ်ဒါရိုက်တာတွေကို ပြန်ဝေငှရင်း ဒီဇာတ်ကား
ရိုက်ကူးဖို့ စဉ်းစားမိကြတာပါ"လို့ သုညစိတ္တဇရုပ်ရှင်ရဲ့ ဦးဆောင်ဒါရိုက်တာ ကောင်းဆင့်က
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဒီရုပ်ရှင်အကြောင်းကို ရှင်းပြပြီးတဲ့နောက် ကိုယ့်စိတ်ကြိုက်ဇာတ်ညွှန်းတွေ ရေးလာကြဖို့ စီစဉ်ခဲ့ကြပြီး
တကယ်တမ်းကိုယ်ပိုင်ဇာတ်လမ်းတွေကို ပြန်ကြည့်ချိန်မှာ အားလုံးကစိတ္တဇဆန်တဲ့
အတွေးတွေပေါ်မှာပဲ အခြေခံထားတာမို့ 'သုညစိတ္တဇ' လို့ အမည်ပေးခဲ့ကြတာ ဖြစ်တယ်လို့လည်း
သူကဆိုပါတယ်။

Omnibus ရုပ်ရှင်နဲ့ ပတ်သတ်ပြီး ရုပ်ရှင်ဇာတ်ကားတစ်ကားကို ဇာတ်ညွှန်းခွဲပြီး ဒါရိုက်တာ
အများကြီးက ၀ိုင်းရိုက်ကူးကြတယ်လို့ လူအများစုက အထင်လွဲတတ်ကြပြီး တကယ်တမ်းက
မတူတဲ့ ဇာတ်လမ်းတွေ၊ မတူတဲ့ ဇာတ်ညွှန်းတွေကို ခေါင်းစဉ်တူအောက်မှာ တစ်ကားပြီးတစ်ကား
ဆက်ပြတာ ဖြစ်တယ်လို့လည်း ဒါရိုက်တာကောင်းဆင့်က ရှင်းပြပါတယ်။

စုစုပေါင်းကြာချိန် ၈၇ မိနစ်ရှိတဲ့ သုညစိတ္တဇ ရုပ်ရှင်မှာ ဒါရိုက်တာမိုးသစ်ဆက်ထွန်းက
လေးမိနစ်ဝန်းကျင်ကြာ ကိုယ်ပိုင်ဇာတ်လမ်းနဲ့ ပါဝင်ထားပြီး သူကိုယ်တိုင်ရေးစပ်ထားတဲ့
ကဗျာတစ်ပုဒ်ကို ကိုယ်တိုင်သရုပ်ဆောင်ပြီး ပုံဖော်ထားပါတယ်။

သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားတိုက ကိုယ့်ကိုယ်ကိုယ်အလွန်ချစ်တဲ့ ကဗျာဆရာ တစ်ယောက်အကြောင်း
ဖြစ်ပြီး အရာအားလုံးထက် ကိုယ့်ကိုယ်ကိုယ် ပိုခင်တွယ်ပေမဲ့ လက်တွေ့လောကမှာတော့
ကိုယ်ခင်တွယ်တဲ့ ကိုယ်တိုင်ကလည်း ရှိမနေဘူးဆိုတဲ့ စိတ္တဇဆန်ဆန် အတွေးတွေကို ပုံဖော်ထားတာ
ဖြစ်ပါတယ်။

"ရိုက်ကူးရေးအတွက် ကုန်ကျစရိတ်က နည်းနိုင်သမျှ နည်းရမယ်ဆိုတော့ သူငယ်ချင်းဒါရိုက်တာတွေ
အချင်းချင်းပဲ အကူအညီပေးကြရင်း ရိုက်ကြတာပါ။ ကိုယ်ရေးတဲ့ကဗျာကို ပြန်ရိုက်ကူးတာ
ဖြစ်တဲ့အတွက် ကျွန်တော်ကိုယ်တိုင်ပဲ သရုပ်ဆောင်ခဲ့ပါတယ်"လို့ ဒါရိုက်တာမိုးသစ်ဆက်ထွန်းက
ပြောပါတယ်။

"Home Alone" နာမည်နဲ့ ငါးမိနစ်ကြာ ဇာတ်ကားတို တစ်ခုလည်း သုညစိတ္တဇရုပ်ရှင်မှာ
ပါဝင်မှာဖြစ်ပြီး မိသားစုဝင်တွေ မရှိတဲ့အချိန် အိမ်မှာ တစ်ယောက်တည်းကျန်ရစ်ခဲ့တဲ့ မိန်းကလေး
တစ်ယောက်ရဲ့ ချောက်ချားမှုနဲ့ အတွေးတွေအကြောင်းကို အမျိုးသမီးဒါရိုက်တာ နေခြည်မြတ်နိုးဝင့်က
ရိုက်ကူးထားပါတယ်။

သူ့ဇာတ်ကားထဲမှာ သူငယ်ချင်းမိန်းကလေးတစ်ယောက်က ပါဝင်ကူညီ သရုပ်ဆောင်ထားပြီး
ရိုက်ကူးချိန် နှစ်ရက်၊ တည်းဖြတ်ချိန် လေးရက်အကြာမှာတော့ ဒါရိုက်တာနေခြည်မြတ်နိုးဝင့်ရဲ့
"Home Alone" က ရုပ်ရှင်ကားကြီးရဲ့ တစ်ကားစာနေရာမှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

"ဇာတ်ကားတစ်ကားချင်းစီက စိတ်ဝင်စားစရာကောင်းတဲ့ စိတ္တဇအတွေးတွေအပေါ် အခြေခံထားတာပါ။
ဒီဇာတ်ကားတွေကို ကြည့်လိုက်တာနဲ့ ဒါရိုက်တာတွေရဲ့ စိတ်အတွင်းပိုင်းကအတွေးတွေ၊
လူတစ်ယောက်ချင်းစီမှာ ရှိတဲ့ အတွေးတွေကို သတိထားမိမှာ သေချာပါတယ်"လို့
ဒါရိုက်တာ နေခြည်မြတ်နိုးဝင့်က ပြောပါတယ်။

(၅)ကြိမ်မြောက် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို နှစ်စဉ်ကျင်းပနေကျ
ရက်တွေအတိုင်း ဇွန် ၁၄ ရက်က ၁၉ ရက်အထိ ကျင်းပမှာဖြစ်ပြီး ပွဲတော်ကာလအတွင်း ရန်ကုန်မြို့က
ဝဇီရာရုပ်ရှင်ရုံနဲ့ ဂျန်းရှင်းစီးတီးမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ဇာတ်ကားပေါင်းများစွာကို ၀င်ကြေး အခမဲ့နဲ့
ပြသမှာဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်